Top News

၁၈ နှစ်ပြည့် အာဖဂန်စစ်ပွဲနှင့် အလှမ်းဝေးနေဆဲ ငြိမ်းချမ်းရေး
24htopnews | October 2, 2024 12:12 PM CST

အာဖဂန်နစ္စတန် စစ်ပွဲကြောင့် အသက် ၁၃ နှစ်ရှိ ဖိနပ်တိုက်သူ ဟာမီးဒူလာသည် ၎င်း၏ပညာရေးကို စွန့်လွှတ်ခဲ့ရသည်။ ဆင်းရဲမွဲတေမှုကြောင့် အသက် ၁၁ နှစ်ရှိ ဆာဘီယာသည် နေရပ်မှ စွန့်ခွာပြီး မြို့တော် ကဘူး၏ လမ်းများပေါ်တွင် အသီးအနှံများကို ရောင်းချခဲ့ရသည်။ အသက် ကိုးနှစ်ရှိ နီယာမာတူလာမာ သည်လည်း အလုပ်ရှာရန်အတွက် ပန်းခြံတစ်ခုတွင် အချိန်ကုန်ခဲ့ရသည်။

ယင်းကဲ့သို့ ကလေးများ၏ ဖြစ်ရပ်များ ကြုံနေရသော အာဖဂန်တွင် အောက်တိုဘာ ၇ ရက်၌ နောက်ထပ် စိတ်ဓာတ်ကျစရာ မိုင်တိုင်တစ်ခုကို ဖြတ်ကျော်ခဲ့ရသည်။ ယင်းမှာ အာဖဂန်စစ်ပွဲသည် ၁၈ နှစ် ပြည့်သွားခြင်းဖြစ်ပြီး အာဖဂန်ကလေး တစ်ဦးစီတိုင်းသည် ယခုအခါ စစ်ပွဲကိုသာ သိရှိသည့် အနေအထား ဖြစ်သွားခဲ့သည်။

“အာဖဂန်နစ္စတန်မှာ ငြိမ်းချမ်းရေးဆိုတာ ကျွန်တော်တို့အတွက် အိပ်မက်တစ်ခုလိုပါပဲ” ဟု အသက် ၁၇ နှစ် ရှိပြီဖြစ်သော ကဘူး အထက်တန်းကျောင်းသား မိုဟာမက်မိုဘင်က ပြောကြားခဲ့သည်။ ၎င်းတို့သည် ငြိမ်းချမ်းရေးရရှိမှသာ အာဖဂန်နစ္စတန်သည် တိုးတက်နိုင်မည် ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

အမေရိကန်တွင် လူ ၃၀၀၀ နီးပါး သေဆုံးခဲ့ရသည့် အယ်ကေးဒါးအဖွဲ့၏ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့အပြီး ၂၀၀၁ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် အမေရိကန်သည် အာဖဂန်နစ္စတန်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

အယ်ကေးဒါးခေါင်းဆောင် အိုစမာဘင်လာဒင်အား လွှဲပေးရန် ငြင်းဆန်ခဲ့သော တာလီဘန်အစိုးရသည် သီတင်းပတ် အနည်းငယ်အတွင်း ဖြုတ်ချခံခဲ့ရသော်လည်း ထိုစစ်သွေးကြွများ၏ တိုက်ခိုက်မှုများကြောင့် ယင်းနောက်ပိုင်း အမေရိကန်သမိုင်းတွင် အရှည်ကြာဆုံးစစ်ပွဲထဲသို့ သက်ဆင်းသွားခဲ့သည်။

အကြမ်းဖက်မှုများသည် မကြာသေးမီနှစ်များအတွင်း ပိုမိုဆိုးရွားလာခဲ့ပြီး ကလေးများအား ပြင်းပြင်းထန်ထန် သက်ရောက်ခဲ့သည်။

“ကျွန်တော်တို့တွေ မွေးလာပြီး နောက်ပိုင်းကတည်းက နိုင်ငံထဲမှာ ငြိမ်းချမ်းရေးဆိုတာ မခံစားရဖူးဘူး။ တိုက်ခိုက်နေတာနဲ့ ပဋိပက္ခတွေကိုပဲ ကြုံခဲ့ရတယ်” ဟု ကဘူးမှ ဆေးကျောင်းသား တစ်ဦးဖြစ်သူ အသက် ၁၈ နှစ်ရှိပြီဖြစ်သော ဆာယက်အီဘရာဟင်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂက ပြီးခဲ့သော သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အာဖဂန်နိုင်ငံတစ်ဝန်း၌ ကလေးသူငယ်များ လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်ခံရမှု ၁၄၀၀၀ ကျော်ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ပြီး ယခင်လေးနှစ်ကထက် အလွန်အမင်း မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အာဖဂန်နစ္စတန်တွင် နေထိုင်သူများသည် နေ့စဉ်နီးပါး ဗုံးပေါက်ကွဲမှုများအတွက် ထိတ်လန့်နေရပြီး ဘေးကင်းလုံခြုံမှု ကင်းမဲ့ခြင်းကြောင့် ကျောင်းသို့လည်း မသွားနိုင်ကြောင်း၊ မိဘများ သို့မဟုတ် မောင်နှမများ အိမ်ပြန်ရောက်မလာပါက မည်သို့ဖြစ်ပွား ခဲ့ကြောင်းကိုလည်း မသိနိုင်ကြောင်း Save the Children အတွက် အာဖဂန်နစ္စတန်ဆိုင်ရာ ညွှန်ကြားရေးမှူး အွန်နိုဗန်မာနင်းက ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်တွင် အာဖဂန်စာ သင်ကျောင်းများအား တိုက်ခိုက်မှုသည် ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက သုံးဆမြင့်တက်ခဲ့ကြောင်း၊ ပဋိပက္ခများကြောင့် ၂၀၁၈ ခုနှစ်ကုန်မတိုင်မီ အာဖဂန်စာသင်ကျောင်း ၁၀၀၀ ကျော်ကို ပိတ်ခဲ့ရကြောင်း ကုလသမဂ္ဂ ကလေးသူငယ် ရန်ပုံငွေ အဖွဲ့ (UNICEF) က ထုတ်ပြန်ခဲ့သည်။

