Top News

ကလပ်ကမ္ဘာ့ဖလားအတွက် ယာယီအပြောင်းအရွှေ့ကာလသတ်မှတ်ရန် ဖီဖာသဘောတူ
24htopnews | October 4, 2024 4:12 PM CST

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ယာယီအပြောင်းအရွှေ့ကာလ သတ်မှတ်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမည့်နှစ် ဇွန်လမှ ဇူလိုင်လအတွင်း အမေရိကန်နိုင်ငံတွင် ကျင်းပသွားမည်ဖြစ်ပြီး အသင်းအရေအတွက် (၃၂)သင်းအထိ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

ယင်းကဲ့သို့ အသင်းအရေအတွက် တိုးမြှင့်ထားခြင်းကြောင့် ဝေဖန်ပြစ်တင်မှုများစွာနှင့် ရင်ဆိုင်နေရသည့်အတွက် ဖီဖာက ပြောင်းလဲ ပြင်ဆင်မှုများစွာနှင့်အတူ အောင်မြင်စွာကျင်းပနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ဖီဖာသည် ၂၀၂၅ နွေရာသီအပြောင်းအရွှေ့ကာလ၌ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ယာယီအပြောင်းအရွှေ့စျေးကွက် ဖွင့်လှစ်ပေးမည်ဖြစ်သည်။

ပုံမှန်အားဖြင့် နွေရာသီအပြောင်းအရွှေ့စျေးကွက်ကို ဇူလိုင်(၁)ရက်မှ ဖွင့်လှစ်ပြီး ကစားသမားများ၏ စာချုပ်သက်တမ်းမှာ ဇွန်လ(၃၀) ရက်အထိ ရှိနေကြသည်။

သို့ရာတွင် ၂၀၂၅ နွေရာသီတွင်မူ ကလပ်ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့်ရရှိထားသော အသင်းများအနေဖြင့် ဇွန်လပထမပတ်အတွင်းမှာပင် အပြောင်းအရွှေ့လှုပ်ရှားမှုများ ပြုလုပ်ခွင့်ရမည်ဖြစ်ပြီး ဇွန်(၃၀)မှ သက်တမ်းကုန်မည့် ကစားသမားများကို ဇွန်(၁)ရက်မှ (၁၀)ရက်အတွင်း ခေါ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK