Top News

မန်ယူအသင်းက နည်းပြရာထူးအကြောင်းမေးလာလျှင် "Yes" ဟု အမြဲဖြေမည်ဟု ဆိုးလ်ရှား ဆို
24htopnews | September 29, 2024 1:12 PM CST

 

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်အနေဖြင့် ရာသီအစတွင် ရလဒ်ပိုင်းမတည်ငြိမ်မှုကြောင့် ဖိအားများရင်ဆိုင်နေရစဉ် နည်းပြဟောင်းဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားက မန်ယူအသင်းကသာ နည်းပြရာထူးအကြောင်း မေးလာလျှင် "Yes" ဟု နေ့စဉ်နေ့တိုင်းဖြေလိမ့်မည်ဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း ဗြိတိန်သတင်းဌာနများစွာက ဖော်ပြခဲ့သည်။

"မိသားစု (မန်ယူအသင်း) က မေးလာခဲ့ရင် ရက်သတ္တပတ်ရဲ့ နေ့စဉ်နေ့တိုင်းမှာ Yes လို့ ကျွန်တော်ဖြေဖြစ်မှာပါ။ အခုလောလောဆယ်မှာ တခြားသူတစ်ယောက်ရှိနေတဲ့ အလုပ်အကြောင်းပြောရတာ မှားယွင်းတယ်လို့ ခံစားမိပါတယ်။ ဒါပေမဲ့ Yes လို့ ကျွန် တော်ပြောဖြစ်မှာပါ" ဟု ဆိုးလ်ရှားက အော်စလိုစီးပွားရေးဖိုရမ်၏ အမေးအဖြေကဏ္ဍတွင် ပြောကြားခဲ့သည်။

ဆိုးလ်ရှား (၅၁ နှစ်) သည် မန်ယူအသင်းတွင် ကစားသမားအဖြစ် ၁၉၉၆ မှ အနားမယူ ခင် ၂၀၀၇ ခုနှစ်အထိ ၁၁ ရာသီကြာ ပါဝင် ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၃၆၆ ပွဲကစား၊ ၁၂၆ ဂိုး သွင်းယူပေးခဲ့သလို သမိုင်းဝင် ၁၉၉၉ ချန်ပီယံ လိဂ်ဖလား အောင်မြင်မှုတွင် လူစားဝင်လာပြီးနောက် အနိုင်ဂိုးကို နာကျင်အချိန်ပို၌ သွင်းယူပေးခဲ့သူဖြစ်သည်။ 

၎င်းသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ထုတ်ပယ်ခံရသည့် မော်ရင်ဟို၏နေရာ၌ ယာယီအဖြစ် ကိုင်တွယ်ခွင့်ရပြီး ရလဒ်ကောင်းများ ရယူနိုင်သောကြောင့် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည်။ မန်ယူအသင်းသည် ၎င်းလက်ထက်တွင် ဆုဖလား အောင်မြင်မှုမရသော်လည်း အဆင့် ၃ နှင့် ၂ တစ်ကြိမ်စီ ရပ်တည်နိုင်ခဲ့သလို ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။

ထို့ပြင် ဆိုးလ်ရှားက နော်ဝေလက်ရွေးစင်အသင်းနည်းပြ ဆိုးလ်ဘက်ကန် နုတ်ထွက်သွားလျှင် ယင်းရာထူးအတွက် ဆွေးနွေးလိုကြောင်းလည်း ပြောကြားခဲ့သည်။


READ NEXT
Cancel OK