(၁)
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် အမိန့်ညွှန်ကြားချက်များကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဒီဇင်ဘာ ၂၉ ရက်က ထုတ်ပြန်လိုက်သည်။
အဆိုပါထုတ်ပြန်ချက်တွင် COVID-19 ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ တိုးမြှင့်ရန် လိုအပ်သည့်ကိစ္စရပ်များ မပါ) ကို ဇန်နဝါရီ ၃၁ ရက်အထိ ရက်တိုးမြှင့်သတ်မှတ် ဆောင်ရွက်ထားခြင်းဖြစ်သည်။
ကိုဗစ်၏သက်ရောက်မှုကြောင့် မြန်မာ့စီးပွားရေးကဏ္ဍကို လေ့လာကြည့်ပါက ကုန်ထုတ်လုပ်ငန်းများ ကိုဗစ် Lockdown ကန့်သတ်ချက်ဒဏ်ကြောင့် ဆိုးရွာစွာ ထိခိုက်နေပြီး ဝယ်လိုအားနည်းပါး၍ ထုတ်လုပ်မှုနှင့် အော်ဒါအသစ် ရရှိမှုကျဆင်းနေသည်။
ထို့ပြင် ကိုဗစ်ကပ်ရောဂါကာလအတွင်း ရန်ကုန်မြို့ပြဒေသနှင့် အပူပိုင်းဇုန် ကျေးလက်ဒေသတို့တွင်လည်း ဆင်းရဲနွမ်းပါးမှုနှုန်း ရှစ်ဆခန့် မြင့်မားလာနိုင်သည့် အနေအထားများလည်းရှိနေကြောင်း အစီရင်ခံ စာတစ်စောင်က ဖော်ပြထားသည်။
ကိုဗစ်ကြောင့် ဖြစ်လာနိုင်ခြေရှိသည့် အခြေအနေအချက်အလက်များသည် ဆင်းရဲသောနိုင်ငံများအတွက် ခေါင်းခဲစရာပင်ဖြစ်သည်။
စီးပွားရေးလုပ်ငန်းအများစုမှာ တစ်လခန့်ပိတ်ထားရသော်လည်း အချို့မှာ COVID-19 ပထမလှိုင်းကတည်းက ပိတ်ထားရသည်ကိုတွေ့ရကြောင်း Asia Foundation က ထုတ်ပြန်သည့် မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း (MBEI) ၊ စီးပွားရေး လုပ်ငန်းများအပေါ် COVID-19 ကမ္ဘာ့ကပ်ရောဂါသက်ရောက်မှုကို ဆန်းစစ်ခြင်း ဒုတိယအကြိမ် စစ်တမ်းတွင် ဖော်ပြထားသည်။
စစ်တမ်းအရ တွေ့ဆုံမေးမြန်းခဲ့သော စီးပွားရေးလုပ်ငန်းအားလုံး၏ ကိုးရာခိုင်နှုန်းခန့်က ၂၀၂၀ မေနှင့် စက်တင်ဘာလအတွင်း ဖွင့်လှစ်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ ၎င်းတွေ့ရှိချက်သည် ကမ္ဘာ့ဘဏ်အဖွဲ့က ပြုလုပ်သော စီးပွားရေးလုပ်ငန်းများ စစ်တမ်းကောက်ယူခြင်း တွေ့ရှိချက်နှင့်ဆင်တူသည်။ ၎င်းတွင် ခြောက်ရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်းသော စီးပွားရေး လုပ်ငန်းများသည် ဇူလိုင်နှင့် သြဂုတ်လတွင် ပိတ်ထားရဆဲဖြစ်သည်။ (ကမ္ဘာ့ဘဏ် ၂၀၂၀ ပြည့် နှစ်)။ မတ်နှင့် ဧပြီတွင် COVID-19 ကြောင့် ပိတ်ထားခဲ့ရသော လုပ်ငန်းများသည် မေနှင့် ဇွန်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မေနှင့် စက်တင်ဘာလအတွင်း ဖွင့်လှစ်ခဲ့သော စီးပွားရေးလုပ်ငန်း ရာခိုင်နှုန်း ၄၀ သည် ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အစိုးရ၏ စစ်ဆေးမှုခံယူခဲ့ကြရသည်ဟု ဆိုကြသည်။
