Top News

၂၀၁၈ ခုနှစ် ဇွန်လနောက်ပိုင်း အနိမ့်ဆုံးနှုန်းဖြစ်လာသော ငွေကြေးဖောင်းပွမှုနှုန်းနှင့် ဆက်လက်မြင့်တက်နေဆဲ စားသုံးသူစျေးဆနှုန်း
24htopnews | September 29, 2024 4:12 PM CST

ငွေကြေးဖောင်းပွမှုသည် ကာလအတန်ကြာ အထွေထွေစျေးနှုန်း မြင့်တက်လာခြင်းဖြစ်ပြီး လူအများစားသုံးသည့် အခြေခံကုန်စည်များ၏ စျေးနှုန်းများ ဆက်တိုက်မြင့်တက်လာခြင်းကို ငွေကြေးဖောင်းပွမှုရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။ အချိန်အတိုင်းအတာတစ်ခု၌ စီးပွားရေးရပ်ဝန်းအတွင်း ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ အထွေထွေစျေးနှုန်း မြင့်တက်လာသည့်အခါ တူညီသောငွေကြေး ယူနစ်ဖြစ်သော်လည်း ပိုမိုနည်းပါးသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတို့ကိုသာ ဝယ်ယူနိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့် ငွေကြေးဖောင်းပွမှုသည် ငွေကြေး၏ဝယ်ယူနိုင်စွမ်း၊ ငွေကြေးယူနစ်၏ တန်ဖိုးကို လျော့ကျစေခြင်း ဖြစ်သည်။ ငွေကြေးဖောင်းပွမှုကို တိုင်းတာခြင်းကို ငွေကြေးဖောင်းပွမှုနှုန်း (Inflation Rate) ဟု ခေါ်ဆိုပြီး အထွေထွေစျေးနှုန်း အညွှန်းတစ်ရပ်ဖြင့် နှစ်စဉ်ရာခိုင်နှုန်းအပြောင်းအလဲကို ဖော်ပြကာ အဆိုပါအညွှန်းကို စားသုံးသူ စျေးဆနှုန်း (CPI- Comsumer Price Index) ဟု ခေါ်ဆိုခြင်းဖြစ်သည်။

ကိုးလဆက်တိုက် ပြန်လည်ကျဆင်းခဲ့သော ငွေကြေးဖောင်းပွမှုနှုန်း

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၆၀ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ကိုးလဆက်တိုက် ပြန်လည်ကျဆင်းလာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတွင် ဖော်ပြထားသည်။

ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ၁၈ လ ဆက်တိုက်မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက်ခဲ့ကာ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာ (ကိုးလ ဆက်တိုက်) တွင် ပြန်လည်ကျဆင်းခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာအထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (annual Rate of Inflation) မှာ ၄ ဒသမ ၆၀ ရာခိုင်နှုန်းဖြစ်ပြီး အစားအစာအုပ်စုနှင့် လောင်စာဆီ စျေးနှုန်းများမပါဝင်ဘဲ တွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation-Core Inflation) မှာ ၉ ဒသမ ၆၇ ရာခိုင်နှုန်းရှိသည်။ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၀ ဒသမ ၉၇ ရာခိုင်နှုန်းဖြစ်ပြီး  အစားအစာအုပ်စုနှင့် လောင်စာဆီစျေးနှုန်းများ မပါဝင်ဘဲ တွက်ချက်ထားသော နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation-Core Inflation) မှာ ၃ ဒသမ ၆၅ ရာခိုင်နှုန်းရှိသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် (၂၀၁၉ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာအထိ) တစ်နှစ်တာ ကာလအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၉ ခုနှစ် ဇွန်လတွင် ၉ ဒသမ ၅၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ဇူလိုင်တွင် လျှပ်စစ်ဓာတ်အားခနှုန်းထားများ မြင့်တက်လာခြင်းကြောင့် ငွေကြေး ဖောင်းပွမှုနှုန်းမှာ ၁၀ ဒသမ ၈၇ ရာခိုင်နှုန်းသို့ ဆက်လက်မြင့်တက်လာခဲ့သည်။ သို့ရာတွင် ၂၀၂၀ ပြည့်နှစ် မတ်လတွင် မြန်မာနိုင်ငံ၌ COVID-19 ဖြစ်ပွားလာမှု အစပြု၍ အိမ်ထောင်စုများ၏ သုံးစွဲမှုလျော့နည်းလာခြင်းနှင့် လောင်စာဆီစျေးနှုန်းများ ကျဆင်းလာခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လမှ စ၍ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းများ ကျဆင်းလာခဲ့ရာ နိုဝင်ဘာလတွင် သုည ဒသမ ၉၇ ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအထိ တစ်နှစ်ပျမ်းမျှ ၄ ဒသမ ၆၀ ရာခိုင်နှုန်းရှိ၍ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအထိ တစ်နှစ်ပျမ်းမျှ ၅ ဒသမ ၂၁ ရာခိုင်နှုန်းဖြင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၆၁ ရာခိုင်နှုန်း လျော့နည်းလာခဲ့သည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအထိ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းများကို လေ့လာပါက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ၈ ဒသမ ၈၁ ရာခိုင်နှုန်း ရှိခဲ့ရာမှ တဖြည်းဖြည်းမြင့်တက်လာပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည်။ သို့သော် ၂၀၂၀ ပြည့်နှစ် မတ်လတွင် မြန်မာနိုင်ငံ၌ COVID-19 ကူးစက်ရောဂါသက်ရောက်မှုကြောင့် ပြည်သူများ သုံးစွဲမှုကျဆင်းပြီး စားသုံးသူစျေးဆနှုန်း တိုးနှုန်း အရှိန်လျော့နည်းလာသဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၄ ဒသမ ၆၀ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း  ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၉ ဒသမ ၁၁ ရာခိုင်နှုန်းဖြင့် ပထမအမြင့်ဆုံး၊ မန္တလေးမြို့တွင် ၇ ဒသမ ၅၅ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံး၊ ပြည်ထောင်စုနည်မြေတွင် ၆ ဒသမ ၆၈ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံး အသီးသီးဖြစ်ပေါ်ခဲ့သည်။ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၄ ဒသမ ၁၉ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အများဆုံးဖြစ်ပေါ်ခဲ့ပြီး ကယားပြည်နယ်တွင် - ၂ ဒသမ ၆၇ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့သည်။

ယခင်နှစ်ကာလတူထက် သုည ဒသမ ၉၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သော စားသုံးသူစျေးဆနှုန်း (CPI)

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၂ ဒသမ ၈၂ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် သုည ဒသမ ၉၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူ စျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေအရ သိရသည်။

ယခင်လနှင့် နှိုင်းယှဉ်ပါက နိုဝင်ဘာလတွင် ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု၊ အိမ်အသုံး အဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု၊ ကျန်းမာရေးအုပ်စု၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စုနှင့် ပြင်ပအစားအသောက်အုပ်စုတို့မှာ မြင့်တက်လာသော်လည်း အစားအစာအုပ်စု၊ အဝတ်အထည်အုပ်စု၊ သယ်ယူပို့ဆောင်ရေးအုပ်စု၊ ဆက်သွယ်ရေးအုပ်စုနှင့် အထွေထွေကုန်ပစ္စည်းအုပ်စုတို့မှာ ယခင်လကထက် ကျဆင်းနေသည်။ သို့သော် အိမ်လခနှင့် အိမ်ပြင်ခအုပ်စုနှင့် ပညာရေးအုပ်စုတို့မှာ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေသည်ကို တွေ့ရှိရသည်။

