Top News

D614G ထက် နှစ်ဆနီးပါး ပိုမိုကူးစက်မြန်သော ဗီဇပြောင်း COVID-19 ပိုးအသစ်
24htopnews | September 29, 2024 4:12 PM CST

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ တတိယပတ်အတွင်းက ကူးစက်မှုနှုန်းပိုမြန်သော ဗိုင်းရပ်စ်မျိုးကွဲသစ် တစ်မျိုးကို ဗြိတိန်တွင် စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအများအပြားက ခရီးသွားလာမှု ကန့်သတ်ချက်များ ချမှတ်ပြဋ္ဌာန်းခဲ့ကြသည်။

ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲသစ်တစ်မျိုးကြောင့် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မထိန်းချုပ်နိုင်ဖြစ်နေသည်ဟု ထုတ်ပြန်ခဲ့သောကြောင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြားက ဗြိတိန်မှခရီးသည်များနှင့် လေကြောင်းခရီးစဉ်များကို စတင်ပိတ်ပင်ခဲ့ကြသည်။

ဒီဇင်ဘာ ၂၀ ရက်ညသန်း ခေါင်အချိန်မှစ၍ ၄၈ နာရီကြာ ဗြိတိန်မှခရီးစဉ်အားလုံးကို ပိတ်ထားပြီး ယင်းပိတ်ပင်မှုတွင် ကုန်းလမ်း၊ ရေကြောင်းနှင့် လေကြောင်းတို့မှ ကုန်ပစ္စည်းတင်ပို့မှုနှင့် ဆက်နွှယ်သည့် ခရီးစဉ်အားလုံး ပါဝင်သည်ဟု ပြင်သစ်နိုင်ငံက ထုတ်ပြန်ခဲ့သည်။

ဗိုင်းရပ်စ်မျိုးကွဲသစ်သည် လက်ရှိကိုရိုနာဗိုင်းရပ်စ်ထက် ပိုပြင်းပြီး ဖျားနိုင်ခြေ ပိုဆိုးစေကာ သေဆုံးနိုင်ခြေလည်း ပိုများသည်ဟု အထောက်အထားမတွေ့ရကြောင်း ဗြိတိန်မှ အချက်အလက်များကို ကိုးကားပြီး WHO တာဝန်ရှိသူများက ပြောကြားထားသည်။ သို့သော်လည်း ဗိုင်းရပ်စ်မျိုးကွဲသစ်သည် ပို၍လွယ်ကူစွာ ကူးစက်စွမ်းရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်သည် အင်္ဂလန်တွင် လျင်မြန်စွာ ကူးစက်နေသည်ဟု ယူဆရကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံအများ အပြားက ဗြိတိန်မှ လေကြောင်းခရီးစဉ်များကို ပိတ်ပင်ခဲ့ကြသည်။ ဗြိတိန်မှ ဗိုင်းရပ်စ်မျိုးကွဲသစ်နှင့် မတူသော ဗိုင်းရပ်စ်မျိုးကွဲသစ် တစ်မျိုးကို တောင်အာဖရိကတွင် တွေ့ရှိထားကြောင်း တောင်အာဖရိကက ကြေညာခဲ့ပြီး တင်းကျပ်သော ပိတ်ဆို့မှုများကို ဒီဇင်ဘာ ၂၁ ရက်က ကြေညာခဲ့သည်။

အလားတူ ကူးစက်မှုနှုန်း ပိုမြန်သော ကိုရိုနာဗိုင်းရပ်စ် သန္ဓေပြောင်းမျိုးကွဲသစ် ထွက်ပေါ်လာခဲ့ပြီးနောက် ဂျပန်က ၎င်း၏ နိုင်ငံသားမဟုတ်သူများ ဗြိတိန်မှ ဝင်ရောက်ခြင်းကို ဒီဇင်ဘာ ၂၄ ရက်မှ စတင်၍ ပိတ်ပင်တားမြစ်ခဲ့သည်။