“COVID-19 သည် ကမ္ဘာတစ်ဝန်းလုံး ပျံ့နှံ့ဖြစ်ပေါ်လာခဲ့ရာ မြန်မာနိုင်ငံမှာလည်း နိုင်ငံအနှံ့အပြား ကျန်းမာရေး၊ လူမှုရေးနဲ့ နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့ပါတယ်။ ပြည်တွင်း ပြည်ပကုန်စည် စီးဆင်းမှု အဆက်အသွယ်ပြတ်တောက်ခြင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ CMP လုပ်ငန်းများ၊ MSME လုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှု ရှိလာခဲ့ပြီး အခြားအရေးကြီးတဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ စသည်ဖြင့် လုပ်ငန်းတွေ အပေါ်မှာလည်း အနည်းအများအလိုက် ဆန့်ကျင်ဘက် သက်ရောက်မှုတွေ ရှိလာခဲ့ပါတယ်။ ဒါ့အပြင် အချို့စက်ရုံ၊ အလုပ်ရုံတွေ ပိတ်သိမ်းပြီး အလုပ်သမားအရေအတွက် လျှော့ချခြင်းတွေကိုလည်း ကြားသိနေခဲ့ရပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။
(၂)
ဒုတိယအကြိမ် COVID-19 စစ်တမ်းတွင် စီးပွားရေးလုပ်ငန်းများ ပုံမှန်အတိုင်းမလည်ပတ်ရခြင်း အကြောင်းများမှာ ပထမအကြိမ်စစ်တမ်းနှင့်ယှဉ်လျှင် အနည်းငယ် အပြောင်းအလဲရှိသည်။ ပထမအကြိမ် စစ်တမ်းကဲ့သို့ပင် COVID-19 ကြောင့် စားသုံးသူများမရှိခြင်းနှင့် စီးပွားရေးလုပ်ငန်းများမှ ၎င်းတို့ကိုယ်တိုင်နှင့် လုပ်သားများ အန္တရာယ်ကင်းရှင်းရေးအတွက် ပိတ်ထားခဲ့ခြင်းသည် ပထမအကြိမ် COVID-19 စစ်တမ်းနှင့် တူညီသောအချိုး (၃၉ ရာခိုင်နှုန်း) မှ ၎င်းတို့၏ လုပ်ငန်းများကို ပိတ်ရန် အာဏာပိုင်များက ညွှန်ကြားခဲ့သည်ဟု သိရသည်။
လုပ်ငန်းလည်ပတ်မှုနှင့်ပတ်သက်သော အခြားအကြောင်းရင်းများကို ပြောဆိုမှု ပိုမိုနည်းပါးလာသည်။ ၎င်းတို့တွင် ငွေကြေးစီးဆင်းမှုပြဿနာများ၊ ကုန်စည်ပြတ်လပ်ခြင်း၊ အလုပ်သမားများ အလုပ်သို့လာရန် ငြင်းဆန်ခြင်းတို့ ပါဝင်သည်။ အထူးသဖြင့် စက်တင်ဘာမှ အောက်တိုဘာလ စစ်တမ်းတွင် (ဧပြီမှ မေလတွင် ၄၄ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်လျှင်) ၁၂ ရာခိုင်နှုန်းသောလုပ်ငန်းများ ပုံမှန်အတိုင်း မလည်ပတ်နိုင်ခြင်းမှာ ကုန်စည်ပြတ်လပ်မှုကြောင့်ဖြစ်ကြောင်း သိရသည်။
အသွားအလာကန့်သတ်ချက်များနှင့် ပတ်သက်သော ထင်မြင်ယူဆချက်များမှာ ကမ္ဘာ့ဘဏ်၏ ဒုတိယအကြိမ်စစ်တမ်းနှင့် ဆင်တူသည်။ ၈၂ ရာခိုင်နှုန်းသော စီးပွားရေးလုပ်ငန်းများက မြို့နယ်တစ်ခုနှင့် တစ်ခုကြား အသွားအလာ ကန့်သတ်မှု ကိုးရာခိုင်နှုန်းက နိုင်ငံတကာအသွားအလာကန့်သတ်မှုတို့သည် အဓိက အခက်အခဲဖြစ်စေသည်ဟု သိရသည်။ စီးပွားရေး လုပ်ငန်းများသည် မတူညီသော ပြည်နယ်နှင့် တိုင်းဒေသကြီးများ အတွင်းရှိ မြို့နယ်များကို ကန့်သတ်ခြင်းထက် တူညီသော ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့နယ်များအား ကန့်သတ်ခြင်းအပေါ် ပို၍ စိုးရိမ်ပူပန်မှုရှိကြကြောင်း၊ လုပ်ငန်း ၅၄ ရာခိုင်နှုန်း (ဧပြီနှင့် မေတွင် ၆၈ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင်) သာ ၎င်းတို့မြို့နယ်အတွင်း အသွားအလာ ကန့်သတ်မှုများကို စိုးရိမ်ပူပန်မှုရှိသည်။
COVID-19 ကြောင့် စီး ပွားရေးလုပ်ငန်း အနည်းငယ်သာ ထုတ်ကုန်အသစ်၊ ဝန်ဆောင်မှုအသစ်ကို စတင်လုပ်ဆောင်နိုင်ခြင်း (သို့မဟုတ်) ၎င်းတို့၏အဓိက စျေးကွက်ပြောင်းလဲနိုင်ခဲ့ကြောင်း၊ ငါးရာခိုင်နှုန်းသော စီးပွားရေးလုပ်ငန်းများ (ယခုစီးပွားရေးလုပ်ငန်းအားလုံး၏ ၁၇ ရာခိုင်နှုန်း) သည် Online Platform ကို စတင်အသုံးပြုနေပြီး ရှစ်ရာခိုင်နှုန်း (ယခု စုစုပေါင်း ၅၁ ရာခိုင်နှုန်း) သည် ငွေ ပေးချေမှုများကို မိုဘိုင်းဖုန်းဖြင့် လက်ခံနေသည်။
စီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ငန်းပြန်လည်လည်ပတ်နိုင်မှုနှင့်ပတ်သက်၍ ထင်မြင်ယူဆချက်သည် COVID-19 ပထမအကြိမ်စစ်တမ်းလောက် အားရစရာမရှိကြောင်း၊ ဧပြီနှင့် မေလအတွင်း ၆၈ ရာခိုင်နှုန်းသော လုပ်ငန်းပိုင်ရှင်များသည် လုပ်ငန်းလည်ပတ်မှုကို နှစ်လအတွင်း ပြန်လည်စတင်နိုင်လိမ့်မည်ဟု ယူဆခဲ့ကြသော်လည်း စက်တင်ဘာလတွင်မူ လုပ်ငန်း ၃၂ ရာခိုင်နှုန်းကသာ ယုံကြည်ကြကြောင်း၊ ဒုတိယအကြိမ် စစ်တမ်းတွင် ရာခိုင်နှုန်း ၄၀ သော စီးပွားရေးလုပ်ငန်းများက လုပ်ငန်းပြန်စတင်ရန်သုံးလမှ ခြောက်လအထိ ကြာနိုင်သည်ဟု ပြောကြပြီး ၂၉ ရာခိုင်နှုန်းက ပုံမှန်အတိုင်းလည်ပတ်နိုင်ရန် ခြောက်လထက် ပိုကြာနိုင်သည်ဟုယူဆကြကြောင်း Asia Foundation က ထုတ်ပြန်သည့် စစ်တမ်းတွင် ဖော်ပြထားသည်။
(၃)
စီးပွားရေးလုပ်ငန်းများအနေဖြင့် ကာလကြာရှည်လာသော အကျပ်အတည်းနှင့် ဒုတိယလှိုင်း၏ အတည်ပြုလူနာများသည် ပထမအကြိမ်ထက် ပိုမိုများပြားလာမှုကြောင့် ပထမအကြိမ်ထက် ရုန်းကန်လှုပ်ရှားမှု ဆက်လက်ပြုလုပ်ရမည်ဟု မျှော်လင့်ရသည်။
စီးပွားရေးလုပ်ငန်းများ၏ ရောင်းအားကိုကြည့်လျှင် စီးပွားရေးလုပ်ငန်းများ အခြေအနေသည် အနည်းအကျဉ်းယိုယွင်းသွားသည်။ ဧပြီ၊ မေတွင် ၂၂ ရာခိုင်နှုန်း ကျဆင်းခဲ့ရာမှာ လက်ရှိတွင် ၃၁ ရာခိုင်နှုန်းအထိ ကျဆင်းရပ်ဆိုင်းသွားခဲ့ရသည်။
ဟိုတယ် အခန်းငှားဝန်ဆောင်မှုနှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများ၊ အထည်အလိပ်လုပ်ငန်းများ၊ အဝတ်အစားနှင့် သားရေထည်ပစ္စည်းလုပ်ငန်းများမှာ အခက်အခဲအကျပ်အတည်းဆုံး အနေအထားဖြစ်နေပြီး ရောင်းအားမှာ ၆၄ ရာခိုင်နှုန်း၊ ၅၉ ရာခိုင်နှုန်း၊ ၅၄ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ပြီး လက်ရှိတွင် လုံးဝမရောင်းရကြောင်း သိရသည်။
