Top News

ပို၍ခေတ်မီပြီး စွမ်းဆောင်ရည်မြင့်သော လက်နက်များ တည်ဆောက်ရန် ခါမေနီက အီရန်အစောင့်တပ်ကို တိုက်တွန်း
24htopnews | October 2, 2024 12:12 PM CST

ပို၍ခေတ်မီပြီး စွမ်းဆောင်ရည်မြင့် သော လက်နက်ပစ္စည်းများ တီထွင်ထုတ်လုပ်ရန် အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာအလီခါမေနီက အီရန်တော်လှန်ရေး အစောင့်တပ်ကို အောက်တိုဘာ ၁၃ ရက်တွင် တိုက်တွန်းခဲ့သည်။ အမေရိကန်နှင့် ပင်လယ်ကွေ့ အာရပ်နိုင်ငံများအကြား အငြင်းပွားမှု များမြင့်တက်လာနေစဉ် ခါမေနီ၏ ပြောကြားချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“တော်လှန်ရေးအစောင့်တပ်မှာ စွမ်းဆောင်ရည်မြင့်ပြီး ခေတ်မီတဲ့ စစ်လက်နက်ပစ္စည်းတွေ ရှိဖို့ကောင်းနေပါပြီ။ အစောင့်တပ်အနေနဲ့ လက်နက်တွေကို အဆင့်မြှင့်တင်ဖို့၊ တီထွင်ထုတ်လုပ်ဖို့ လိုအပ်ပါတယ်။ လက်ရှိအချိန် အီရန်နိုင်ငံတွင်းနဲ့ နိုင်ငံ့ပြင်ပမှာ တော်လှန်ရေးအစောင့်တပ်က တပ်အင် အားကို တောင့်တောင့်တင်းတင်းချထားပါတယ်။ အမေရိကရဲ့ ရန်လိုတဲ့ချဉ်းကပ်မှုက အီရန်အစောင့်တပ်ရဲ့ ဂုဏ်သတင်းကို ပိုကြီးစေခဲ့ပါတယ်” ဟု တီဟီရန်ရှိ Imam Hossein စစ်တက္ကသိုလ်၌ ပြောကြားသောမိန့်ခွန်းအတွင်း ခါမေနီက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ အီရန်နျူကလီးယားသဘောတူညီချက်မှ သမ္မတထရန့်အစိုးရက နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း ပင်လယ်ကွေ့အတွင်း တင်းမာမှုများ မြင့်သထက်မြင့်လာခဲ့သည်။ အီရန်အပေါ် အမေရိကန်က စီးပွားရေးပိတ်ဆို့မှုများ ပြန်လည်ချမှတ်ချိန်တွင် ဆော်ဒီအာရေဗျနှင့်ပင်လယ်ကွေ့ဒေသအတွင်း တိုက်ခိုက် မှု အများအပြားဖြစ်ပွားခဲ့သည်။ တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ၀ါရှင်တန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများက အီရန်ကို အပြစ်တင်ခဲ့ကြသော်လည်း အီရန်ကမူ ငြင်းဆိုထားသည်။

စက်တင်ဘာ ၁၄ ရက်က ဆော်ဒီရေနံ ချက်စက်ရုံများ တိုက်ခိုက်ခံရမှု နောက်ကွယ် တွင် အီရန်ပါဝင်နေကြောင်း အမေရိကန်နှင့် ဆော်ဒီက စွပ်စွဲထားသည်။ ယီမင်ရှိ အီရန် ကျောထောက်နောက်ခံပြု ဟူသီသူပုန်များ၏ လက်ချက်ဖြစ်ကြောင်း ကြေညာထားသည့် ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ပါဝင်ပတ်သက်ခြင်းမရှိဟု အီရန်က ငြင်းချက်ထုတ်ခဲ့သည်။

ထိုကဲ့သို့ တင်းမာမှုများဖြစ်ပွားနေစဉ် တိုက်လေယာဉ်အုပ်စု၊ စစ်ဆင်ရေးအတွက် ပြည်ပသို့ စေလွှတ်သော လေတပ်ဖွဲ့နှင့်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ အပါအဝင်တပ်ဖွဲ့ဝင် ၃၀၀၀ ခန့်ကို ဆော်ဒီအာရေဗျ တွင် တပ်ချထားရန် ၀ါရှင်တန်က စီစဉ်နေ သည်။

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်း သည် အောက်တိုဘာ ၁၃ ရက်တွင် တီဟီရန်သို့ ရောက်ရှိလာခဲ့ပြီး ခါမေနီနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ အီရန်နှင့်ဆော်ဒီအကြားရှိ တင်းမာမှုများ ပြေငြိမ်းစေရန် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ အီရန်နှင့် အငြင်းပွားမှုများကို လျှော့ချရာတွင် ကူညီရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ၎င်းအား တောင်းဆိုထားကြောင်းခန်းက ဆိုသည်။

“အီရန်နဲ့ ဆော်ဒီအာရေဗျအကြားမှာ ပဋိပက္ခဖြစ်ပွားလာတာကို ပါကစ္စတန်က အလိုမရှိပါဘူး။ တီဟီရန်နဲ့ ရီယာ့ဒ်တို့အကြား ဆွေးနွေးပွဲတွေဖြစ်မြောက်လာအောင် လုပ်ပေးရတာကို ကျွန်တော်က ဆန္ဒရှိတာပါ” ဟု အီရန်သမ္မတဟက်ဆန်ရိုဟာနီနှင့်ပြုလုပ် သော ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ခန်းက ပြောကြားခဲ့သည်။

အမေရိကန်၏မဟာမိတ်များဖြစ်ကြသည့် အာရပ်ပင်လယ်ကွေ့နိုင်ငံများသည် အမေရိကန်၏အလိုအတိုင်း လုပ်ဆောင်နေ ကြကြောင်း၊ အီရန်ကို တိုက်ခိုက်မှုပြုလုပ်သော မည်သည့်တိုက်ခိုက်ရေးသမားမဆို နောင်တရသွားလိမ့်မည်ဖြစ်ကြောင်း ခန်း နှင့် တွေ့ဆုံစဉ်အတွင်း ခါမေနီက ပြောကြားခဲ့သည်။


READ NEXT
Cancel OK