ဗြိတိန်တွင် ထွက်ပေါ်လာသော ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်ပျံ့နှံ့မှုကို မည်သို့ ထိန်းချုပ်ကာကွယ်ကြမည်နှင့် စပ်လျဉ်း၍ ဆွေးနွေးရန် အဖွဲ့ဝင်နိုင်ငံများအား WHO က အစည်းအဝေး ခေါ်ယူခဲ့ပြီး ဗိုင်းရပ်စ်မျိုးကွဲသစ်၏ ကူးစက်ပျံ့နှ့ံမှုကို ဂရုတစိုက် လေ့လာစောင့်ကြည့်နေကြောင်း၊ ရောဂါစမ်းသပ်စစ်ဆေးခြင်း၊ ကူးစက်မှုနှင့် ထိတွေ့မှုအန္တရာယ်များကို လျှော့ချခြင်းတို့အတွက် နည်းဗျူဟာများကို ညှိနှိုင်းဆွေးနွေးရန် အဖွဲ့ဝင်နိုင်ငံများအား အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ပြီးခဲ့သည့် သီတင်းပတ် ကုန်ရက်တွင် WHO ၏ ဥရောပဒေသဆိုင်ရာအဖွဲ့က အဖွဲ့ဝင်နိုင်ငံများအား တင်းကျပ်သော ပိတ်ပင်ကန့်သတ်ချက်များ ချမှတ်ရန် တိုက်တွန်းခဲ့ပြီး အဖွဲ့ဝင် နိုင်ငံများအနေဖြင့် SARS-CoV-2 ဗိုင်းရပ်စ်မျိုးကွဲများ၏ ဆင့်ကဲဖြစ်စဉ်လေ့လာမှုများကို တိုးမြှင့်ဆောင်ရွက်ကြရန်၊ အချက်အလက်များကို ဝေမျှကြရန်၊ အလားတူ ဗိုင်းရပ်စ်သန္ဓေပြောင်း မျိုးကွဲသစ်ဟု သံသယရှိသည့် ဗိုင်းရပ်စ်ပိုးကိုတွေ့ရှိပါက ချက်ချင်း သတင်းပို့ကြရန် တိုက်တွန်းခဲ့သည်။

ဒီဇင်ဘာ ၂၄ ရက်က  ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကို အမျိုးသမီးတစ်ဦး ကူးစက်ခံထားရကြောင်း စင်ကာပူက ထုတ်ပြန်ခဲ့ပြီး အသွားအလာစောင့်ကြည့်မှု ခံယူနေကြသော ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ နောက်ထပ်လူ ၁၁ ဦးကို ကနဦးစစ်ဆေးမှုအရ ထိုလူ ၁၁ ဦးမှာလည်း ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံထားရကြောင်း စင်ကာပူက ထုတ်ပြန်ခဲ့သည်။

ဆက်လက်ပြီး၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၆ ရက်၊ ဒီဇင်ဘာ ၂၈ ရက်နှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်က နိုင်ငံအတွင်း ကူးစက်မြန် ဗိုင်းရပ်စ်မျိုးကွဲ သစ်ကူးစက်ခံထားရသူများရှိကြောင်း ပြင်သစ်၊ ဂျပန်၊ မလေးရှား၊ တရုတ်နိုင်ငံတို့က အသီးသီးထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံတွင် ဗြိတိန်၌ မကြာသေးမီက တွေ့ရှိခဲ့သော ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇသစ် ကူးစက်ခံရသူတစ်ဦးကို ပထမဆုံးတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးတာဝန်ရှိသူများက ဒီဇင်ဘာ ၃၀ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ယင်းဗိုင်းရပ်စ်မျိုးဗီဇသစ်သည် မူရင်းဗိုင်းရပ်စ် မျိုးဗီဇထက် ပိုမိုလျင်မြန်စွာ ကူးစက်နိုင်ဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သောကြောင့် တရုတ်အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်က ဗြိတိန်နိုင်ငံကို ခရီးသွားလာခွင့် ကန့်သတ်ပိတ်ပင်ခဲ့သည်။

