Top News

အထက်ချင်းတွင်းဒေသနှင့် အိန္ဒိယနိုင်ငံအား ဆက်သွယ်သွားလာနိုင်သည့် ချင်းတွင်းမြစ်ကူးတံတား(ဟုမ္မလင်း) စတင်ဖွင့်လှစ်
24htopnews | September 26, 2024 2:12 PM CST

အထက်ချင်းတွင်းဒေသနှင့် အိန္ဒိယနိုင်ငံအား လွယ်ကူစွာဆက်သွယ်သွားလာနိုင်မည့် ချင်းတွင်းမြစ်ကူးတံတား(ဟုမ္မလင်း)ကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၄ ရက် နံနက် ၁၁ နာရီခန့် တွင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းလျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ စစ်ကိုင်းတိုင်း ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ဟုမ္မလင်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ချင်းတွင်းမြစ်ကူးတံတား ( ဟုမ္မလင်း)တည်ဆောက်ပြီး အသုံးပြု သွားလာနိုင်ခြင်းကြောင့် အထက်ချင်းတွင်းဒေသရှိ တိုင်းရင်းသားပြည်သူများအား လွန်စွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၏ ပြောကြားချက်အရ သိရသည်။

“စစ်ကိုင်းတိုင်းဒေသကြီးဟာ ဧရိယာကျယ်ဝန်းပြီး အထူးသဖြင့် အထက်ချင်းတွင်းဒေသဟာ ခေတ်အဆက်ဆက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ခေတ်နောက်ကျကျန်ပြီး ခန္တီးဒေသဟာလည်း ဖွံ့ဖြိုးမှုနည်းပါးခဲ့ပါတယ်။ ဒေသတွင်းနေထိုင်တဲ့ တိုင်းရင်းသားတွေရဲ့ လူမှုဘဝလည်း မြင့်သင့်သလောက်မမြင့်ဘဲ နိမ့်ကျနေဆဲပဲဖြစ်ပါတယ်။ ဒါကြောင့် ဒေသဖွံ့ဖြိုးတိုးတက်လာဖို့ အခြေခံလိုအပ်ချက်တစ်ခုဖြစ်တဲ့ လမ်းပန်းဆက်သွယ်မှုတွေ ကောင်းမွန်လာအောင် ဦးစားပေး ဆောင်ရွက်ပေးခဲ့ပါတယ်။ သဘာဝအတားအဆီးတွေကို ကျော်လွှားနိုင်အောင် လိုအပ်တဲ့နေရာမှာ တံတားတွေ တည်ဆောက်ပေးခဲ့ခြင်း၊ လမ်းတွေလည်း ရာသီမရွေး သွားလာနိုင်အောင် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လမ်းပန်းဆက်သွယ်ရေးအနေနဲ့ ချင်းတွင်းမြစ်ကြောင်းနဲ့သာမက ကုန်းလမ်းခရီးနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းအထိ လွယ်လင့်တကူ သွားလာနိုင်စေဖို့ လမ်းကွန်ရက်တွေ ဖောက်လုပ်ပေးခဲ့ပါတယ်။ ဒီတံတားကို ဖွင့်လှစ်နိုင်တဲ့အတွက် ဟုမ္မလင်းကတစ်ဆင့် အိန္ဒိယနယ်စပ်အထိပါ တစ်ဆက်တည်း သွားလာနိုင်တော့မှာဖြစ်လို့ စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးဒေသနေ တိုင်းရင်းသားပြည်သူတွေအတွက် အလွန်အကျိုးဖြစ်ထွန်းစေမှာပဲဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

ချင်းတွင်းမြစ်ကူးတံတား(ဟုမ္မလင်) ကို အသုံးပြုပြီး အထက်ချင်းတွင်းဒေသမြို့နယ်များသည် အိန္ဒိယနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုပြုလုပ်လာနိုင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကလည်း ပြောကြားသည်။

“ဒီနေ့ချင်းတွင်းမြစ်ကူး (ဟုမ္မလင်း) တံတားတည်ဆောက်ပြီး ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် အထက်ချင်းတွင်းဒေသမြို့နယ်တွေဖြစ်တဲ့ ဟုမ္မလင်း၊ ဖောင်းပြင်၊ ခန္တီး၊ မော်လိုက်မြို့နယ်များရှိ ပြည်သူအားလုံးဟာလည်း တမူးမြို့နယ်မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့လည်းကောင်း၊ ကလေး၊ ကလေးဝမြို့နယ်မှ ချင်းတွင်းမြစ်ကိုဖြတ်သန်းပြီး ရာသီမရွေး၊ အချိန်အခါမရွေး ဖြတ်သန်းသွားလာနိုင်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ကုန်သွယ်မှုလုပ်ငန်းတွေ တိုးတက်လာကာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုလာတော့မှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ဟာ ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသထွက်ကုန်တွေကို အားကိုးနေရပါတယ်။ ဒီတံတားကြီး ပြီးသွားတဲ့အတွက် ဒီက ထွက်ကုန်တွေကို အများကြီးတင်ပို့နိုင်တော့မှာဖြစ်ပါတယ်။ အလားတူပဲ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူများအနေနဲ့ ချင်းတွင်းတံတား(ဟုမ္မလင်း)ကို ဖြတ်သန်းပြီး ကသာ-အောင်ဇေယျ-တမူးလမ်း ကတစ်ဆင့် အိန္ဒိယနိုင်ငံ မိုရေးအထိ ရာသီမရွေးသွားလာနိုင်ကာ ဒေသထွက်ကုန်ပစ္စည်းများကို အိန္ဒိယသို့ တင်ပို့ရောင်းချခြင်းဖြင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လာနိုင်တဲ့ လမ်းကြောင်းတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ဟုမ္မလင်းမှနေ၍ ကသာ-အောင်ဇေယျ-တမူး-ကလေး-ကလေးဝများကို ဖြတ်သန်းပြီး ရေဦး-ကလေးဝလမ်း၊ မုံရွာ-ယာကြီး-ကလေးဝလမ်း၊ မုံရွာ-ပုလဲ-ဂန့်ဂေါ- ကလေးလမ်းကြောင်းများကို အသုံးပြုပြီး စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရှိ တန့်ဆည်၊ ရေဦး၊ ရွှေဘို၊ မုံရွာ၊ စစ်ကိုင်း စတဲ့မြို့ကြီးများကနေတစ်ဆင့် မြန်မာပြည် အရပ်ရပ်ကို အချိန်မရွေး၊ ရာသီမရွေး ကူးလူးသွားလာနိုင်တော့မှာ ဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

မဖေငြိမ်း

 


READ NEXT
Cancel OK