အခြားတစ်ဖက်တွင် စားသောက်ကုန်နှင့် အဖျော်ယမကာ လုပ်ငန်းများ၏ ကိုးရာခိုင်နှုန်းကသာ မရောင်းရကြောင်း၊ ထို့ပြင် စားသောက်ကုန်နှင့် အဖျော်ယမကာ ထုတ်ကုန်လုပ်ငန်းများ၏ ၆၅ ရာခိုင်နှုန်းက အနည်းဆုံးရောင်းအား၏ထက်ဝက်ကို ထိန်းထားနိုင်သေးကြောင်း၊ လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ငန်းများမှာ ဧပြီ၊ မေနှင့် နှိုင်းယှဉ်ပါက လုံးဝရပ်တန့်နေသည်။ သို့သော်လည်း စစ်တမ်းကာလ နှစ်ခုအတွင်း အခြားသော စီးပွားရေးလုပ်ငန်းများတွင်မူ သိသာသော စာရင်းအင်းဆိုင်ရာ ခြားနားမှုမတွေ့ရပေ။
ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးရှိ စီးပွားရေးလုပ်ငန်း ထက်ဝက်ကျော်က အရောင်းရပ်တန့်နေကြောင်း၊ COVID-19 ပထမအကြိမ်စစ်တမ်းတွင် မန္တလေးတိုင်းဒေသကြီးရှိ မြို့ပေါ် စီးပွားရေးလုပ်ငန်းများက ယင်းကဲ့သို့ ရောင်းအားကျဆင်းခြင်း အခြေအနေမှာ အခက်အခဲ အကျပ်တည်းဆုံး အနေအထား ဖြစ်ကြောင်း ဖြေဆိုခဲ့ကြသည်ဟု သိရသည်။ ယခုအကြိမ်တွင် ပထဝီဧရိယာအနေအထားအရ သိသိသာသာ ကွာခြားနေသော်လည်း ရန်ကုန်တိုင်းမြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းများ၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြေလတ်လွင်ပြင်ဒေသ (ပဲခူးတိုင်းနှင့် ဧရာဝတီမှ အချို့မြို့နယ်များ) တွင်လည်း ရောင်းအားကျဆင်းခဲ့ကြောင်းနှင့် ထပ်ဆင့်လေ့လာသုံးသပ်မှုများအရ ရောင်းအားကျဆင်းမှုသည် စီးပွားရေးလုပ်ငန်းများ အခြေစိုက်ရာ မြို့နယ်များ၏ COVID-19 ဖြစ်ပွားမှုနှုန်းနှင့် တိုက်ရိုက်ဆက်စပ်မှုရှိနေကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
(၄)
၇၅ ရာခိုင်နှုန်းသော သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရေး လုပ်ငန်းများက ၎င်းတို့အနေဖြင့် အလယ်အလတ် သို့မဟုတ် ကြီးမားသော စိန်ခေါ်မှုရှိနေကြောင်း Asia Foundation က ပြောကြားခဲ့သည်။
အထည်အလိပ်လုပ်ငန်းများ၊ အဝတ်အစားနှင့် သားရေထည် ပစ္စည်းလုပ်ငန်းများက ၅၉ ရာခိုင်နှုန်း၊ ဟိုတယ်တည်းခိုခန်းနေရာ ထိုင်ခင်းနှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများ၏ ၅၄ ရာခိုင်နှုန်းနှင့် စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်းများ၏ ၄၈ ရာခိုင်နှုန်းတို့က အလယ်အလတ် သို့မဟုတ် ကြီးမားသော စိန်ခေါ်မှုရှိနေကြောင်း ဖော်ပြခဲ့သည်။
