၂၀၂၀ ပြည့်နှစ် မတ် ၁၁ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က SARS-CoV-2 ဗိုင်းရပ်စ်ကြောင့် ယခု COVID-19 ရောဂါကူးစက်ပျံ့နှံ့ နေမှုကို ကပ်ရောဂါအဖြစ် ကြေညာခဲ့သည်။ ယင်းကမ္ဘာ့ကျန်းမာရေး အကျပ်အတည်းကို တုံ့ပြန်သည့်အနေဖြင့် အဖွဲ့ဝင်နိုင်ငံများသည် ဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်နှင့် လျှော့ချရန် ကျယ်ပြောသော အတိုင်းအတာရှိ နည်းလမ်းများအား လုပ်ဆောင်လာကြရသည်။ ယင်းတွင် လူချင်း ခပ်ခွာခွာနေထိုင်ခြင်း (Social Distancing) နှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) တို့ကို ပိတ်ပစ်ခြင်းတို့အတွက် အမိန့်ကြေညာစာများ ထုတ်ပြန်ရမှု ပါဝင်သည်။ ယင်းတို့က လူပေါင်း သန်းနှင့်ချီလျက်အား အလုပ်လက်မဲ့ဘဝသို့ ယာယီရောက်ရှိသွားစေခဲ့သည်။ စီးပွားရေးများကို Lockdown ကျသွားစေသည့် ယင်းနည်းလမ်းများက လက်ရှိကာလ၌ ကမ္ဘာ့စီးပွားရေးလုပ်ဆောင်ချက်များကို သိသိသာသာ နှေးကွေးသွားစေခဲ့ပြီး လူမှုရေး မတည်ငြိမ်မှုများကို မြင့်တက်လာစေခဲ့သည်။ ယင်းတို့သည် ဆင်းရဲသားများအပေါ် အချိုးအစား မညီမျှစွာ သက်ရောက်မှု ပိုမိုကြီးမားခဲ့ပြီး အိမ်လခ မပေးနိုင်ခြင်း၊ စားဝတ်နေရေး အခြေခံလိုအပ်ချက်များနှင့် အများပြည်သူဝန်ဆောင်မှုများ မရရှိခြင်းတို့ဆီသို့ ဦးတည်သွားစေခဲ့သည်။
ကမ္ဘာ့စီးပွားရေး ပြိုလဲသွားခြင်းနှင့် ဖြစ်နိုင်ဖွယ် ကမ္ဘာ့စီးပွားရေးပျက်ကပ်တို့ကို ရှောင်လွှဲနိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံများအနေဖြင့် ဒုက္ခတွေ့နေကြောင်း နိုင်ငံသားများနှင့် လုပ်ငန်းများအား စီးပွားရေးလုံခြုံမှုတစ်ရပ် ထောက်ပံ့ပေးရန် ထိရောက်ပြီး အရေးပါသည့် နည်းလမ်းများကို လုပ်ဆောင်လာရသည်။ ယင်းတွင် ငွေကြေးတိုက်ရိုက်ထောက်ပံ့ခြင်း၊ ချေးငွေများကို ကာလတိုနှင့် ကာလလယ် လျစ်လျူပြုပေးခြင်း၊ ပေးချေရန်ရှိသည်များကို ရွှေ့ဆိုင်းထားပေးခြင်း၊ အလုပ်လက်မဲ့ အာမခံထားပေးခြင်းနှင့် အခြားနည်းလမ်းများ ပါဝင်သည်။ ယင်းကဲ့သို့သော အရေးပေါ်ဆောင်ရွက်ချက်များ လုပ်ဆောင်ရာတွင် ကမ္ဘာ့နိုင်ငံများအနေဖြင့် တုံ့ပြန်မှုလျင်မြန်ရေးနှင့် လျင်မြန်သော သက်ရောက်မှုကို ရယူနိုင်ရေးတို့အတွက် ကုန်သွယ်မှုနှင့်ပတ်သက်၍ လျှော့ပေါ့ပေးပြီး ကြီးကြပ်ခြင်းနှင့် တာဝန်ခံခြင်းတို့ကို မဖြစ်မနေ လုပ်ဆောင်လာရသည်။ ယင်းတို့က အဂတိလိုက်စားမှုများ ကြီးမားလာရန်အတွက် အရေးပါသည့် အခွင့်အလမ်းများ ဖန်တီးပေးလိုက်ခြင်းဆီသို့ ဦးတည်သွားစေခဲ့သည်။
