ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထပ်မံဖြစ်ပွားမှုများကြောင့် မတ် ၇ တွင် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀၀,၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်သည်။
ကမ္ဘာအနှံ့ နိုင်ငံနှင့် နယ်မြေ ၉၂ နေရာသို့ ပျံ့နှံ့ရောက်ရှိခဲ့သော ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၅၀၀ နီးပါး ရှိလာခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှုများ ထပ်မံတွေ့ရှိသည့် နိုင်ငံများ မြင့်တက်လာသဖြင့် ကူးစက်မှုသည် အလွန်အမင်း စိုးရိမ်ဖွယ်ရာဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့သည်။
မတ် ၄ ကတည်းက ဆန်ဖရန်စစ္စကို ကမ်းလွန်တွင် သောင်တင်နေသော အပျော်စီးသင်္ဘော Grand Princess ပေါ်မှ ၂၁ ဦးတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အမေရိကန်သည် ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရန် ရုန်းကန်နေရသည်။
Grand Princess သင်္ဘောအား ယခုသီတင်းပတ်ကုန်၌ ကူးသန်းရောင်းဝယ်ရေးအတွက် မဟုတ်သည့် သင်္ဘောကျင်းတစ်နေရာတွင် ဆိုက်ကပ်စေမည်ဖြစ်ပြီး သင်္ဘောပေါ်လိုက်ပါသူ ခရီးသည်နှင့်အမှုထမ်း ၃၅၃၃ ဦးအား စစ်ဆေးမည်ဖြစ်ကြောင်း အမေရိကန် ဒုတိယသမ္မတ မိုက်ပင့်စ်က ပြောကြားခဲ့သည်။
Grand Princess သင်္ဘောကို ပိုင်ဆိုင်သည့် Princess Cruises ကုမ္ပဏီမှ သင်္ဘောသည် ယခင်လက ဂျပန်ကမ်းလွန်တွင် သောင်တင်ခဲ့ပြီး ထိုသင်္ဘောပေါ်မှ လူ ၇၀၀ ကျော်သည် ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
တရုတ်အလယ်ပိုင်း ဝူဟန်တွင် ဒီဇင်ဘာက စတင်တွေ့ရှိခဲ့သော ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတစ်ဝန်းတွင် ၃,၀၀၀ ကျော် သေဆုံးထားပြီး ကမ္ဘာ့ဒုတိယ အကြီးဆုံး တရုတ်စီးပွားရေးအား ကမောက်ကမ ဖြစ်စေခဲ့သည်။
တရုတ်ပို့ကုန်သည် ယခုနှစ် ပထမနှစ်လအတွင်း ၁၇.၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု စာရင်းအင်းများက မတ် ၇ တွင် ဖော်ပြခဲ့သည်။ ဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် စက်ရုံများ ပိတ်ထားခြင်း၊ သွင်းကုန်များ ကျဆင်းခြင်းတို့ကြောင့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် တရုတ်ပို့ကုန် ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။ ဒီဇင်ဘာက ပို့ကုန် ၇.၈ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပို့ကုန် ၁၇.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒေါ်လာ ၂၉၂.၄ ဘီလျံသို့ ရောက်ရှိခဲ့သည်ဟု အကောက်ခွန်စာရင်းအင်းများက မတ် ၇ တွင် ဖော်ပြခဲ့သည်။