အခြားတစ်ဖက်တွင် စားသောက်ကုန်နှင့် အဖျော်ယမကာ လုပ်ငန်းများ၏ ၃၄ ရာခိုင်နှုန်းက အလယ်အလတ် သို့မဟုတ် ကြီးမားသော စိန်ခေါ်မှုရှိနေကြောင်း ဖော်ပြခဲ့ပြီး ၃၇ ရာခိုင်နှုန်းကမူ စိန်ခေါ်မှု လုံးဝမရှိကြောင်း ဖြေဆိုကြသည်ဟု သိရသည်။
လက်လီစီးပွားရေးလုပ်ငန်းနှင့် လက်ကားစီးပွားရေးလုပ်ငန်း ရာခိုင်နှုန်း ၃၀ က စိန်ခေါ်မှုမြင့်မားကြောင်းနှင့် အတန်အသင့်စိန်ခေါ်မှုရှိကြောင်း၊ ၃၆ ရာခိုင်နှုန်းက စိန်ခေါ်မှုကို မတွေ့ရကြောင်း သိရသည်။
ငွေသားစီးဆင်းမှုပြဿနာများနှင့် ရင်ဆိုင်ရမည့် စီးပွားရေးလုပ်ငန်းအချိုးမှာ ၆၄ ရာခိုင်နှုန်း ရှိနေသေးသည်။ လာမည့် ငါးလတွင် ဆက်လက်ရှင်သန်ရန် လိုအပ်သော အနိမ့်ဆုံးငွေကြေး စီးဆင်းမှုပမာဏမှာ ခန့်မှန်းခြေအားဖြင့် ကျပ် ၁၇ ဒသမ ၃ သန်း မှ ၂၂ ဒသမ ၃ သန်းအတွင်း ဖြစ်သည်။ အကြောင်းမှာ ပထမအကြိမ် စစ်တမ်းကောက်ယူစဉ်ကပင် စီးပွားရေးလုပ်ငန်းများသည် ရောဂါကပ်ဘေးကို လျင်မြန်စွာ ကျော်လွှားနိုင်မည်ဟု မျှော်လင့်ထားသောကြောင့် ဖြစ်သည်။
(၅)
COVID-19 ကြောင့် ထိခိုက်ဆုံးရှုံးခဲ့သော စီးပွားရေးကဏ္ဍစုံကို လေ့လာသုံးသပ်၍ ပြန်လည်ရှင်သန်နိုးထလာရေးအတွက် အကြံပြု စာတမ်းများကို အစိုးရသစ် ဝန်ကြီးဌာနများသို့ လာမည့်နှစ်ဆန်းတွင် တင်ပြရန် စီစဉ်ထားကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။
“ အသင်းချုပ်အနေနဲ့ အထူးလုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ COVID-19 ရောဂါကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသော စီးပွားရေးကဏ္ဍစုံကို လေ့လာသုံးသပ်၍ ပြန်လည်ရှင်သန်နိုးထလာရေးအတွက် ဆွေးနွေးအဖြေရှာပြီး အကြံပြုစာတမ်းများကို နိုင်ငံတော်၊ အစိုးရသစ်ဝန်ကြီးဌာနများသို့ လာမယ့်နှစ်ဆန်းတွင် တင်ပြရန် စီစဉ်ပါတယ်။ အဆိုပါ လုပ်ငန်းစဉ်မှာ စီးပွားရေးကဏ္ဍစုံမှ မိတ်ဖက်အသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ၀ိုင်းဝန်းကူညီပံ့ပိုးပေးဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဆိုသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမနှစ်သက်တမ်းကာလ၊ COVID-19 ကပ်ရောဂါအခက်အခဲကာလတွင် ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် စီးပွားရေးလုပ်ငန်းရှင်များအတွက် Strategic Action Plan နှင့် Business Agenda ၁၂ ရပ်ကို ချမှတ်နိုင်ခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
“COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းတွင် အများဆုံးထိခိုက်မှုရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကိစ္စ၊ စက်မှုဇုန်နှင့် စက်မှုဇုန်ပြင်ပရှိ စက်ရုံ၊ အလုပ်ရုံများ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေး၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စွာ လုပ်ကိုင်နိုင်ရေး၊ ကုန်စည်စျေးနှုန်းတည်ငြိမ်ရေး၊ QR pass စနစ် တည်ဆောက်လုပ်ကိုင်ပေးခြင်း၊ ပြည်သူ့အတွက် Test Kit နှင့် COVID-19 ကာကွယ်ဆေးများ ဝယ်ယူရေးကိစ္စတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ပုံမှန်တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ဦးဇော်မင်းဝင်းက ပြောကြားသည်။
COVID-19 ကြောင့် ဖြစ်ပေါ်သည့် သက်ရောက်မှုများ ကုစားနိုင်ရန် နိုင်ငံတော်က ကျပ်ဘီလျံ ၃၀၀၀ နီးပါးသုံးစွဲခဲ့ပြီး အခြားလျှော့ပေါ့သက်သာပေးမှုများကိုပါ ထည့်သွင်းတွက်ချက်ပါက ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုးစုစုပေါင်း (GDP) ၏ လေးရာခိုင်နှုန်းခန့် ကျခံသုံးစွဲထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုများကို သက်သာစေရန် ကုစားမှုအစီအစဉ်များအတွက် လမ်းပြမြေပုံအဖြစ် စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (COVID-19 Economic Relief Plan-CERP) ရေးဆွဲထုတ်ပြန်ခဲ့သည်။
COVID-19 ကြောင့်သက် ရောက်မှုများကို CERP နှင့်အညီ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်က ရန်ပုံငွေစိုက်ထုတ်ကျခံသုံးစွဲမှုများတွင် COVID-19 ရောဂါကာကွယ်ရေးအတွက် ကျပ် ၁၂၅၆၁ ဒသမ ၁၂၇ သန်း၊ COVID-19 ရောဂါကုသရေးအတွက် ကျပ် ၃၀၃၀၁၇ ဒသမ ၂၃၆ သန်း၊ အိမ်ထောင်စုများသို့ ထောက်ပံ့ခြင်းနှင့် အမျိုးသားဘေးအန္တရာယ် ရန်ပုံငွေထောက်ပံ့ခြင်းအတွက် ကျပ် ၁၅၀၈၃၇၀ ဒသမ ၀၁၁ သန်း၊ စီး ပွားရေးလုပ်ငန်းများသို့ ချေးငွေ ထုတ်ပေးခြင်းအတွက် ကျပ် ၃၉၉၀၀၀ သန်း၊ CERP လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းအတွက် ကျပ် ၇၂၈၅၁၅ ဒသမ၂၅၄ သန်း၊ ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေးခြင်းအတွက် ကျပ် ၂၀၀ ဒသမ ၅၀၀ သန်းဖြင့် စုစုပေါင်း ကျပ် ၂၉၅၁၆၆၄ ဒသမ ၁၂၈ သန်း ရှိကြောင်း အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး ဆိုသည်။
၂၀၂၂ ခုနှစ်တွင် ပြည်တွင်း စီးပွားရေးလုပ်ငန်းများ၏ အခက်အခဲများ၊ စိန်ခေါ်မှုများ လျော့နည်းလာပြီး လုပ်ငန်းများ ပြန်လည်ရှင်သန်ကာ ဆက်လက်လုပ်ကိုင်လာ နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။
“ ကမ္ဘာ့ကပ်ရောဂါ COVID-19 ဟာလည်း ၂၀၂၁ ခုနှစ်အတွင်းမှာ ကာကွယ်ထိန်းချုပ်တားဆီးနိုင်မယ့် ဆေးတွေ ပေါ်ထွက်လာပြီး ရောဂါဖြစ်ပွားမှုနှုန်း တဖြည်းဖြည်း လျော့ကျသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ၂၀၂၂ ခုနှစ် ပြည်တွင်းစီးပွားရေးလုပ်ငန်းအားလုံး ဟာလည်း အခက်အခဲများ၊ စိန်ခေါ်မှုများ လျော့နည်းလာပြီး လုပ်ငန်းများ ပြန်လည်ရှင်သန်ကာ စဉ်ဆက်မပြတ် ဆက်လက်လုပ်ကိုင်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဆိုသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် COVID-19 ကြောင့် အနုတ်ပြသွားနိုင်သည်အထိ စိန်ခေါ်မှုရှိနေပြီး ထိခိုက်သွားသည့် စီးပွားရေးလုပ်ငန်းများ၊ ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းများကို ပြန်လည်ထူထောင်နိုင်ရေးအတွက် လုံလောက်သည့်ပံ့ပိုးကူညီမှုများ မလုပ်နိုင်ပါက ရေရှည်စီးပွားရေးကျဆင်းမှုဒဏ်ကို ခံရနိုင်ခြေ မြင့်မားစွာရှိနေသည်။
COVID-19 အကျပ်အတည်း ကာလအတွင်း ကုစားမှုမှ ပြန်လည်ထူထောင်နိုင်ရေးအထိ ဆောင်ရွက်ရာတွင် ပုဂ္ဂလိကဏ္ဍစီးပွားရေးမှာ အဓိက အကျဆုံးဖြစ်နေပြီး ပုဂ္ဂလိကလုပ်ငန်းများ ပုံမှန်လည်ပတ်လုပ်ကိုင်နေမှသာ ပြည်သူလူထု၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေများအတွက် အာမခံချက်ရှိမည်ဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေးအသိုက်အဝန်းလည်း ပုံမှန်လည်ပတ်နေမည်ဖြစ်သည်။
မြန်မာ့စီးပွားရေးသည် အစဉ်အဆက် အားနည်းခဲ့သလို COVID-19 ကြောင့် ဘုန်းဘုန်းမလဲရေးအတွက် ပြန်၍ ထောက်ကူရာတွင် အဓိက ကျောရိုးတစ်ခုဖြစ်သည့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို ကုစားနိုင်ရေးကလည်း လက်ရှိအချိန်အထိ စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရဆဲဖြစ်သည်။
“ အခြေအနေက ပိုဆိုးလာတယ်။ တချို့နိုင်ငံတွေမှာ ကိုဗစ်တတိယလှိုင်းဆိုတာ ဖြစ်လာပြီ။ မြန်မာနိုင်ငံမှာက ဒုတိယလှိုင်းမှာတင် တော်တော်ခံနေရပြီ။ ကျန်းမာရေး အရရော၊ စီးပွားရေးအရရော။ ကျန်းမာရေးမှာလည်း ကျန်းမာရေးကဏ္ဍက ဝန်ထမ်းတွေ တော်တော်ဝန်ပိနေပြီ။ စီးပွားရေးမှာလည်း ကျွန်တော်အပါအဝင် အများစုက ဘယ်လောက်တောင့်ခံနိုင်မလဲဆိုတာ စဉ်းစားနေရတယ်။ ကျန်းမာရေးအရ လိုအပ်လာတော့ စက်ရုံ၊ အလုပ်ရုံတွေ ပိတ်ရတယ်။ အဲဒီတော့ စီးပွားရေးအရ နစ်နာမှုရှိလာတယ်။ ဒါပေမဲ့ စီးပွားရေးဆိုင်ရာ ထိခိုက်မှုနည်းအောင်တော့ တခြားနိုင်ငံတွေမှာ လုပ်သလို အစိုးရဘက်က မူဝါဒတွေနဲ့လုပ်ပေးရင် ထိခိုက်မှုက သက်သာနိုင်တယ်” ဟု စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
