Top News

ဖိလစ်ပိုင်တွင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ ရဲချုပ်တစ်ဦး အပါအဝင် လူခုနစ်ဦး ထိခိုက်ဒဏ်ရာရ
24htopnews | September 28, 2024 2:12 PM CST

ဖိလစ်ပိုင် အမျိုးသား ရဲတပ်ဖွဲ့၏ ရဲချုပ်နှင့် လူခုနစ်ဦး လိုက်ပါလာသော ရဟတ်ယာဉ်တစ်စင်း မတ် ၅ ရက်က ပျံသန်းထွက်ခွာစဉ် လျှပ်စစ်ဓာတ်ကြိုးနှင့် တိုက်မိခဲ့ပြီးနောက် ပျက်ကျသွားခဲ့ရာ လူနှစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များသည် ရဲချုပ် အာချီဖရန်စစ်ကိုဂမ်ဘိုအာနှင့် အခြားသူများအား ပျက်ကျခဲ့သော ရဟတ်ယာဉ်ထဲမှ ဆွဲထုတ်ခဲ့ကြသည်။ ပုခုံးနှင့် ယာဘက်လက်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော ရဲချုပ်ဂမ်ဘိုအာကို လူနာတင်ယာဉ်ဖြင့် မနီလာမြို့ရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ဒဏ်ရာရရှိခဲ့သည့် ရဲတပ်ဖွဲ့ စုံစမ်းထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မာရီရယ်မာဂါဝေးနှင့် ကြီးကြပ်ရေးမှူး ဗိုလ်ချုပ်ဂျို့စ်မာဗစ်တာရာမို့စ်သည် လာဂူနာဆေးရုံတွင် ကုသမှုခံယူနေပြီး ၎င်းတို့နှစ်ဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း၊ ကျန်ထိခိုက်ဒဏ်ရာ ရသူများထဲတွင် ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်နှင့် ရဲတပ်ဖွဲ့၏ လေယာဉ်ဝန်ထမ်းများ ပါဝင်ပြီး အခြေအနေ မစိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့ ဗိုလ်ချုပ် ဘင်နစ်ဂိုဒူရာနာ ဂျူနီယာက သတင်းထောက်များကို ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ အကြီးအကဲများ ပါဝင်သော အဖွဲ့သည် မနီလာမြို့တောင်ပိုင်း လာဂူနာပြည်နယ် ဆန်ပေဒရိုမြို့ရှိ ကျေးရွာတစ်ရွာ၌ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီးနောက် ရဟတ်ယာဉ်ဖြင့် ထိုကျေးရွာရှိ ရဲစခန်းဝင်းထဲမှ ပြန်လည်ထွက်ခွာခဲ့သည်။ ထိုသို့ ပျံသန်းထွက်ခွာလာစဉ် ရဟတ်ယာဉ်သည် မြူခိုးထူထပ်နေသည့် တိမ်တိုက်တစ်ခုအား ဝင်တိုက်ခဲ့ပြီးနောက် လျှပ်စစ်ဓာတ်ကြိုး တစ်ခုနှင့် တိုက်မိခဲ့ကြောင်း၊ ယင်းနောက် ရဟတ်ယာဉ်သည် နေအိမ်များအနီးရှိ လမ်းတစ်လမ်းပေါ်သို့ ပျက်ကျခဲ့ကြောင်း ရဟတ်ယာဉ် ပျက်ကျမှုကို မြင်တွေ့ခဲ့သူ ဂလန်ဒါဂါစီယာက ပြောကြားခဲ့သည်။

“ရဟတ်ယာဉ်ပျက်ကျတဲ့ အချိန်မှာ ထွက်လာတဲ့အသံက အလွန်ကျယ်လောင်ပါတယ်။ ရဟတ်ယာဉ်က စက်ပိုင်းပုံ ရွေ့လျားလာပြီး ကျွန်မတို့ကို ထိမှာစိုးလို့ ကြောက်တဲ့စိတ်နဲ့ အဝေးကို ထွက်ပြေးခဲ့ကြပါတယ်။ ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်ထားတဲ့အတွက် ကျေးရွာကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားပါတယ်” ဟု ဂါစီယာက ဆိုသည်။

ရဟတ်ယာဉ်ပျက်ကျမှုအတွင်း မော်တော်ဆိုင်ကယ်တစ်စီး ပျက်စီးသွားသော်လည်း မြေပြင်တွင်ရှိနေသည့် လူတစ်ဦး တစ်ယောက်မျှ ထိခိုက်ဒဏ်ရာ မရခဲ့ကြောင်း သိရသည်။ ရဟတ်ယာဉ် ပန်ကာဒလက်၏ အစိတ်အပိုင်း တစ်ခုသည် နေအိမ်တစ်အိမ်၏ ခေါင်မိုးကို ထိရိုက်ခဲ့သည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ရုပ်သံသတင်းပြကွက် တစ်ခုတွင် ပျက်ကျထားသော အဖြူရောင် Bell 429 ရဟတ်ယာဉ်တစ်စင်းနှင့် မီးအနည်းငယ် စွဲလောင်နေသော ရဟတ်ယာဉ် အစိတ်အပိုင်းအား မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ် နေကြသည်ကို တွေ့မြင်ရသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုများကြောင့် ယာဉ်ထိန်းရဲအရာရှိများက ထိန်းသိမ်းထားသော မော်တော်ယာဉ်များကို ကြည့်ရှုစစ်ဆေးရန်အတွက် ရဲတပ်ဖွဲ့အကြီးအကဲများ ပါဝင်သော အဖွဲ့က ရဟတ်ယာဉ်ဖြင့် ထိုဒေသသို့ လာရောက်ခြင်းဖြစ်ကာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် ဒေသဆိုင်ရာ ရဲစခန်းတစ်ခုသို့ ရဟတ်ယာဉ်ဖြင့် ပျံသန်းထွက်ခွာစဉ်အတွင်း ပျက်ကျမှုဖြစ်ပွားခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဆိုသည်။

တရားမဝင် မူးယစ်ဆေးမှုများနှင့် ဆက်နွှယ်နေခြင်းကြောင့် ယခင်ရဲချုပ်ဟောင်းမှာ ရာထူးမှ စောစီးစွာ အနားယူခဲ့ပြီးနောက် ဂမ်ဘိုအာသည် ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့၏ ရဲချုပ်ရာထူးကို အောက်တိုဘာလတွင် ယာယီတာဝန်ယူခဲ့သည်။ ပြီးခဲ့သည့်လတွင် သမ္မတဒူတာတေးက ၎င်းအား ရဲချုပ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

 


READ NEXT
Cancel OK