စားသုံးသူစျေးဆနှုန်း၏ လအလိုက် ပြောင်းလဲမှုအခြေအနေမှာ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာအတွက် တစ်နိုင်ငံလုံး၏ အစားအစာအုပ်စုအတွက် စားသုံးသူ စျေးဆနှုန်းမှာ ၁၇၆ ဒသမ ၀၂ ဖြစ်ပြီး အစားအစာမဟုတ်သော အုပ်စုအတွက် စားသုံးသူစျေးဆနှုန်းမှာ ၁၄၄ ဒသမ ၂၅ ရှိသည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် အုပ်စုအားလုံးအတွက် စားသုံးသူစျေးဆနှုန်းမှာ ၁၆၂ ဒသမ ၈၂ ဖြစ်ပြီး ယခင်လ၏ စားသုံးသူ စျေးဆနှုန်း ၁၆၃ ဒသမ ၀၀ နှင့်နှိုင်းယှဉ်ပါက ၀ ဒသမ ၁၁ ရာခိုင်နှုန်း ကျဆင်းလာသည်။ Core Inflation တွက်ချက်ရန် စျေးနှုန်းတည်ငြိမ်မှု မရှိသည့် အစားအစာအုပ်စုနှင့် လောင်စာဆီ စျေးနှုန်းများမပါဝင်ဘဲ တွက်ချက်ထားသော ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ၏ စားသုံးသူစျေးဆနှုန်း (Core CPI) မှာ ၁၄၅ ဒသမ ၅၀ ဖြစ်ရာ ယခင်လ၏ Core CPI ဖြစ် သည့် ၁၄၅ ဒသမ ၆၄ နှင့်နှိုင်းယှဉ်ပါက ၀ ဒသမ ၀၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

စားသုံးသူစျေးဆနှုန်း၏ နှစ်အလိုက် ပြောင်းလဲမှုအခြေအနေကို လေ့လာပါက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ၏ စားသုံးသူစျေးဆနှုန်းမှာ ၁၆၂ ဒသမ ၈၂ ဖြစ်သဖြင့် ယခင်နှစ် အလားတူလ၏အခြေအနေ ၁၆၁ ဒသမ ၂၆ နှင့်နှိုင်းယှဉ်ပါက ၀ ဒသမ ၉၇ ရာခိုင်နှုန်း မြင့်တက်လာသည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ၏ Core CPI မှာ ၁၄၅ ဒသမ ၅၀ ဖြစ်ရာ ယခင်နှစ်အလားတူလ၏ Core CPI အခြေအနေ ၁၄၀ ဒသမ ၃၈ နှင့် နှိုင်းယှဉ်ပါက ၃ ဒသမ ၆၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် အစားအစာအုပ်စု၏စျေးဆနှုန်းမှာ ၁၇၆ ဒသမ ၀၂ ဖြစ်သဖြင့် ယခင်လအခြေအနေ ၁၇၆ ဒသမ ၃၁ နှင့်နှိုင်းယှဉ်ပါက ၀ ဒသမ ၁၇ ရာခိုင်နှုန်း ကျဆင်းလာခဲ့သည်။ ဆန် (ဧည့်မထ)၊ စားသုံးဆီ၊ ကြက်သားနှင့် ဝက်သားစျေးနှုန်းများ သိသိသာသာမြင့်တက်ခဲ့သော်လည်း အမဲသား၊ ငါးစျေးနှုန်း၊ ဥစျေးနှုန်းနှင့် ငါးရံ့ခြောက်စျေးနှုန်းများ ကျဆင်းခဲ့သည်။ စားဖိုဆောင်သုံးသီးနှံများ ဖြစ်သော ကုလားပဲခြမ်း၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီစျေးနှုန်းများ မြင့်တက်လာသကဲ့သို့ ရာသီပေါ် သီးနှံများ ဖြစ်သော ဘူးသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်နှင့် ချဉ်ပေါင်ရွက် စျေးနှုန်းများမှာလည်း အနည်းငယ် မြင့်တက်လာသည်။ သို့သော် ခရမ်းချဉ်သီးစျေးနှုန်းမှာ သိသိသာသာ ကျဆင်းလာသည်ကို တွေ့ရသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် အစားအစာမဟုတ်သော အုပ်စု၏ စျေးဆနှုန်းမှာ ၁၄၄ ဒသမ ၂၅ ဖြစ်သဖြင့် ယခင်လ အခြေအနေ ၁၄၄ ဒသမ၂၆ နှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်းအနည်းငယ်သာ ကျဆင်းခဲ့သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းများမှာ ယခင်လကထက် နှစ်ကျပ်ခန့် ကျဆင်းနေသည်။ အလားတူ ပြည်ပမှတင်သွင်းသည့် ဓာတ်ဆီစျေးနှုန်းမှာ ယခင်လကထက် ကျဆင်းလာပြီး ဒီဇယ်စျေးနှုန်းမှာမူ အနည်းငယ်မြင့်တက်လာသည်ကို တွေ့ရှိရသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာအတွင်း အမဲသား၊ ဥစျေးနှုန်း၊ ငါးစျေးနှုန်းများ၊ အချို့သော စားဖိုဆောင် အသီးအနှံများ၊ ရာသီပေါ်ဟင်းသီးဟင်းရွက်အသီးအနှံများနှင့် ရွှေစျေးနှုန်းများ ကျဆင်းလာခြင်းကြောင့် စားသုံးသူစျေးဆနှုန်းမှာ ယခင်လကထက် အနည်းငယ်ကျဆင်းလာကြောင်း တွေ့ရှိရသည်။

ငွေကြေးဖောင်းပွမှုနှုန်း ကာလကြာရှည် မြင့်မားနေခြင်းသည် ငွေကြေးဆိုင်ရာမူ ၀ါဒမှားယွင်းမှု၊ ငွေကြေးရိုက်ထုတ်မှုများပြားမှု၊ နိုင်ငံခြားငွေလဲနှုန်းမြင့်တက်မှု၊ နိုင်ငံ့ငွေ တန်ဖိုးကျဆင်းမှု၊ ဝယ်လိုအား သို့မဟုတ် ရောင်းလိုအား အဆမတန်မြင့်တက်မှု၊ အနိမ့်ဆုံးလုပ်ခ လစာနှုန်း၊ စားနပ်ရိက္ခာ စျေးနှုန်းများ မြင့်တက်မှု၊ ရေနံစျေး၊ လျှပ်စစ်ဓာတ်အားခကဲ့သို့ အခြေခံစျေးနှုန်းများမြင့်တက်မှု၊ သဘာဝဘေးအန္တရာယ် ကျရောက်မှု၊ အရင်းအနှီး စျေးကွက်၊ စတော့စျေးကွက်များ ကမောက်ကမဖြစ်ပေါ်မှု၊ ဘဏ်တိုးနှုန်း ပြောင်းလဲမှု၊ အစိုးရအသုံးစရိတ် များပြားမှု၊ ကောလာဟလ သတင်းများဖြစ်ပေါ်မှု၊ ပြည်သူများ၏ နိုင်ငံ့စီးပွားရေးအပေါ် ယုံကြည်စိတ် ပျောက်ဆုံးမှု စသည့်အကြောင်း အရာများနှင့် သက်ဆိုင်နေသည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး အခြေအနေကို အကဲဖြတ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ထိုက်သင့်သော ငွေကြေးဖောင်းပွမှု ရှိရန်လိုအပ်သကဲ့သို့ လွန်ကဲသော ငွေကြေးဖောင်းပွမှုကြောင့် နိုင်ငံများ ကာလကြာရှည် မတည်မငြိမ် ဖြစ်စေ နိုင်သည်။ ငွေကြေးဖောင်းပွမှုကို တိုင်းတာမှု အမျိုးမျိုးရှိပြီး ယေဘုယျအားဖြင့် အထွေထွေစျေးနှုန်းများ ကာလကြာရှည် မြင့်တက်မှု သို့မဟုတ် နိုင်ငံတစ်ဝန်း လူနေမှု စရိတ်များ မြင့်တက်မှုဖြစ်သည်။ ရှိသင့်ရှိထိုက်သည့် ငွေကြေးဖောင်းပွမှုနှုန်းထက် ကျော်လွန်ပါက ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး ဖြည့်ဆည်းနိုင်စွမ်းကို ဆိုးရွားစွာ ထိခိုက်စေသည့်အတွက် ဗဟိုဘဏ်နှင့် အစိုးရက သတိကြီးစွာထား၍ ထိန်းကျောင်းရမည်ဖြစ်သည်။


READ NEXT
Cancel OK