အင်္ဂလန်နိုင်ငံတွင် ဖြစ်ပွားနေသော ကူးစက်မြန်ဗီဇပြောင်း COVID-19 ပိုးအသစ်တွေ့ရှိ၍ နိုင်ငံအတွင်း ကူးစက်နေသည့် ဗိုင်းရပ်စ်ပိုး၏ မျိုးရိုးဗီဇတစ်ခုလုံးကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၁ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်ကို VUI-202012/01 ဟု ခေါ်ဝေါ်ထားပြီး အခြား SARS-CoV-2 ဗိုင်းရပ်စ်ပိုးများထက် ပိုမိုကူးစက်ပျံ့နှံ့လွယ်သည်ကို တွေ့ရှိရကြောင်း၊ သို့ရာတွင် ယင်းဗီဇပြောင်း ဗိုင်းရပ်စ်ကြောင့် ရောဂါပြင်းထန်မှုပိုမိုလာသည်ဆိုသော အထောက်အထား မတွေ့ရှိရသေးကြောင်းနှင့် အဆိုပါ SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ ဗီဇပြောင်းလဲမှုအသစ်အား ပညာရှင်ပေါင်းစုံက ပူးပေါင်း၍ စုံစမ်းစစ်ဆေးစမ်းသပ်မှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အင်္ဂလန်နိုင်ငံတွင် ဖြစ်ပွားနေသော ကူးစက်မြန်ဗီဇပြောင်း COVID-19 ပိုးအသစ်သည် SARS-CoV-2 ဗိုင်းရပ်စ်ပိုးများထက် ရာခိုင်နှုန်း ၅၀ မှ ၇၀ အထိ ကူးစက်ပျံ့နှံ့လွယ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆိုသည်။

“ အခု အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းမှာတွေ့ရတဲ့ ဗီဇပြောင်း ပိုးကတော့ သူက နဂို SARS-CoV-2 ထက်စာရင် Spike Protein လို့ခေါ်တဲ့ သူ့ရဲ့အပေါ်လွှာ Protein အချွန်အတက်နေရာမှာ ရှိတဲ့ Protein တစ်ခုအပြောင်းအလဲ ဖြစ်တာ ဖြစ်ပါတယ်။ အဲဒါကို ကျွန်မတို့က N501Y လို့ခေါ်ပါတယ်။ ဖြစ်တဲ့နေရာက N501Y ။ ပြောင်းတဲ့ပိုးကိုကျတော့ ကျွန်မတို့က VUI-202012/01 လို့ ခေါ်ပါတယ်။ အဲဒီမှာ တခြားသော SARS-CoV-2 ဗိုင်းရပ်စ်ပိုးထက် ပိုပြီးကူးစက်ပျံ့နှံ့လွယ်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ COVID-19 သည် ရောဂါဖြစ်ပါတယ်။ COVID-19 ကို ဖြစ်စေတဲ့ ရောဂါပိုးသည် SARS-CoV-2 ဖြစ်ပါတယ်။ SARS-CoV-2 ဗိုင်းရပ်စ်မှာ ဖြစ်တဲ့ မျိုးရိုးဗီဇကွဲတစ်ခုဖြစ်ပါတယ်။ သူက ဒီဗိုင်းရပ်စ်ကြောင့်ဆိုရင် သူက ပိုမိုကူးစက်ပျံ့နှံ့လွယ်တာကို တွေ့ရတယ်။ ဘယ်လောက်အထိ ကူးစက်ပျံ့နှံ့ဖို့ လွယ်သလဲဆိုရင် ရာခိုင်နှုန်းနဲ့ ပြောမယ်ဆိုရင် ၅၀ ကနေ ၇၀ ရာခိုင်နှုန်းအထိ ကူးစက်ပျံ့နှံ့ဖို့လွယ်တယ်လို့ ပြောပါတယ်။ ဒီနေရာမှာ ရာခိုင်နှုန်း ၅၀ ကနေ ၇၀ နှုန်းသည် အဆ ၅၀ ကနေ အဆ ၇၀ မဟုတ်ဘူးဆိုတာကို တိတိကျကျသိစေချင်ပါတယ်။ ဒါက လူတွေ မှားယွင်းပြီးတော့ ထင်မြင်ယူဆနေလို့ ဖြစ်ပါတယ်။ အဆနဲ့ပြောရင် နဂိုထက် ၁ ဒသမ ၅ ဆ၊ ၁ ဒသမ ၇ ဆ ပိုပြီး ကူးစက်မှုမြန်တယ်ဆိုတဲ့သဘော ဖြစ်ပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်ကို VUI-202012/01 ဟု ခေါ်ဝေါ်ထားပြီး အခြား SARS-CoV-2 ဗိုင်းရပ်စ်ပိုးများထက် ပိုမိုကူးစက်ပျံ့နှံ့လွယ်သည်ကို တွေ့ရှိရကာ ယင်းဗီဇပြောင်းဗိုင်းရပ်စ်ကြောင့် ရောဂါပြင်းထန်မှု ပိုမိုလာသည်ဆိုသော အထောက်အထား မတွေ့ရှိရသေးကြောင်းလည်း ဒေါက်တာ ခင်ခင်ကြီးက ပြောကြားသည်။