စီးပွားရေးနှင့် လူမှုရေးပြိုလဲကျမှုကြီးကို ကာကွယ်ရေးအတွက် အရေးပေါ် ဆောင်ရွက်ချက်များ လုပ်ဆောင်ရန် လိုအပ်ခြင်းအား သိမြင်နေစဉ်မှာပင် “စီးပွားရေးလှုံ့ဆော်မှုအစီအစဉ်များ” (Economic Stimulus Package) ကို ခွဲဝေချထားမှု၌ လုံလောက်သော တာဝန်ခံမှုနှင့် ကြီးကြပ်မှုလုပ်ငန်းစဉ်များ ကင်းမဲ့ခြင်းက အဂတိလိုက်စားမှုနှင့် လိမ်လည်မှုများ မြင့်တက်လာနိုင်ခြေကို တိုးပွားစေကြောင်းလည်း တွေ့ရှိရသည်။ ယင်းကဲ့သို့သော အဂတိလိုက်စားမှုနှင့် လိမ်လည်မှုများသည် လုပ်ကိုင်ဆောင်ရွက်နေသည့် အစီအစဉ် နည်းလမ်းများကို ထိရောက်မှု အားနည်းသွားစေပြီး အထောက်အပံ့များက အမှန်တကယ် လိုအပ်နေသူများထံသို့ ရောက်ရှိမှု နည်းပါးကာ အချောင်သမားများထံသို့သာ မသမာသည့် နည်းလမ်းများဖြင့် ပိုမိုရောက်ရှိသွားခြင်းကြောင့် လူ့အဖွဲ့အစည်းအတွင်း အားအနည်းဆုံး လူအုပ်စုများကို အကြီးအကျယ် ထိခိုက်စေတော့သည်။
COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအကြောင်းအရာအတွင်း ကမ္ဘာ့နိုင်ငံများအနေဖြင့် မကြာသေးမီက ဆောင်ရွက်ခဲ့ကြသည့် စီးပွားရေးဆိုင်ရာ တုံ့ပြန်မှုများ၏ ရည်ရွယ်ချက်သည် စီးပွားရေးပျက်ကပ်သံသရာကို ကြုံနေရသည့် ကာလများအတွင်း၌ ကဲ့သို့ စီးပွားရေးဆိုင်ရာ လှုံ့ဆော်မှုများကို နှိုးဆွရန်အတွက်မဟုတ်ဘဲ စီးပွားရေးဆိုင်ရာ ဘေးဒုက္ခကြီးကို ကာကွယ်ရန်နှင့် ဆင်းရဲသားများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ လူငယ်များ၊ မသန်စွမ်းသူများ၊ အလုပ်လက်မဲ့များ၊ SMEs များနှင့် လူမှုရေးနှင့် အများပြည်သူသုံး ဝန်ဆောင်မှုများကို ရရှိခြင်း မရှိသူများအား ဘဏ္ဍာရေးဆိုင်ရာ ဆေးကုသမှုဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အထောက်အပံ့များပေးရန် ဖြစ်သည်ကို အထူးသတိပြုရန် လိုအပ်သည်။ ထို့ကြောင့် ယင်းကဲ့သို့ ပြုလုပ်ရာတွင် အဓိကလမ်းကြောင်းသုံးရပ် ရှိသည်။ ယင်းတို့မှာ (၁) ဒုက္ခတွေ့နေသော နိုင်ငံသားများ၊ လုပ်သားများနှင့် လုပ်ငန်းများအတွက် စီးပွားရေးလုံခြုံမှု ကွန်ရက်များ ဖန်တီးမှု၊ (၂) ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေကို ကိုင်တွယ်ရန်အတွက် လုံလောက်သည့် ဆေးကုသမှုဆိုင်ရာ အင်စတီကျူးရှင်းဆိုင်ရာနှင့် လူသားဆိုင်ရာ ရင်းမြစ်များ ရွှေ့ပြောင်းပေးခြင်းနှင့် (၃) Lockdown ကာလအတွင်း ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အထောက်ပံ့များဖြစ်စေမှုကို မြှင့်တင်ရေးအတွက် စိတ္တ- လူမှု ဗေဒဆိုင်ရာ ရင်းမြစ်များ ပေးအပ်ခြင်းတို့ ဖြစ်ကြသည်။
မည်သို့ပင်ဆိုစေကာမူ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု အခက်အခဲကာလတွင် စီးပွားရေးနှင့် လူမှုရေးပြိုလဲကျမှုကို ကာကွယ်ရန် အရေးပေါ်လုပ်ဆောင်ချက်များ လိုအပ်သကဲ့သို့ အားအနည်းဆုံး လူအုပ်စုများအပေါ် ထပ်မံထိခိုက်စေမည့် အဂတိလိုက်စားမှုများနှင့် လိမ်လည်မှုများ ဖြစ်ပေါ်မလာစေရေးအတွက်လည်း တာဝန်ရှိသူများအနေဖြင့် လုံလောက်သည့် တာဝန်ခံမှု ရှိရမည်ကို သတိပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဇန်နဝါရီ ၂၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
