Top News

ဆီးရီးယားနိုင်ငံ အိုင်ဒလစ်၌ တူရကီ - ရုရှား အပစ်အခတ်ရပ်စဲရေး စတင်သက်ဝင်
24htopnews | September 28, 2024 2:12 PM CST

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခများကိုဖြစ်စေပြီး ၎င်းတို့ စစ်တပ်ချင်း တိုက်ပွဲဖြစ်မည်ကို စိုးရိမ်မှုများ မြင့်တက်စေသည့် ပြင်းထန်သော တိုက်ပွဲကို ရပ်ဆိုင်းရန် ရည်ရွယ်လျက် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် တူရကီနှင့် ရုရှားနိုင်ငံတို့အကြား သဘောတူထားသည့်  အပစ်အခတ်ရပ်စဲရေးတစ်ရပ်သည် မတ် ၆ ရက်၌ စတင်သက်ဝင်ခဲ့ကြောင်း သိရသည်။

ရုရှားက ကျောထောက်နောက်ခံပြုပေးထားသော ဆီးရီးယား အစိုးရတပ်များနှင့် တူရကီတပ်များ တိုက်ပွဲဖြစ်ပွားနေသည့်  ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ အိုင်ဒလစ်ပြည်နယ်တွင် အကြမ်းဖက်မှုများ မြင့်တက်လာခဲ့ပြီးနောက် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တူရကီသမ္မတ ရီဆပ်တေယစ်အာ ဒိုဂန်တို့အကြား သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။

အရပ်သားတစ်သန်းခန့်သည် တိုက်ပွဲများကြောင့် နေအိမ်များကို စွန့်ခွာထွက်ပြေးရပြီး ဒါဇင်နှင့်ချီသော တူရကီစစ်သားများ သေဆုံးခဲ့သည်။

မော်စကိုမြို့၌ ခြောက်နာရီကျော်ကြာအောင် ဆွေးနွေးခဲ့ကြပြီးနောက် ပူတင်နှင့် အာဒိုဂန်တို့သည် မတ် ၆ ရက် ဂရင်းနစ်စံ တော်ချိန် ၂၂၀၀ (ညသန်းခေါင်ယံအချိန်) မှစ၍ အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့ကြသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ယင်းသဘောတူညီချက်သည် ဆီးရီးယားအနောက်မြောက်ပိုင်း၌ အရပ်သားများကို အကာအကွယ်ပေးရေးကို သေချာစေမည့် ချက်ချင်းဖြစ်ပေါ်ကာ ရေရှည်ခံသော အပစ်အခတ်ရပ်စဲရေးဆီသို့ ဦးတည်သွားစေလိမ့်မည်ဟု မျှော်လင့်မိကြောင်း သူ၏ ပြောရေးဆိုခွင့်ရှိသူက မတ် ၅ ရက် ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားထားသည်။

နောက်ဆုံးသတ်မှတ်ချက် သန်းခေါင်ယံမတိုင်မီ မိနစ်အနည်းငယ်အလို၌ ဗုံးကြဲတိုက်ခိုက်မှုများ ရှိခဲ့ကြောင်း အစီရင်ခံခဲ့သည့် ဆီးရီးယားလူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က အပစ်အခတ်ရပ်စဲရေး စတင်သက်ဝင်ပြီးချိန်တွင် ဒေသအတွင်း၌ အထိုက်အလျောက် တည်ငြိမ်မှုရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

ဗြိတိန်အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့က ရုရှားနှင့် ဆီးရီးယားတိို့၏ လေကြောင်းတိုက်ခိုက်မှုများ ရပ်ဆိုင်းခဲ့သော်လည်း အလက်ပိုနှင့် ဟားမားနယ်စပ် အိုင်ဒလစ်ရှိ နေရာဒေသများတွင် ဂျီဟတ်ဝါဒီများ ထိန်းချုပ်ထားသည့် နေရာများ၌ သူပုန်အုပ်စုများ နေရာယူထားရာသို့ ဆီးရီးယားအစိုးရတပ်များက အမြောက်များဖြင့် ပစ်ခတ်မှုများရှိကြောင်း ပြောကြားခဲ့သည်။

တူရကီတပ်များသည် ပထမဆုံးအကြိမ်အဖြစ် သမ္မတဘာရှားအယ်အာဆက်၏ တပ်များကို တိုက်ရိုက်ထိုးစစ်ဆင်နွှဲမှု စတင်ပြုလုပ်ခဲ့သောကြောင့် ဆီးရီးယား၏ ကိုးနှစ်ကြာ ပြည်တွင်းစစ်အတွင်း သူပုန်တို့၏ နောက်ဆုံးခြေကုပ်စခန်းဖြစ်သော အိုင်ဒလစ်ရှိ အနေအထားသည် အလွန်အရေးကြီး၍ လာသည်။

အစောပိုင်းတွင် ပူတင်က သဘောတူညီမှုသည် အိုင်ဒလစ်၌ တိုက်ပွဲများကို အဆုံးသတ်ရန်အတွက် အခြေခံကောင်းတစ်ရပ်အဖြစ် ထမ်းဆောင်လိမ့်မည်ဖြစ်ကြောင်း ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။

သို့သော် အာဒိုဂန်က ဆီးရီးယားအစိုးရ၏ မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို အစွမ်းကုန်လက်တုံ့ပြန်ပိုင်ခွင့်ကို တူရကီက အရန်အဖြစ် ကိုင်စွဲထားဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။                                   

 

 


READ NEXT
Cancel OK