Top News

နွေရာသီတွင် ငွေကြေးများစွာ သုံးစွဲထားသည့် ချယ်လ်ဆီး လာမည့်ဇန်နဝါရီ၌ အလာဘာ၊ တာကောစကီး၊ ဒက်ကလန်ရိုက်တို့ကို ခေါ်ယူရန် စိတ်ဝင်စား
24htopnews | September 30, 2024 11:12 AM CST

ပြီးခဲ့သည့်နွေရာသီအပြောင်း အရွှေ့ကာလတွင် ငွေကြေးများစွာ သုံးစွဲပြီး ကစားသမားသစ်များ ခေါ်ယူထားသည့် ချယ်လ်ဆီးအသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ ကာလတွင်လည်း အလာဘာ၊ တာကောစကီး၊ ဒက်ကလန်ရိုက်စသည့် ကစားသမားများကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်းသိရှိရသည်။

ဒက်ကလန်ရိုက်သည် ယခင်ကတည်းက ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်ခေါ်ယူရန် ပစ်မှတ်ထားနေသည့် ကစားသမားတစ်ဦးဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း ချယ်လ်ဆီးသို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားနေသည်။

ယခုအချိန်တွင်လည်း ဘန်လေအသင်း၏ နောက်ခံလူ တာကောစကီးသည် အသင်းက စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ဒုတိယအကြိမ်ပယ်ချခဲ့သဖြင့် ဘန်လေအသင်းသည် အလွတ်ပြောင်းရွှေ့ကြေးဖြင့် မထွက်ခွာစေလိုပါက ယခုဇန်နဝါရီတွင် ရောင်းထုတ်ရမည့်အနေအထားဖြစ်နေသည်။

အလားတူ ဘိုင်ယန်မြူးနစ်အသင်း၏ နောက်ခံလူ အလာဘာကိုလည်း အသင်းက စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးတော့မည်မဟုတ်ဟုဆိုခဲ့ရာ ချယ်လ်ဆီးအသင်းသည် ခံစစ်ပိုင်းကို အားဖြည့်ရန်အတွက် ယင်းကစားသမားများထဲမှ တစ်ဦး (သို့မဟုတ်) နှစ်ဦးကို ခေါ်ယူလိုနေခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်း၏ ဒါရိုက်တာတစ်ဦးဖြစ်သူ မာရီယာဂရန်ဗာနော့ဗ်စကီယာကလည်း အသင်းတွင် ပိုလျှံနေသည့် ကစားသမားများစွာကို ရောင်းထုတ်ရန် စီစဉ်နေပြီး ယင်းငွေကြေးများအပြင် ပေါင်သန်း (၈၀)ခန့် အသုံးပြုပြီး အင်အားဖြည့်ပေးရန် စီစဉ်နေကြောင်း မီဒီယာများက ဖော်ပြနေကြသည်။


READ NEXT
Cancel OK