မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်တွင် စမ်းသပ်တူးဖော်မည့် မြိုင် ပေနက်ရေနံအစမ်းတွင်း အမှတ် (၁) ကို အောင်မြင်စွာ စမ်းသပ်တူးဖော်နိုင်ပါက တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသုံးသန်းခန့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိနိုင်ရေးအတွက် ရေနံအစမ်းတွင်းများ တူးဖော်ထားခြင်းမရှိသေးသည့် မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်း မြိုင် ပေနက်ရေနံအစမ်းတွင်း အမှတ် (၁) ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် စတင်တူးဖော်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
“ကျွန်တော်တို့ အခုတူးမယ့် အစမ်းတွင်းဆိုတာလည်း ရေနံရှာဖွေရေးတွင်းပေါ့။ မြိုင် ရှာဖွေရေးတွင်း အမှတ် (၁) ပေအနက် ၈၅၀၀။ ဘယ်နေရာမှာရှိလဲဆိုရင် ကျွန်တော်တို့ဒေသအားဖြင့်ပြောမယ်ဆိုရင် မြိုင်မြို့ရဲ့ အနောက်မြောက်ဘက်မှာ ရှိတာပေါ့။ လေးမိုင်၊ ငါးမိုင်ခန့် အကွာမှာရှိတယ်။ ကျွန်တော်တို့ ဘူမိအနေအထားအရ ပြောရင်တော့ မြိုင်အနေအထားရဲ့ အလယ်လောက်မှာရှိတယ်။ ကျွန်တော်တို့ စောစောကပြောသလိုပဲ ရေနံရှာဖွေရေးတွင်းဆိုတော့ ဒါကျွန်တော်တို့ သာမန်တူးဖော်နေကျပါပဲ။ နှစ်စဉ်နှစ်တိုင်းလိုပဲ ရေနံရှာဖွေရေး တစ်တွင်းလောက် နှစ်စဉ်တူးနေတယ်။ ကျွန်တော်တို့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့က ရေနံထုတ်လုပ်ရေးလည်း လုပ်နေသလို ရေနံရှာဖွေရေးလည်း တစ်ပြိုင်နက်လုပ်တဲ့ ဌာနပါ။ အဲဒီတော့ ကျွန်တော်တို့တင် လုပ်နေသလားဆိုတော့ အခါအခွင့်သင့်တုန်း ကျွန်တော်ပြောပြရရင် ကျွန်တော်တို့တင် လုပ်နေသလားဆိုတော့ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ PSC စာချုပ်အရ လုပ်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေကလည်း ရေနံရှာဖွေရေးတွေ လုပ်နေတယ်။ သူတို့ကတော့ ကန်ထရိုက်စနစ်နဲ့ပေါ့” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဉာဏ်ထွန်းက ပြောကြားသည်။
မြိုင်ဒေသအတွင်း ပေနက်အစမ်းတွင်း တူးဖော်ရာတွင် ကုန်ကျစရိတ်များ လျှော့ချနိုင်ရေးအတွက် ဘူမိဗေဒ Seisimic တိုင်းတာခြင်းလုပ်ငန်း၊ မြေပေါ်ဘူမိဗေဒ ကွင်းဆင်းခြင်းလုပ်ငန်းများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်းက ဆောင်ရွက်ခဲ့ပြီး Seismic မှ Prospect Map များ ထုတ်လုပ်နိုင်ခြင်း၊ မြေပေါ်ဘူမိဗေဒအဖွဲ့က ပြတ်ရွေ့တည်ရှိမှုကို အတည်ပြုနိုင်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