 “ ဒီလိုကူးစက်မြန်တယ်ဆိုတာကလည်း ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲ ဝင်လာလို့ရှိရင် ကျွန်မတို့ဆီမှာ တံခါးပေါက်ရှိပါတယ်။ အဲဒီ တံခါးပေါက်ထဲက လက်ခံကောင် ACE2 က ကလေးတွေနဲ့ လူကြီးတွေနဲ့ နှိုင်းစာရင်ကလေးတွေမှာ ACE2 နည်းပါတယ်။ နည်းတဲ့အတွက် ကလေးတွေမှာ ပုံမှန်အားဖြင့် ရောဂါပိုး ကူးစက်မှုလည်း နည်းသလို ရောဂါပိုးကြောင့်ဖြစ်တဲ့ ဆိုးဆိုးရွားရွား ဒဏ်ကိုလည်း ခံစားရမှုကလည်း နည်းပါတယ်။ သို့သော် အခုဗိုင်းရပ်စ်မျိုးကွဲအသစ်ကတော့ ဒီ ACE2 ဝင်ပေါက်ကို ပိုပြီးချောမွေ့ပြီး ချောချောမွေ့မွေ့နဲ့ ဝင်လို့ရအောင် မြန်မြန်ဆန်ဆန်ဝင်လို့ရအောင် သူက လုပ်နိုင်တဲ့ အစွမ်းရှိတယ်ဆိုတာ သိရပါတယ်။ ဒါကြောင့်မို့ ကူးစက်မှုက မြန်တာဖြစ်ပါတယ်။ ရောဂါပိုးက ပိုပြီးတော့ ဆိုးလာသလား။ ဒါမှ မဟုတ်လည်း သေဆုံးမှုအနေနဲ့ရော ဘယ်လို ဖြစ်စေနိုင်သလဲစသဖြင့် ရောဂါဘယ်လောက်အထိ ပြင်းထန်နိုင်သလဲဆိုတဲ့ အထောက်အထားတွေကတော့ အခုထက်ထိ မတွေ့ရှိရသေးပါဘူး။ ဒါကတော့ ပညာရှင်တွေ ရှာဖွေနေတုန်းဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

