Top News

၂၀၂၄ အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအမျိုးသမီးဖူဆယ်အသင်း  စက်တင်ဘာ ၃၀ ရက်တွင် စတင်လေ့ကျင့်
24htopnews | September 30, 2024 6:12 PM CST

မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းသည် ၂၀၂၄ အာဆီယံအမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စက်တင်ဘာ ၃၀ ရက်မှစ၍ လေ့ကျင့်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းကို နည်းပြချုပ်အဖြစ် ဦးဌေးမြင့်က တာဝန်ယူကိုင်တွယ်နေပြီး ပဏာမကစားသမား ၂၆ ဦးဖြင့် ဖွဲ့စည်းလေ့ကျင့်နေလျက်ရှိကြောင်း သိရသည်။

နည်းပြချုပ် ဦးဌေးမြင့်သည် မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းကို ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ MFF အမျိုးသမီးဖူဆယ်ဖိတ်ခေါ်ပြိုင်ပွဲ (MFF Women Futsal Invitation Cup) မှ ထူးချွန်ကစားသမားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် ယခင်က မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းကို နိုင်ငံခြားသားနည်းပြတစ်ဦး ခန့်အပ်ရန် စီစဉ်ခဲ့သော်လည်း အဆင်မပြေခဲ့သောကြောင့် ပြည်တွင်းနည်းပြဖြစ်သူ ဦးဌေးမြင့်ကို တာဝန်ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဦးဌေးမြင့်သည် မြန်မာ့လက်ရွေးစင်အမျိုးသားဖူဆယ်အသင်းတွင်လည်း လက်ထောက်နည်းပြအဖြစ် ဆက်လက်တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးဌေးမြင့်သည် မြန်မာ့လက်ရွေးစင်အမျိုးသားဖူဆယ်အသင်းနှင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းတို့ကို ယခင်ကလည်း တာဝန်ယူကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၄ အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာ၁၆ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။

AFF သည် လက်ရှိတွင် ယင်းပြိုင်ပွဲတွင် ပါဝင်မည့်အသင်းများ၊ အုပ်စုခွဲဝေမည့်ရက်စွဲနှင့် ပြိုင်ပွဲကျင်းပမည့်ပုံစံတို့ကို ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

AFF သည် အာဆီယံအမျိုးသားဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲများကိုသာ ကျင်းပခဲ့ဖူးပြီး ယခုမှသာ ပထမဆုံးအကြိမ်အဖြစ် အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ယခုမှ ပထမဆုံးကျင်းပမည်ဖြစ်သော်လည်း ဆီးဂိမ်းစ်အမျိုးသမီးဖူဆယ်ပြိုင်ပွဲကိုမူ ငါးကြိမ်ကျင်းပဖူးပြီး  မြန်မာအမျိုးသမီးအသင်းမှာ ကြေးတံဆိပ်ဆုတစ်ကြိမ် ရရှိခဲဖူးသည်။

 


READ NEXT
Cancel OK