Top News

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင် ပင်လယ်ပြင်အတွင်း ကွင်းဆင်းမှတ်တမ်းယူခဲ့သည့် ဥပဒေမဲ့ ငါးခိုးဖမ်းနေသည့်လှေ ၁၀ စင်းကိစ္စကို မြိတ်မြို့တွင် တွေ့ဆုံဆွေးနွေး
24htopnews | September 26, 2024 2:12 PM CST

မြိတ်ကျွန်းစု ပင်လယ်ပြင်အတွင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင် ကွင်းဆင်းမှတ်တမ်းယူခဲ့သည့် ဥပဒေမဲ့ ငါးခိုးဖမ်းနေသည့်လှေ ၁၀ စင်းကိစ္စကို မြိတ်မြို့တွင် တာဝန်ရှိသူများက ဇန်နဝါရီ ၁၄ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အရေးယူနိုင်မှုအနေအထား မရှိသေးသည့်အဖြေကိုသာ ရရှိခဲ့ကြောင်းသိရသည်။

မြိတ်ကျွန်းစုအတွင်း ကမ်းဝေးလှေကြီးများမှ ကမ်းနီးသို့ ဝင်ရောက်ငါးခိုးဖမ်းခြင်း၊ လှေအမည်ဖုံးအုပ်ကာ ကန့်သတ်ဧရိယာများအတွင်း ငါးခိုးဖမ်းနေသည့်ကိစ္စကို ကျွန်းစုမြို့နယ် မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက လှေငယ်တစ်စင်းဖြင့် ပင်လယ်ပြင်အတွင်း သွားရောက်ကာ ကိုယ်တိုင်ကိုယ်ကျ မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။ ရရှိလာသည့်အချက်အလက်များနှင့် မှတ်တမ်းပုံများကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထောင်စုအဆင့်အထိ တင်ပြတိုင်တန်းခဲ့သော်လည်း ယနေ့အထိ တိကျသည့်အဖြေများ မရှိခဲ့သလို အဆိုပါဆွေးနွေးပွဲတွင်လည်း အရေးယူနိုင်သည့်အနေအထား မရှိသေးသည့်အဖြေကိုသာ ရရှိခဲ့ကြောင်းသိရသည်။ ဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ငါးလုပ်ငန်း အဖွဲ့အချုပ်မှ တာဝန်ရှိသူများ တက်ရောက်လာခဲ့သော်လည်း ပင်လယ်ပြင်စိုးမိုးရေးကို တာဝန်ယူထားသူများကို ဖိတ်ကြားနိုင်ခြင်း မရှိသောကြောင့် တက်ရောက်လာခြင်းမရှိခဲ့ကြောင်း သိရသည်။

“ပြည်ထောင်စုဝန်ကြီးဌာနနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တင်ပြတဲ့နေရာမှာ ဌာနဆိုင်ရာအနေနဲ့ အရေးယူမယ့် အပိုင်းကို တွေ့ရတာပေါ့။ ဒီပွဲမှာ စစ်ဆေးမှု တာဝန်ပေးအပ်ထားတဲ့ တပ်မတော်ဘက်ကလည်း ပါဝင်လာမယ်လို့ ထင်ထားပါတယ်။ ဒါပေမဲ့ ငါးလုပ်ငန်းဦးစီးဌာနက မဖိတ်ထားဘူးဆိုတာ နောက်မှသိရှိခဲ့ရတယ်။ လက်ရှိကိုးစင်းကို အဖြေထွက်လာရင် အဲဒါကိုမူတည်ပြီး လုပ်စရာရှိတာ ဆက်လုပ်သွားမယ် စောင့်ကြည့်မယ်ပေါ့။ ကော့သောင်းငါးလုပ်ငန်းအဖွဲ့ချုပ်၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ကလည်း ငါးခိုးဖမ်းတဲ့ဖြစ်စဉ်တွေမှာ သူတို့အဖွဲ့အစည်းတွေက ပူးပေါင်းပြီး ပါဝင်သွားမှာဆိုတာကို သိရှိရတဲ့အတွက် ကျွန်တော်တို့အတွက် ဝမ်းသာစရာပါပဲ။ သက်ဆိုင်ရာဌာနအနေနှင့် အရေးယူသွားမယ့်အခြေအနေရှိရင် ကျွန်တော်တို့လည်း နောက်ထပ်တင်ပြသွားပါ့မယ်။ ငါးခိုးဖမ်းတဲ့ အထောက်အထားတွေကလည်း ကျွန်တော်တို့မှာရှိသေးတယ်။ တကယ်လို့ အရေးယူမှုမရှိဘူးဆိုရင် နောက်ထပ် တင်ပြစရာအကြောင်းမရှိတော့ဘူး” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောကြားသည်။