ကမ္ဘာပေါ်တွင် ထိုကဲ့သို့ ပိုမိုလျင်မြန်စွာ ကူးစက်သည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိ နေရသဖြင့် ပြည်သူလူထုအနေဖြင့် COVID-19 ရောဂါကာကွယ်ရေး စည်းကမ်းများကို ယခုထက်ပို၍ တိကျစွာလိုက်နာကြရန် လိုအပ်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေး ကြေညာထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ SARS-CoV-2 ဗိုင်းရပ်စ်တွင် မျိုးကွဲပေါင်း ၄၀၀၀ ကျော်ရှိပြီး အဓိက အထင်ရှားဆုံးမှာ လက်ရှိနိုင်ငံများတွင် ဖြစ်ပွားနေသော D614G ဖြစ်သည်ဟု သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသည် မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇတစ်ခုလုံး (Whole Genome Sequence) ကို လေ့လာသော သုတေသနပြုမှုများကို ဆောင်ရွက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံ၌ လက်ရှိကူးစက်ဖြစ်ပွားနေသော SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇတစ်ခုလုံးကိုလည်း ဆေးသုတေသနဦးစီးဌာနက ဆက်လက်စစ်ဆေးလေ့လာခဲ့သည်။

လေ့လာချက်များအရ မြန်မာနိုင်ငံရှိ COVID-19 အတည်ပြုလူနာများ၏ ဓာတ်ခွဲ နမူနာအချို့မှ SARS-CoV-2  ဗိုင်းရပ်စ်၏ မျိုးဗီဇပြောင်းလဲမှု ရှိ၊ မရှိ စစ်ဆေးရာ ဗိုင်းရပ်စ်မျိုးကွဲသစ် VUI202012/01 (Lineage:B.1.1.7) နှင့် 501.V2 မဟုတ်ကြောင်း ဒီဇင်ဘာ ၃၀ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းထုတ်ပြန်ချက်၌ ယူကေနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် COVID-19 စစ်ဆေးတွေ့ရှိသော ဓာတ်ခွဲနမူနာများ၌ ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားနိုင်သော မျိုးဗီဇပြောင်းလဲမှုရှိသည့် SARS-CoV-2 ဗိုင်းရပ်စ်မျိုးကွဲသစ် VUI202012/01 (Lineage:B.1.1.7) နှင့် 501.V2 တို့ကို တွေ့ရှိရကြောင်း သက်ဆိုင်ရာနိုင်ငံများမှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း ထုတ်ပြန်ကြေညာခဲ့ကြောင်းနှင့် မြန်မာနိုင်ငံအတွင်း လတ်တလော ကူးစက်ပျံ့နှံ့နေသည့် SARS-CoV-2  ဗိုင်းရပ်စ်များတွင် အဆိုပါ ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ် မျိုးကွဲအသစ်များ ဝင်ရောက်ခြင်း ရှိ၊ မရှိနှင့် ပြည်တွင်းတွင်လည်း အခြားသော မျိုးဗီဇပြောင်းလဲမှုများ ဖြစ်ပေါ်နေခြင်း ရှိ၊ မရှိကို သိရှိရန်အတွက် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာန (မန္တလေး) က ပေးပို့သည့် COVID-19 အတည်ပြုဓာတ်ခွဲနမူ နာ ၁၁ ခုနှင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ COVID-19 အတည်ပြုဓာတ်ခွဲနမူနာ ၁၁ ခု စုစုပေါင်း ဓာတ်ခွဲနမူနာ ၂၂ ခုတို့မှ ဗိုင်းရပ်စ်မျိုးဗီဇတစ်ခုလုံး စစ်ဆေးမှုများ (Whole Genome Sequencing) ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ဆေးသုတေသနဦးစီးဌာန၊ အဆင့်မြင့် မော်လီကျူးသုတေသနဌာန၌ စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။

