Top News

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်​ထူးပါငါးဦးကို ရုံးထုတ်ပြီး ဖမ်းဆီးခံထားရသူ ခရိုင်ဥပဒေအရာရှိက ၎င်းကိုယ်တိုင်ရှေ့နေပြုလုပ်ကာ တရားလိုအား ပြန်လှန်စစ်ဆေးမေးမြန်း
24htopnews | October 7, 2024 9:12 AM CST

အောင်ရဲထွေးအမှုတွင် တံစိုးလက်ဆောင်ရယူပြီး ရုပ်သိမ်းခွင့်ချမှတ်ခဲ့သည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးအပါအဝင်ငါးဦးကို ​ဇန်နဝါရီ ၁၈ ရက်​က ရန်ကုန်တိုင်း တရားလွှတ်တော်၌ ရုံးထုတ်​ပြီး ခရိုင်ဥပဒေအရာရှိက ၎င်းကိုယ်တိုင်ရှေ့နေပြုလုပ်ကာ တရားလိုအား ပြန်လှန်စစ်ဆေး မေးမြန်းခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူ အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိဟောင်း ဦးကိုကိုလေးမှာ ရှေ့နေငှားရမ်းထားခြင်းမရှိသဖြင့် ရုံးချိန်းတွင် ၎င်းကိုယ်တိုင် ရှေ့နေပြုလုပ်ပြီး တရားလိုဖြစ်သူအား ပြန်လှန်မေးခွန်းစစ်ဆေးမေးမြန်းခဲ့ခြင်း ဖြစ်သည်။

တရားခွင်အတွင်း တရားလိုဖြစ်သူက ဦးကိုကိုလေးပါငါးဦးမှာ တံစိုးလက်ဆောင်ရယူမှုကို တိုင်ပင်ဆွေးနွေးပြီးမှ ရယူခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ရယူရာတွင် သီးခြားငွေကြေးပမာဏ၊ သီးခြားသော နေရာပမာဏကို သီးခြားနေရာ၌ ရယူခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။

ထို့ပြင် ဦးကိုကိုလေးက တရားခွင်၌ နိုင်ငံတော်သမ္မတရုံးက စက်တင်ဘာ ၁၂ ရက်တွင် တရားစွဲဆို ဖမ်းဆီးချုပ်နှောင်ရန် အမိန့်စာနှင့် ပတ်သက်ပြီး ဖမ်းဆီးဆောင်ရွက်ရန် အချိန်တိုအတွင်း ပြုလုပ်ခဲ့သည်မှာ မှန်ကန်သလားဟု တရားလိုအား မေးမြန်းခဲ့ကြောင်း၊ ယင်းသို့ မေးမြန်းရာ တရားလိုက ဟုတ်မှန်ကြောင်း ထွက်ဆိုခဲ့သည်။

ဖမ်းဆီးခံထားရသူ ဦးဟန်ထူးပါ ခြောက်ဦးအား Police စာတန်းပါ ရဲသီးသန့်ယာဉ်ဖြင့် ရုံးထုတ်ခဲ့သည်။

စက်တင်ဘာ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ကျန်သူများအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်အမြင့်ဆုံး ၁၅ နှစ် ချမှတ်နိုင်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ မှာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်အမြင့်ဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်ကြောင်း ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည်။

အောင်ရဲထွေးအမှုတွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိချုပ်ဟောင်း ဦးဟန်ထူးက ကျပ်သိန်း ၁၅၀၊ ဘလူးလေဘယ်လ်တစ်လုံး၊ အကျႌတစ်ထည်၊ ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေးက ကျပ်သိန်း ၁၃၀၊ ဂိုးလေဘယ်လ်တစ်လုံး၊ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်က ကျပ်သိန်း ၃၀၊ ပါတိတ်လုံခြည်တစ်ထည်၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်က ကျပ်သိန်း ၃၀၀၊ ရဲအုပ် ချစ်ကိုကိုက ကျပ်သိန်း ၃၀၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်က ကျပ်သိန်း ၅၀ ရယူခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီတွင် သမ္မတအိမ်တော်၌ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌတို့အား နိုင်ငံတော်သမ္မတက ခေါ်ယူတွေ့ဆုံခဲ့ပြီး အောင်ရဲထွေးအမှု ရုပ်သိမ်းခြင်း၏ နောက်ခံအကြောင်းရင်းများ၊ အခြားဆက်နွှယ် ပတ်သက်မှုများနှင့်စပ်လျဉ်း၍ တိတိကျကျစိစစ်ပြီး ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ယင်းသို့ မှာကြားအပြီးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်းအဖြစ် သတ်မှတ်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးရာမှ တံစိုးလက်ဆောင်ရယူမှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

အောင်ရဲထွေးအမှုကို တံစိုးလက်ဆောင်ရယူပြီး ရုပ်သိမ်းခွင့်ချမှတ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးအပါအဝင် ခြောက်ဦးအား တိုင်းတရားလွှတ်တော်တွင် ရုံးထုတ်​ပြီး အင်းစိန်အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ရာတွင် တရားစွဲဆိုခံရသူများ၏ မျက်နှာမပေါ်အောင် ထီးများဖြင့် အတင်းအကျပ်ကာရံခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်​။

 


READ NEXT
Cancel OK