မြိုင် ပေနက်ရေနံအစမ်းတွင်း အမှတ် (၁) သည် ချင်းတွင်းအနည်ကျ ချိုင့်ဝှမ်း၏ မြိုင် လွှာတွန့်ခုံးတောင်ဘက်ပိုင်းတွင် တည်ရှိပြီး ဘူမိဗေဒအနေအထားအရ ပြတ်ရွေ့ပါဝင်သည့် လွှာတွန့်ခုံးတစ်ခုဖြစ်ကာ ယင်းလွှာတွန့်ခုံး၏ အလယ်တွင် ပုံတောင်ကျောက်စဉ်စု ပေါ်ထွက်နေခြင်းကြောင့် သဘာဝဓာတ်ငွေ့ တည်ရှိနိုင်သည့် တဗျင်း (Tabyin) ကျောက်စဉ်စုအား အနက်ပေ ၃၀၀၀- ၆၅၀၀ ခန့်တွင် တွေ့ရှိစမ်းသပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဦးဉာဏ်ထွန်းက “အခုဆိုရင် ကျွန်တော်တို့ ပိတောက်ပင်မှာ ကျွန်တော်တို့ အောင်မြင်ဆိုတဲ့ ရှာဖွေရေးတွင်း တူးဖော်နေတယ်။ နောက် ရွှေပြည်သာ ရေနံမြေမှာလည်း ကျွန် တော်တို့ PCMI ကုမ္ပဏီက စိန်စီတော်ဆိုတဲ့ တွင်း ဒါလည်း သတင်းတွေမှာ ပါပြီးသားပါ။ ဒါလည်းပဲ ရေနံရှာဖွေရေး တွင်းတွေ တူးနေတယ်။ အဲဒီတော့ ရေနံရှာဖွေရေးကတော့ မဖြစ်မနေ လုပ်ရမယ့်လုပ်ငန်းတစ်ခုဆိုတော့ ဒါကိုလည်း ဆက်လက် ဆောင်ရွက်နေပါတယ်။ ဘယ်မှာသုံးမလဲဆိုတာကတော့ ကျွန်တော်တို့ တွေ့ရှိတဲ့ရလဒ်အပေါ်မူတည်ပြီးတော့ တွေ့ရှိမယ့် သဘာဝဓာတ်ငွေ့ရဲ့ အမျိုးအစား၊ Composition ဒါတွေကို မူတည်ပြီးတော့ ကျွန်တော်တို့ ဆုံးဖြတ်မှာပါ။ အဲဒီတော့ စောတော့စောသေးတာပေါ့။ ဘယ်မှာ သုံးမလဲ။ ဘယ်နေရာမှာ သုံးမလဲ။ ဘယ်လိုပိုက်လိုင်း သွယ်တန်းမလဲ။ ဒီ Gas က ဘယ်နေရာမှာ ပိုပြီးတော့ အသုံးဝင်မလဲ။ ဒါတွေ Composition ရော၊ ဓာတ်ငွေ့သိုက်ရဲ့ ပမာဏတွေကို သုံးသပ်ပြီးတော့မှ ကျွန်တော်တို့ ဆက်လက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၆ ရက်မှာ စတင်တူးဖော်မှာပါ” ဟု ပြောကြားသည်။
မြိုင်မြို့နယ်တွင် တူးဖော်မည့် မြိုင် ပေနက်ရေနံအစမ်းတွင်း အမှတ် (၁) ကို တွင်းတူးစက် ZJ70LLSR-1 (တူးဖော်နိုင်သည့် အနက်ပေ ၁၅၀၀၀)နှင့် အနက်ပေ ၈၅၀၀ အထိ ခန့် မှန်းတူးဖော်ရက် ၁၄၀ နှင့် တူးဖော်မည်ဖြစ်ပြီး Supra Thrust Lower Pondaung, Tabyin ကျောက်စဉ်စုနှင့် Sub – Thrust Tabyin ကျောက်စဉ်စု၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ အလားအလာအား တူးဖော်စမ်းသပ်မည်ဖြစ်ကြောင်း သိရသည်။
မြိုင် ပေနက်ရေနံအစမ်းတွင်း အမှတ် (၁) အောင်မြင်စွာ တူးဖော်စမ်းသပ်ပြီးပါက တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သုံးသန်းခန့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ၎င်းတွင်းနှင့် ပေ ၂၀၀၀ ခန့်စီခြား၍ Appraisal Well နှင့် Development Well များ ၁၁ တွင်းခန့် ဆက်လက်တူးဖော်ရမည် ဖြစ်ကြောင်း၊ ရရှိထားသည့် ဘူမိဗေဒကွန်တိုများအရ ရေနံ/ သဘာဝဓာတ်ငွေ့ ထွက်ရှိပါက Recoverable Reserve 82 BCF ထုတ်ယူနိုင်မည်ဟု ခန့်မှန်းတွက်ချက်မှု ရရှိထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