ယခုအကြိမ် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ ၂၂ ခုစလုံးကို မျိုးဗီဇနွယ် (Lineage) စစ်ဆေးခြင်း၊ မျိုးဗီဇဆင်တူညီမှု (Genetic clade) စစ်ဆေးခြင်းနှင့် ဗီဇပြောင်းလဲမှုများကို စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်းနှင့် ယခုစစ်ဆေးခဲ့သည့် မျိုးဗီဇစစ်ဆေးလေ့လာချက်အရ SARS-CoV-2 ရောဂါပိုးသည် ယခုနှစ် သြဂုတ်လနှောင်းပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စတင်ပျံ့နှံ့ ခဲ့သည့် ကူးစက်မြန်အမျိုးအစား  (D614G) နှင့် မျိုးဗီဇနွယ်ဆိုင်ရာ အချက်အလက်များ တူညီကြောင်းနှင့် အခြားသော မျိုးဗီဇပြောင်းလဲမှု အချို့ပါ ယှဉ်တွဲလျက်တွေ့ရှိရသည်ဟု ဖော်ပြထားသည်။ ယခုတွေ့ရှိရသော ပိုးဗီဇအမျိုးအစားသည် GH strain (D614G+Q57H ဗီဇပြောင်းလဲခြင်း) ဖြစ်ပြီး မျိုးဗီဇနွယ် (Line-age: B.1.36) ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖော်ပြထားသည်။

ဗိုင်းရပ်စ်ပိုးများသည် မကြာခဏ မျိုးရိုး ဗီဇပြောင်းလဲတတ်သည့် သဘာဝရှိပြီး ပြောင်းလဲမှုဖြစ်စဉ်အပေါ် မူတည်ကာ ရောဂါကူးစက်မှုအနှေးအမြန် ဖြစ်ပေါ်တတ်ရာ လက်ရှိ အခြားပြည်ပနိုင်ငံများတွင် တွေ့ရှိနေရသည့် ကူးစက်မြန်ဗီဇ ပြောင်းပိုးအသစ်သည် ရောဂါပိုမိုပြင်းထန်ကြောင်း အထောက်အထား မရှိသေးကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင်က COVID-19 အကြောင်း သိကောင်းစရာ အမေးအဖြေ အစီအစဉ်တွင် ပြောကြားထားသည်။

“ ဗိုင်းရပ်စ်ပိုးတွေက ခဏခဏ မျိုးရိုးဗီဇပြောင်းလဲတတ်တာ သဘာဝပါ။ ဒီပြောင်းလဲမှုဖြစ်စဉ်အပေါ်မှာ မူတည်ပြီး တစ်ခါတစ်ရံမှာ ရောဂါကူးစက်မှု အနှေးအမြန် ဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရောဂါပိုပြင်းထန်သွားတယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့သေးပါဘူး။ ဒါက သုတေသန ဆက်လက်လုပ်ဆောင်ရမယ့် ကိစ္စတွေလည်း ဖြစ်ပါတယ်။ COVID ရောဂါပိုးနဲ့ ပတ်သက်လို့ ကမ္ဘာ့နိုင်ငံ အသီးသီးအနေနဲ့ သူတို့ သက်ဆိုင်ရာအလိုက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ အခက်အခဲမျိုးစုံကြုံပြီး ကြိုးစားဆောင်ရွက်နေကြပါတယ်။ ဒါပေမဲ့ COVID ကို အလုံးစုံ ထိန်းချုပ်နိုင်တယ် ဆိုတဲ့နိုင်ငံတော့ မရှိသေးပါဘူး။ အမြဲတမ်း Alert နဲ့ စောင့်ကြည့်နေရပါတယ်။ ပျောက်သွားတယ်ဆိုတဲ့ ပထမဦးဆုံး စခဲ့တဲ့ တရုတ်နိုင်ငံတောင်မှ အမြဲတမ်း သူတို့ရဲ့ Border တွေ ကိုစောင့်ကြည့်နေရပါတယ်” ဟု ဒေါက်တာသောင်းလှိုင်က ပြောကြားသည်။