ကမ္ဘာ့ စမတ်ဖုန်းများ၊ အရုပ်များ၊ အခြားလူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများသည် ပြန်လည်ဖွင့်လှစ် လည်ပတ်နေပြီ ဖြစ်သော်လည်း ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ် ပုံမှန်အတိုင်း အလျင်အမြန် ရောက်ရှိမှုက အဆုံးအဖြတ်ပေးမည်ဟု လေ့လာသူများက ခန့်မှန်းထားသည်။ အနီးဆုံး ဧပြီ မတိုင်မီအထိ ကုန်ထုတ်လုပ်မှု ပုံမှန်သို့ ပြန်လည်ရောက်ရှိဖွယ် မရှိကြောင်း ခန့်မှန်းထားကြသည်။
ဗိုင်းရပ်စ် ကူးစက်မှု မဖြစ်မီအထိ တရုတ်စီးပွားရေးသည် ခံနိုင်ရည်အား ကောင်းနေခဲ့ပြီး အမေရိကန်နှင့် ကုန်သွယ်ရေး စစ်ဖြစ်နေသည့်တိုင် ယမန်နှစ်က ပို့ကုန် ၀.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
အစဉ်အလာအားဖြင့် တရုတ် နှစ်သစ်ကူးကာလတွင် စက်ရုံများ နှစ်ပတ်ခန့် ပိတ်လေ့ရှိပြီး ထိုနောက်ပိုင်းတွင် စက်ရုံများ ပြန်လည်ဖွင့်လှစ်သောကြောင့် သွင်းကုန်များ ပြန်လည်မြင့်တက်လာလေ့ရှိသည်။
ယခုနှစ်တွင် ဗိုင်းရပ်စ်ကူးစက်မှုကြောင့် နှစ်သစ်ကူးကာလကို သီတင်းပတ် တစ်ပတ်ခန့် တိုးခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်မှုနိမ့်သည့် ဒေသများတွင် စက်ရုံများ ပြန်ဖွင့်ရန် ဒေသန္တရ အာဏာပိုင်များအား တရုတ်ခေါင်းဆောင်များက ညွှန်ကြားထားပြီး စီးပွားရေးထိခိုက်မှုကို သက်သာရာရရန် ကြိုးပမ်းနေသည်။
သို့သော်လည်း နေရာအများအပြားတွင် ခရီးသွားလာမှုကို ကန့်သတ်ထားဆဲ ဖြစ်သောကြောင့် အလုပ်သမားနှင့် ကုန်ကြမ်းရရှိရန် ခက်ခဲနေသည်ဟု ဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥက္ကဋ္ဌတေဒရို အာဒါနန်ဂီဘရီရေဆုက ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေးကို နိုင်ငံအားလုံးက အမြင့်ဆုံးဦးစားပေးထား ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။
အမေရိကန် ဒုသမ္မတ မိုက်ပင့်စ်၊ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့် ဥပဒေပြုအမတ် ဒါဇင်နှင့်ချီတက်ရောက်ခဲ့သော ၀ါရှင်တန်ကွန်ဖရင့်သို့ တက်ရောက်ခဲ့သူ နှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိခဲ့ကြောင်း အစ္စရေးလိုလားသည့် အမေရိကန် လော်ဘီအဖွဲ့တစ်ဖွဲ့က မတ် ၆ တွင် ပြောကြားခဲ့သည်။
ဆလိုဗက်ကီးယာ၊ ဆားဘီးယား၊ ဗာတီကန်၊ ပီရူး၊ ကင်မရွန်း၊ တိုဂိုတို့က ဗိုင်းရပ်စ် ကူးစက်ခံထားရမှုကို ပထမဆုံး စစ်ဆေးတွေ့ရှိခဲ့ကြကြောင်း မတ် ၆ တွင် ကြေညာခဲ့သည်။ နယ်သာလန်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း ကြေညာခဲ့သည်။
တရုတ်ပြင်ပတွင် ကူးစက်မှု အဆိုးဆုံး ဖြစ်ပွားနေသည့် တောင်ကိုရီးယား၌ မတ် ၇ တွင် ကူးစက်ခံရသူ ၇၀၄၁ ဦး ရှိခဲ့သည်။
တရုတ်က ဗိုင်းရပ်စ် ထပ်မံကူးစက်ခံရမှုသည် သီတင်းပတ်များစွာအတွင်း အနိမ့်ဆုံးဖြစ်ခဲ့သောကြောင့် ဟူပေပြည်နယ်တွင် ပိတ်ဆို့ထိန်းချုပ်ထားမှုများကို မကြာမီ ဖယ်ရှားဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