“ကျွန်တော့်မှာ ပိုက်ဆံမရှိလို့ စာမသင်နိုင်ပါဘူး။ ကျွန်တော့် မိသားစုကိုထောက်ပံ့ဖို့ ပိုက်ဆံရှာရမယ်” ဟု ၎င်း၏မွေးရပ် ဂါဇ်နီပြည်နယ်မှ ထွက်ပြေးခဲ့ရပြီး ကဘူးမြို့လယ်တွင် မြေပဲများ၊ နေကြာစေ့များနှင့် သီးနှံခြောက်များ ရောင်းချနေသည့် အသက် ၁၁ နှစ်အရွယ် ဆာဘီယာက ပြောကြားခဲ့သည်။ “ကျွန်တော်တို့တွေ စာသင်ကျောင်းသွားပြီး စာသင်ရမယ်။ ကျွန်တော်တို့တွေ ပညာရေးကနေတစ်ဆင့် တိုက်ခိုက်မှုတွေကို အဆုံးသတ်နိုင်ပါတယ်” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

သင့်လျော်သော အလုပ်များမရှိ

၂၀၀၁ ခုနှစ်တွင် အမေရိကန် ဦးဆောင်သော တပ်များ၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် အာဖဂန်လူငယ် အများအပြား အထူးသဖြင့် တာလီဘန် လက်အောက်တွင် ပညာသင်ကြားခွင့် ပိတ်ပင်ခံရသည့် မိန်းကလေးငယ်များအတွက် ခိုင်မာသော တိုးတက်မှုအချို့ ရရှိစေရန် ရှေ့ပြေးနိမိတ်ဖြစ်ခဲ့သည်။

ကဘူးနှင့် အခြားမြိို့ပြဒေသများတွင် စာသင်ကျောင်းများနှင့် တက္ကသိုလ်များ ပေါများလာခဲ့ပြီး ထိုကလေးမျိုးဆက် တစ်ဆက်လုံးသည် ယခုအခါ တာလီဘန်အုပ်ချုပ်မှုကို မသိကြတော့ပေ။

သို့သော် စီးပွာရေးမှာ အလွန်အမင်း အားနည်းနေဆဲဖြစ်ပြီး ဆင်းရဲသား မိသားစုများသည် အမြဲလိုလို ၎င်းတို့၏ ကလေးများအား ကျောင်းမတက်စေဘဲ အပိုဝင်ငွေများရရှိရန် အန္တရာယ်များသော လမ်းများပေါ်တွင် စျေးရောင်းစေခဲ့သည်။

လူငယ်အများအပြားအတွက် အလုပ်အကိုင်များမှာ အလွန်အမင်းရှားပါးပြီး ၎င်းတို့သည် ပုံမှန်လစာပေးနိုင်သော တာလီဘန်အဖွဲ့ သို့မဟုတ် အခြားအကြမ်းဖက် အဖွဲ့များနှင့် ပူးပေါင်းရန်မှလွဲ၍ ရွေးချယ်စရာ မရှိသလောက် နည်းပါးသည်။

ကဘူးမြို့လယ်ရှိ လူစည်ကားသော ပန်းခြံတစ်ခုတွင် အသက်ကိုးနှစ်အရွယ် နီယာမာတူလာက သူသည် ငွေရရန်အတွက် ပီကေရောင်းခြင်း၊ ကားရေဆေးခြင်း၊ တောက်တိုမယ်ရအလုပ် မည်သည့်အလုပ်ကိုမဆို လုပ်မည်ဟု ပြောကြားခဲ့သည်။ ဖိနပ်တိုက်သူ အသက် ၁၃ နှစ်ရှိ ဟာမီးဒူလာက သူသည် ကျောင်းတက်နေရမည် ဖြစ်သော်လည်း မိသားစုအတွက် ငွေရှာနေရကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့၏ ထုတ်ပြန်ချက်အရ အာဖဂန်နစ္စတန် လူဦးရေအားလုံး၏ ၄၂ ရာ ခိုင်နှုန်းသည် အသက် ၁၄ နှစ်အောက် ဖြစ်ကြောင်း သိရသည်။ အာဖဂန်ကလေး ၃.၇ သန်းကျော်သည် လတ်တလောတွင် ကျောင်းမနေရကြောင်း UNICEF ကလည်း ထုတ်ပြန်ခဲ့သည်။

အမေရိကန်နှင့် တာလီဘန်အဖွဲ့တို့သည် အာဖဂန်အစိုးရနှင့် တာလီဘန်အဖွဲ့အကြား ဆွေးနွေးပွဲ ဖြစ်မြောက်လာပြီး နောက်ဆုံးတွင် အပစ်အခတ်ရပ်စဲနိုင်ရန် ညှိနှိုင်းခဲ့ကြသည်။ သို့သော် အမေရိကန်အစိုးရက တာလီဘန်အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုအား ထောက်ပြ၍ ဆွေးနွေးပွဲကို ရုတ်တရက် ရပ်ဆိုင်းခဲ့သည်။


READ NEXT
Cancel OK