Top News

စာချုပ်ပါစည်းကမ်းချက်များချိုးဖောက်ခံနေရသည့် ထိုင်းနိုင်ငံရောက် မြန်မာ MoU အလုပ်သမားများ
24htopnews | September 29, 2024 10:12 PM CST

ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခု၏စေလွှတ်မှုဖြင့် ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာ MoU အလုပ်သမား(၂၇၃)ဦးသည် MoU စာချုပ်ပါစည်းကမ်းချက်များကို ချိုးဖောက်ခံနေရသဖြင့် အခက်အခဲများကြုံတွေ့နေရကြောင်း မြန်မာအလုပ်သမားမဟာမိတ်အဖွဲ့ (WAG)ထံမှ သိရသည်။

မြန်မာ MoU အလုပ်သမား (၂၇၃)ဦးအား ထိုင်းနိုင်ငံ၊ လယောင်မြို့ရှိ ကုမ္ပဏီတစ်ခု၏လုပ်ငန်းခွင်၌ ရေလိုင်း၊မီးလိုင်းတို့ဖြင့် အလုပ်လုပ်ကိုင်ရန် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုနှင့် (၂)နှစ်စာချုပ်ချုပ်ဆို၍ စက်တင်ဘာ ၁၃ ရက်က လယောင်မြို့သို့ရောက်ရှိခဲ့ကြကြောင်း သိရသည်။

ထိုသို့ ရောက်ရှိလာခဲ့သော်လည်း ၎င်းတို့အလုပ်လုပ်ကိုင်မည့် ကုမ္ပဏီမှာ ဒေဝါလီခံသွားသဖြင့် အခြားအလုပ်ရှာပေးမည်ဟု အေဂျင်စီတာဝန်ရှိသူများကပြောဆို၍ စက်တင်ဘာ ၁၇ ရက်တွင် မြန်မာ MoU အလုပ်သမားများအား စီရတ်ချာမြို့သို့ခေါ်ဆောင်ကာ PENRUND CONDO VIEW ၏အောက်ဆုံးအထပ်တွင်ထားရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာ MoU. အလုပ်သမားများမှ စာချုပ်ပါလုပ်ငန်း၌လုပ်ကိုင်မည်ဟုပြောဆိုခဲ့သော် လည်း အေဂျင်စီတာဝန်ရှိသူများက ဆောက်လုပ်ရေးလုပ်ငန်းခွင်လုပ်ကိုင်မည့်သူများအားစာရင်းကောက်ယူပြီး လုပ်ငန်းခွင်သို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

” ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာလုပ်ဖို့ စာရင်းကောက်ပြီး တစ်ချို့တစ်ဝက်ကိုခေါ်သွားတယ်။. အဲဒီထဲကမှတစ်ချို့ကပြန်လာကြတယ်။ ကျန်ခဲ့တဲ့အရေအတွက်က အယောက် ၄၀ လောက်ရှိတယ်။ အခု PENRUND CONDO VIEW မှာ အ လုပ်သမား ၂၃၃ ယောက်လောက်ရှိတယ်”ဟု WAG ကပြောကြားထားသည်။

ထိုသို့ MoU စာချုပ်ပါစည်းကမ်းချက်များချိုးဖောက်ခံရသဖြင့် အခက်အခဲများကြုံတွေ့နေရသောကြောင့် မြန်မာ MoU အလုပ်သမားများမှ ၎င်းတို့၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် WAG အဖွဲ့ထံအကူညီတောင်းခံခဲ့သဖြင့် WAG အဖွဲ့ဝင်များက စက်တင်ဘာ ၂၆ ရက်တွင် အလုပ်သမားများနှင့်တွေ့ဆုံ၍ ကူညီမှုများပြု လုပ်ပေးလျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK