Top News

အမျိုးသမီးငယ်တစ်ဦး၏ တန်ဖိုးနည်းထမင်းဆိုင်မှ အပတ်စဉ် စတုဒီသာကျွေးမွေးလှူဒါန်းနေ
24htopnews | September 29, 2024 7:12 PM CST

အထွေထွေ အကြပ်အတည်းများကြောင့် ကုန်ဈေးနှုန်းများတက်နေသည့် အချိန်တွင် စားဝတ်နေရေးအခက်ကြုံသူများအတွက် အမျိုးသမီးငယ်တစ်ဦးက ရန်ကုန်တိုင်း တာမွေမြို့နယ်တွင် အပတ်စဉ်ကြာသပတေးနေ့တိုင်း စတုဒီသာကျွေးမွေးလှူဒါန်းသည့် အစီအစဉ်ကို ပြုလုပ်ပေးနေကြောင်း သိရသည်။

ယင်းဆိုင်သည် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဓမ္မစိန္တာလမ်းထောင့်၊ နိဂြောဓ လမ်းမပေါ်တွင် “ငွေလဝန်း” အမည်ဖြင့် ယခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်က စတင်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး (၉၀၀)ကျပ်တန် ထမင်းဆိုင် အနေဖြင့် လူသိများသည်။

(၉၀၀)ကျပ်တန်ထမင်းဆိုင်ဆိုသည့်အတိုင်း ထမင်းတစ်ပွဲလျှင် (၄၀၀)ကျပ်နှင့် ဟင်းသီးသန့် (၅၀၀) စုစုပေါင်း (၉၀၀) ကျပ်ဖြင့် အခက်အခဲရှိနေသည့် အခြေခံအိမ်ထောင်စုများကို ရောင်းချပေးနေခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် ယင်းထမင်းဆိုင်ကို တစ်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်ထားကာ ကြာသပတေးနေ့တိုင်း ဆန်တစ်အိတ်ချက်ဖြင့် အသားငါးအသီးအရွက် တစ်မျိုးစီချက်ကာ မနက်(၈)နာရီမှနေ့လယ်(၁၂)နာရီအထိ စတုဒိသာကျွေးသည့်အတွက် လူမျိုးဘာသာမရွေး လာပြီးသုံးဆောင်နိုင်ကြောင်းလည်း သိရသည်။

ယင်းကဲ့သိူ့ လှူဒါန်းနိုင်ခြင်းသည် သူမတစ်ယောက်တည်းကြောင့်မဟုတ်ဘဲ အလှည့်ကျအလှူရှင်များက ကူညီလှူဒါန်းပေးနေခြင်းကြောင့် ဖြစ်သည်ဟုလည်း ထမင်းဆိုင်ပိုင်ရှင် မလုလူက ဆိုသည်။

လှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့်လည်း ထမင်းတစ်ပွဲလျှင်တစ်ထောင်ကျပ်နှုန်းဖြင့် ကိုယ့်လှူချင်သည့် အရေအတွက်အလိုက် လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။

နေ့စဉ်ပျမ်းမျှ ဟင်း (၁၀) မျိုးအထက် ချက်ပြုတ်ကာ ထမင်းအတွက် ဆန်ကိုလည်း စားသုံးသူများ ကောင်းမွန်စွာစားသုံးစေချင်သောစိတ်ဖြင့် တစ်ပြည်လျှင် (၇၀၀၀) တန် ပေါ်ဆန်းတစ်မျိုးတည်းကိုသာ အသုံးပြုချက်ပြုတ်၍ ရောင်းချပေးနေခြင်းလည်းဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK