
၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် ရေလှောင်တမံအများစု၌ ရေဝင်ရောက်မှု လျော့ကျခဲ့ခြင်းကြောင့် အချို့သောရေလှောင်တမံများတွင် သောက်သုံးရေတစ်မျိုးတည်းသာ ပေးဝေနိုင်ခဲ့ပြီး နွေစပါးစိုက်ပျိုးရေ ပေးဝေရန်မလုံလောက်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
ယင်းသို့ ရေမလုံလောက်မှုများကြောင့် အခြားသီးနှံများပြောင်းလဲ စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရေလေလွင့်ဆုံးရှုံးမှု များပြားပြီး စိုက်ပျိုးရေအငြင်းပွားမှုဖြစ်စေနိုင်မည့် ကွက်ဆင့်သောက် စနစ်များ လျော့နည်းသွားစေရန်နှင့် လယ်သမားအချင်းချင်း နားလည်မှုရှိစွာဖြင့် လယ်ကြားမြောင်းများ ဆောက်လုပ်နိုင်ရန် ရေအသုံးချသူများအဖွဲ့ Water User Group (WUG) ကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၌ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်အထိ ရေအသုံးချသူများအဖွဲ့ ၈၁၈၈ ဖွဲ့ကို ဖွဲ့စည်းပေးနိုင်ခဲ့ပြီး ရေအသုံးချသူများအသင်း တိုးချဲ့ဖွဲ့စည်းပေးနိုင်ရေး ဆောင်ရွက်နေကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်က ဆိုသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် မိုးစပါးနှင့် နွေစပါးစုစုပေါင်းစိုက်ဧက ၁၈ သန်းနီးပါးစိုက်ပျိုးပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၁၇ ဒသမ ၃၁ သန်းရှိကာ ငါးနှစ်အတွင်း စပါးသီးနှံစိုက်ပျိုးဧက အနည်းဆုံးနှစ်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် နှစ်အလိုက် မိုးစပါးနှင့် နွေစပါး စုစုပေါင်းစိုက်ပျိုးမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒသမ ၃၇ သန်း၊ နွေစပါး ၂ ဒသမ ၄၅ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၈၂ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ မိုးစပါး ၁၅ ဒသမ ၂၄ သန်း၊ နွေစပါး ၂ ဒသမ ၄၆ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၇၀ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒသမ ၂၂ သန်း၊ နွေစပါး ၂ ဒသမ ၇၁ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၉၃ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒသမ ၀၈ သန်း၊ နွေစပါး ၂ ဒသမ ၇၈သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၈၆ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၄ ဒသမ ၉၈ သန်း၊ နွေစပါး ၂ ဒသမ ၃၃ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၃၁ သန်း စိုက်ပျိုးထားသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ ဆည်ရေဖြင့် မိုးစပါးနှင့် နွေစပါး စိုက်ဧက ၂ ဒသမ ၁ သန်းကျော်စိုက်ပျိုးနိုင်ပြီး ယခင်နှစ်ကာလတူထက် ဆည်ရေဖြင့် စိုက်ပျိုးနိုင်မှုဧက တစ်သိန်းကိုးသောင်းကျော် လျော့ကျခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
ဘဏ္ဍာနှစ်အလိုက် ဆည်ရေဖြင့် မိုးစပါး၊ နွေစပါးစိုက်ပျိုးနိုင်မှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧက ၁၁၄၉၀၇၂၊ နွေစပါး စိုက်ဧက ၇၆၃၂၃၉ ရှိသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ မိုးစပါး စိုက်ဧက ၁၁၈၂၀၂၁၊ နွေစပါးစိုက်ဧက ၉၀၅၁၇၈ ရှိသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မိုးစပါး စိုက်ဧက ၁၂၂၈၈၁၁၊ နွေစပါးစိုက် ဧကအနေဖြင့် ၁၁၂၈၈၁၀ ရှိသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ မိုးစပါးစိုက်ဧက ၁၁၉၇၂၉၂ ရှိပြီး နွေစပါးစိုက်ဧက ၁၁၂၀၇၁၆ ဧက ရှိပြီး စုစုပေါင်းဆည်ရေဖြင့် စိုက်ပျိုး ဧက၂၃၁၈၀၀၈ ရှိသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ မိုးစပါးစိုက်ဧက ၁၁၆၃၃၃၈ ရှိပြီး နွေစပါးစိုက်ဧက ၉၅၆၂၂၄ ဧကရှိပြီး စုစုပေါင်းဆည်ရေဖြင့် စိုက်ပျိုးဧက၂၁၁၉၅၆၂ ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
COVID-19 ကာလအတွင်း လယ်ယာထွက်ကုန်များ၏ စျေးနှုန်းပြောင်းလဲမှုကြောင့် ပုံမှန်ရောင်းဝယ်မှုနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်ရေး ရေတိုရေရှည်သီးနှံစျေးကွက်ဆိုင်ရာနည်းဗျူဟာရေးဆွဲ ဆောင်ရွက်ရမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆိုသည်။
COVID-19 ကာလအတွင်း လယ်ယာထွက်ကုန်များ၏ စျေးကွက်စျေးနှုန်း ပြောင်းလဲလာမှုကြောင့် ပုံမှန်လည်ပတ်ရောင်းဝယ် ဖောက်ကားမှုနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်ရေးတို့တွင် ပြည်တွင်းပြည်ပ စျေးကွက်လိုအပ်ချက် သတင်းအချက်အလက်များကို စိုက်ပျိုးထုတ်လုပ်သူတောင်သူများ ကြိုတင်သိရှိနိုင်ရေးအတွက် ရာသီချိန်အလိုက် သီးနှံထွက်ရှိမှု၊ စျေးကွက်တင်ပို့မှုဆိုင်ရာ မှတ်တမ်းများ၊ ရေတိုရေရှည်သီးနှံစျေးကွက်ဆိုင်ရာ နည်းဗျူဟာများ ရေးဆွဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဒေါက်တာအောင်သူက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်