COVID-19 ထိခိုက်မှုဒဏ်ကို သက်သာစေရန်အပြင် တစ်ဆင့်ရိုက်ခတ်မှုဒဏ်ကို ခံစားလာရသည့် မြန်မာ့စီးပွားရေးကို ပြန်လည်နိုးထလာစေရန် MERRP မူကြမ်း ရေးဆွဲထားပြီး ကာလလတ်လုပ်ငန်းများအနက် အမြန်ဆုံးသိသာနိုင်သည့်လုပ်ငန်းစဉ်များ ရွေးချယ်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“COVID-19 ထိခိုက်မှုဒဏ်ကို သက်သာစေဖို့အတွက် COVID-19 ထိခိုက်မှု သက်သာရေးစီမံချက် (CERP) ကို ရေးဆွဲခဲ့ပြီး အဲဒီစီမံချက်မှာပါတဲ့ ကာလတိုလုပ်ငန်းစဉ်များကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ယခုအချိန်မှာ COVID-19 ထိခိုက်မှုဒဏ်ကို သက်သာစေဖို့အပြင် တစ်ဆင့်ရိုက်ခတ်မှုဒဏ်ကို ခံစားလာရတဲ့ မြန်မာ့စီးပွားရေးကို ပြန်လည်နိုးထလာစေဖို့ ပြည့်စုံကျယ်ပြန်တဲ့ မူဝါဒများ ချမှတ်အကောင်အထည်ဖော်ဖို့ လိုအပ်လာပါတယ်။ အဲဒါကြောင့် မြန်မာ့စီးပွားရေး ထိခိုက်မှုကို တွန်းလှန်လွန်မြောက်နိုင်ရေးနှင့် ပြုပြင်ပြောင်းလဲရေး စီမံချက် (MERRP) မူကြမ်းကို ရေးဆွဲထားပြီးဖြစ်ပါတယ်။ အဲဒီစီမံချက်မှာပါတဲ့ ကာလလတ်လုပ်ငန်းစဉ်များအနက် အမြန်ဆုံး သိသာနိုင်တဲ့ လုပ်ငန်းစဉ်များကို ရွေးချယ်ပြီး အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ MERRP ဟာ စီးပွားရေးကဏ္ဍကို ပိုမိုဇောင်းပေးထားပြီး အဲဒီစီမံချက်မှာပါတဲ့ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ခြင်းအားဖြင့် မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံချက်ပါ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအားကောင်းလာစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများကို လက်ခံစိစစ်ခွင့်ပြုပေးခြင်းထက် ရင်းနှီးမြှုပ်နှံမှုအခွင့်အရေးများဖန်တီးပြီး ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မကြာမီအချိန်အတွင်း ပြည်တွင်းပြည်ပနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံမှုများ အကောင်အထည်ဖော်သည့် အခြေခံအဆောက်အအုံများ ပေါ်လာနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“COVID-19 ကာလအတွင်းနဲ့ COVID-19 ကာလအလွန်များမှာပါ စီးပွားရေးတု့ံပြန်မှုများအပေါ် အခြေခံပြီး ဘဏ္ဍာရေးနဲ့ ငွေကြေးလှုံ့ဆော်မှုများကို ထိရောက်စွာအကောင်အထည် ဖော်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်အသုံးစရိတ်များကိုလည်း ထိရောက်တဲ့ နေရာများမှာ ပိုမိုသုံးစွဲ ပြီး ပုဂ္ဂလိကကဏ္ဍကို ပိုမိုတွန်းအားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
