Top News

တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးတွင် ၂၀၁၇ ခုနှစ်အတွင်း ကင်ဆာရောဂါဝေဒနာရှင် ပြင်ပလူနာ ၁၀၀၀၀ ကျော်နှင့် အတွင်းလူနာ ၂၃၀၀ ကျော်အား ဆေးကုသပေးခဲ့
24htopnews | October 7, 2024 9:12 AM CST

တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီး တွင် ၂၀၁၇ ခုနှစ်အတွင်း ကင်ဆာရောဂါဝေဒနာရှင် ပြင်ပလူနာ ၁၀၀၀၀ ကျော်နှင့် အတွင်းလူနာ ၂၃၀၀ ကျော်တို့အား ဆေးကုသပေးခဲ့သည်ဟု တောင်ကြီးမြို့ ခုတင် ၅၀၀ ဆံ့ စဝ်စံထွန်းဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ငွေစံက ပြောကြားသည်။

တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးတွင် ၁၉၆၂ ခုနှစ်ကတည်းကစ၍ ကင်ဆာဓာတ်ရောင်ခြည်ကုထုံးကို စတင်ကုသပေးခဲ့ခြင်းဖြစ်ပြီး ပြင်ပဓာတ်ကင်စက်အဖြစ် Linear Acceleator နှင့် အတွင်းဓာတ်ကင်စက် Brachy Therapy တို့ဖြင့် ရောဂါများကို ကုသပေးခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်တွင် ဆေးသွင်းကုထုံးနှင့် ဓာတ်ကင်ကုထုံးတို့တွင် ပြင်ပလူနာအသစ် ၁၀၅၆ ဦး ဆေးကုသပေးခဲ့ပြီး ပြင်ပလူနာအဟောင်း ၁၀၃၇၂ ဦး၊ ပြင်ပလူနာအသစ်နှင့် အဟောင်းတို့ကို ကြည့်ရှုပေးခဲ့ရသော အကြိမ် ၁၁၄၂၈ ကြိမ် ကြည့်ရှုစောင့်ရှောက်ပေးခဲ့ရကြောင်း၊ အတွင်းလူနာအဖြစ် ကုသခဲ့ရသူ ၂၃၈၂ ဦး ကင်ဆာရောဂါ ကုသအဆောင်တွင် တက်ရောက်ကုသပေးခဲ့ကြောင်းသိရသည်။

တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးတွင် အများဆုံးကုသပေးခဲ့သော ကင်ဆာအမျိုးအစားများမှာ (၁) ရင်သားကင်ဆာ၊ (၂) ဦး ခေါင်းပိုင်းနှင့် လည်ပင်းကင်ဆာ၊ (၃) အဆုတ်ကင်ဆာ၊ (၄) အမျိုးသမီး သားအိမ်ခေါင်းကင်ဆာ ၊ (၅) မီးယပ်ပိုင်းဆိုင်ရာ အခြားသောကင်ဆာ အမျိုးအစားများဖြစ်ပြီး ခံတွင်းကင်ဆာ၊ အူမကြီးနှင့် စအိုကင်ဆာတို့လည်း ပါဝင်ကြောင်း သိရသည်။

“ဆေးရုံအနေနဲ့ ၁၉၆၂ ခုနှစ်ကတည်းက စဝ်စံထွန်းဆေးရုံက ကင်ဆာရောဂါဝေဒနာနဲ့ပတ်သက်ပြီးတော့ ဓာတ်ရောင်ခြည်ကုထုံးရှိခဲ့တယ်။ အခုချိန်မှာတော့ ဓာတ်ရောင်ခြည်ကုထုံးနဲ့ ကုရတဲ့ကင်ဆာဝေဒနာရှင်တွေ ရှိတယ်။ ဆေးသွင်းကုထုံးနဲ့ကုရတဲ့ ကင်ဆာဝေဒနာရှင်တွေ ရှိတယ်။ ဆေးသွင်းတာရော၊ ဓာတ်ကင်တာရော ရှိတယ်။ ၂၀၁၇ ခုနှစ် စာရင်းပေါ့။ ၂၀၁၈ စာရင်းက အခုမှ လုပ်နေတုန်း ရှိသေးတယ်” ဟု စဝ်စံထွန်းဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ငွေစံက ပြောကြားသည်။

တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးတွင် ဆေးကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ အရိုးရောဂါ ကုသဆောင်၊ မျက်စိနားနှာခေါင်း ကုသဆောင်၊ ကင်ဆာရောဂါကုသဆောင်၊ မျက်နှာမေးရိုး သွားခံတွင်းကုသဆောင်၊ စိတ်ရောဂါကုသဆောင်၊ ခွဲစိတ်ခန်း၊ ပြင်ပလူနာ ဌာန အစရှိသဖြင့် ပြည့်ပြည့်စုံစုံရှိသဖြင့် နှိုင်းယှဉ်မည်ဆိုလျှင် အတော်များများ ထောက်ပံ့ပေးနိုင်သည့် အနေအထားရှိကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ငွေစံက ပြောကြားသည်။                            

 


READ NEXT
Cancel OK