ပင်လယ်ပြင်အတွင်း ကမ်းနီးသို့ ငါးခိုးဖမ်းခြင်းများ၊ လှေအမည်ဖုံးအုပ်ကာ ငါးခိုးဖမ်းခြင်းများနှင့် ထိုင်းနိုင်ငံမှ ငါးခိုးဖမ်းသည့် လှေများမှာ မြန်မာ့ရေပိုင်နက်အတွင်းသို့ နေ့စဉ်ဝင်ရောက် ငါးခိုးဖမ်းနေခြင်းများကို ဒေသခံတံငါသည်များနှင့် စောင့်ကြည့်နေသူများက တင်ပြထားခဲ့သော်လည်း ထိရောက်သည့် အရေးယူဆောင်ရွက်နိုင်မှုများ မရှိခဲ့ကြောင်းသိရသည်။ နှစ်ပေါင်းများစွာ ဥပဒေမဲ့ငါးဖမ်းခြင်းများကြောင့် ပင်လယ်ပြင်အတွင်း သယံဇာတများ ရှားပါးလာကာ ဒေသခံတံငါသည်များအတွက် အသက်မွေးဝမ်းကျောင်းရန်ပင ်မလွယ်ကူတော့ဘဲ နေရပ်ရွှေ့ပြောင်းသွားရမှုများ ရှိလာကြောင်းသိရသည်။

“အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီးတွေကနေ ကျွန်တော်တို့ဝန်ကြီးဌာနကို ဒရွတ်ဆွဲလှေကြီး ၁၀ စင်းက ကမ်းနီးကို ဝင်ရောက်ပြီး ဥပဒေမဲ့ဖမ်းဆီးခဲ့တဲ့အပေါ်မှာ ထိရောက်စွာအရေးယူပေးဖို့ တိုင်ကြားလာခြင်းအပေါ်မှာ ငါးလုပ်ငန်းဦးစီးဌာနရုံးချုပ်မှ ကျွန်တော်ဦးဆောင်ပြီး မြိတ်ခရိုင်၊ ကော့သောင်းခရိုင်မှူးတို့ ပါဝင်တဲ့အဖွဲ့က စုံစမ်းဖော်ထုတ်ဖို့ တာဝန်ပေးတဲ့အပေါ်မှာ ဒီနေ့အထိ ကျွန်တော်တို့ ဆောင်ရွက်ထားရှိမှုကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ လုပ်ငန်းရှင်တွေ၊ ငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတွေကို ခေါ်ယူပြီး ဆွေးနွေးတဲ့ အစည်းအဝေးဖြစ်ပါတယ်။ တွေ့ရှိခဲ့တာက ၁၁ လပိုင်း ၃ ရက်နေ့ရယ်၊ ၄ ရက်နေ့ရယ်၊ ၉ ရက်နေ့ရယ်။ အဲဒီနေ့တွေက တွေ့ရှိခဲ့တဲ့ဓာတ်ပုံတွေနဲ့ တင်ပြခဲ့တယ်။ တရွတ်ဆွဲလှေတွေထဲမှာ ဘိတ်အခြေပြုက အစင်း ၆၀၀ ကျော်ရှိတယ်။ ကော့သောင်း အခြေပြုက ၃၆ စင်းရှိတယ်။ တင်ပြထားတဲ့နေရာတွေက ကမ်းနီးဧရိယာထဲမှာ ရောက်နေတာကတော့ ထင်ရှားတယ်။ ဒါဘာမှပြော စရာမရှိဘူး။ ၁၀ မိုင်အတွင်းမှာ ရောက်နေတယ်။ ဒုတိယအချက်က မည်သည့်အကြောင်းပြချက်မှ နာမည်တွေ၊ လှေနံပြားတွေကို မဖုံးအုပ်ထားဖို့ ညွှန်ကြားထားပြီးသားဖြစ်တဲ့အတွက် ဒါကလည်း တရားမဝင်ဆိုတာ ပေါ်ပေါက်တယ်။ တစ်စင်းချင်းကို ကျွန်တော်ပြန်စစ်မယ်။ ပင်လယ်ပြင်မှာ ရောက်နေမယ်ဆိုရင်လည်း ရုံးချုပ်ကိုတင်ပြပြီးပြန်ခေါ်မယ်။ သက်ဆိုင်ရာကိုလည်း ညှိမယ်အဖွဲ့ချုပ်ကိုလည်း အကူအညီတောင်းမယ်။ ကျွန်တော်တို့ ဖော်ထုတ်ရရှိတဲ့လှေတွေ ဟုတ်မဟုတ်သိ အောင်လုပ်မယ်။ ပိုင်ရှင်တွေကိုလည်း ဝန်ခံခိုင်းမယ်။ ကျွန်တော်တို့ဘက်က ပိုင်ရှင်တွေကို ဝန်ခံခိုင်းပြီးမှ ပြီးပြည့်စုံတဲ့အမှုကို အရေးယူဆောင်ရွက်လို့ရတဲ့အနေအထားပါ” ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးဌာနမှူး ဦးမြင့်ရွှေက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် တင်ပြခဲ့သည့် လှေ ၁၀ စင်းထဲမှ သံသယရှိဖွယ် လှေကိုးစင်းကိုသာ ဆွေးနွေးခဲ့ကြပြီး အရေးယူနိုင်မှုအပိုင်းမှာ မရေမရာဖြစ်နေခဲ့ကြောင်း အဆိုပါဆွေးနွေးပွဲမှ သိရသည်။

“ဒီအစီအစဉ်မှာ ကျွန်တော့်အမြင်ကတော့ ရာဇတိုင်မှာ ဆေးအဖြူသုတ်ထားတဲ့ လှေ ၇၇ စင်းနဲ့ ဆေးအနီသုတ်ထားတဲ့ လှေ၂၂ စင်းကို သံသယရှိ လှေစာရင်းမှာ တိုက်ဆိုင်စစ်ဆေးတာတွေ့ရတယ်။ အဲဒီတိုက်ဆိုင်စစ်ဆေးရာမှာ ၇၇ စင်းဖြစ်တဲ့ အဖြူရောင်သုတ်ထားတဲ့ လှေထဲက လေးစင်းကို သံသယအပြည့်ရှိတယ်လို့ တင်ပြထားတာရှိတယ်။ ၂၂ စင်းဖြစ် တဲ့အနီရောင်သုတ်ထားတဲ့လှေထဲက ငါးစင်းကို သံသယအပြည့်ရှိတယ်လို့ တင်ပြထားတာရှိတယ်။ အဲဒီလိုတွေ့ရှိချက်တွေကို ဆက်လက်ဆောင်ရွက်မယ်လို့ ပြောပေမဲ့လည်း ဆွေးနွေးနေကြတဲ့အခြေအနေက သံသယရှိတယ်ဆိုတဲ့အနေထားနဲ့ပဲ အဆုံးသတ်သွားမယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆက်လက်ပြီး ဖော်ထုတ်လို့မရဘူးဆိုတဲ့ပုံစံမျိုး ပြောနေတာကြားရပါတယ်” ဟု ငါတို့အနာဂတ်ရှေ့ဆောင် OFI မှ အမှုဆောင်ဒါရိုက်တာ ဦးတင်ကိုကိုဦးက ပြောကြားခဲ့သည်။

 


READ NEXT
Cancel OK