 ယခုတွေ့ရှိရသော မျိုးဗီဇပြောင်းလဲမှုများသည် ယူကေနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် တွေ့ရှိရသည့် ကူးစက်မြန်မျိုးဗီဇ ပြောင်းလဲမှုရှိသော SARS-CoV-2 ဗိုင်းရပ်စ် မျိုးကွဲသစ VUI202012/01 (Lineage:B.1.1.7) နှင့် 501.V2 မဟုတ် (မဟုတ်) ကြောင်းနှင့် အဆိုပါ တွေ့ ရှိမှုရလဒ်ကို နိုင်ငံတကာအသိအမှတ်ပြု (US NCBI/NIH) Data base တွင် တင်သွင်းကာ အတည်ပြု စိစစ်မှုခံယူခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုတွေ့ရှိရသော ပိုးဗီဇအမျိုးအစား GH strain ( D614G+Q57H ဗီဇပြောင်းလဲခြင်း)၊ မျိုးဗီဇနွယ် (Lineage: B.1.36) နှင့် ပတ်သက်ပြီး အသေးစိတ် ဆက်လက်လေ့လာလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိ ကူးစက်မြန်ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးသစ်မှာ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံထားရသူများ ရှိလာရာ မြန်မာနိုင်ငံ၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက “ ဗီဇပြောင်းဗိုင်းရပ်စ်ပိုးက ကျွန်မတို့နိုင်ငံမှာ မရှိဘူးဆိုတာကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဆေးသုတေသနဦးစီးဌာနက ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇအနွယ်တွေ အကုန်လုံးကို လေ့လာခဲ့ပါတယ်။ လေ့လာတဲ့အခါမှာ ဗြိတိန်မှာ တွေ့တဲ့ ဗီဇပြောင်းပိုး၊ အင်္ဂလန်မှာတွေ့တဲ့ ဗီဇပြောင်းပိုး တွေ့ရှိရခြင်း မရှိဘူးဆိုပြီး ထုတ်ပြန်ထားပါတယ်။ ဆေးသုတေသနဦးစီးဌာန အနေနဲ့လည်း ဆက်ပြီးလေ့လာမှုတွေ ဆောင်ရွက်နေပါတယ်။ ဒီနေရာမှာ ဗီဇပြောင်းပိုးကတော့ လက်ရှိ အနေအထားအရတော့ ကူးစက်မှု တစ်ဆခွဲလောက် မြန်တယ်ဆိုတာကို တွေ့ရှိရပါတယ်။ သို့သော် လက်ရှိအနေအထားအရ ဗီဇပြောင်းပိုး မြန်မာနိုင်ငံကို ဝင်ရောက်လာတာမရှိဖို့ဆိုတာလည်း အရေးကြီးတဲ့အတွက် သုတေသနပိုင်းကလည်း ဆက်လက်ပြီး ဓာတ်ခွဲနမူနာတွေကို ရယူစစ်ဆေးတာတွေကို ဆက်လက်ဆောင်ရွက်နေပါတယ်။ ဗီဇပြောင်းပိုးပဲဖြစ်ဖြစ် လက်ရှိဖြစ်နေတဲ့ ပိုးပဲဖြစ်ဖြစ် ပြည်သူတွေအနေနဲ့ COVID-19 ရောဂါဆိုင်ရာ စည်းကမ်းတွေကို လိုက်နာမယ်ဆိုရင် ဘာမှကြောက်စရာ မလိုပါဘူး။ ရန်သူက ဘယ်လိုပဲ အသွင်ပြောင်းပြောင်း ဘယ်လိုပဲ ပုံဖျက်ဖျက် ကျွန်မတို့က ရန်သူကို ကာကွယ်နိုင်တဲ့နည်းလမ်းတွေ ရှိနေသိနေပြီး လိုက်နာမယ်ဆိုရင် စိုးရိမ်စရာမရှိပါဘူး။ ဒီနည်းလမ်းတွေကို လိုက်နာကျင့်သုံးဖို့သာလျှင်  အရေးကြီးဆုံးဖြစ်ပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက အသိပေးပြောကြားသည်။

(Ref:AFP)


READ NEXT
Cancel OK