Top News

ဒေါက်တာအေးမောင်နှင့် ဝေဟင်အောင်တို့ အမှုအား ဖေဖော်ဝါရီ ၁ ရက်သို့ ပြန်လည်ချိန်းဆိုပြီး ဖေဖော်ဝါရီလကုန်ခန့်တွင် အမှုပြီးနိုင်ကြောင်း ဒေါက်တာအေးမောင် သုံးသပ်
24htopnews | October 7, 2024 9:12 AM CST

စာပေဟောပြောပွဲတွင် ဟောပြောမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံနေရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အမှုအား ဖေဖော်ဝါရီ ၁ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်းနှင့် ဖေဖော်ဝါရီ လကုန်ခန့်တွင် အမှုပြီးစီးနိုင်ကြောင်း ဒေါက်တာအေးမောင်က ရုံးထုတ်စဉ် ပြောကြားသည်။

အမှုအားပြင်ဆင်ချက်ကို ပြည်နယ်တရားလွှတ်တော်က ဇန်နဝါရီ ၁၀ ရက်တွင် ပလပ်သည့် အမိန့်ချမှတ်ခဲ့သည်။ မူလရုံးဖြစ်သည့် စစ်တွေခရိုင်တရားရုံးတွင် အမှုကို ဆက်လက်ရင်ဆိုင်လျက်ရှိရာ ယင်းအမှုတွင် ပုဒ်မ ၁၇ (၁) ကို အပြီးသတ်လွတ်မြောက်ခွင့်ရခဲ့ပြီး အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမှတ်နိုင်သည့် နိုင်ငံတော်သစ္စာဖောက် ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁)နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် စွဲချက်တင်ရန် စက်တင်ဘာ ၁၀ ရက်က စစ်တွေခရိုင် တရားရုံးက ဆုံးဖြတ်ခဲ့သဖြင့် ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်ချက်တင်ထားခဲ့ခြင်းဖြစ်သည်။

“အမှုကတော့ ဖေဖော်ဝါရီ ၁ ရက်ကို ချိန်းတယ်။ အမှုအကြောင်းကိုပြောရရင် ပြည်နယ်လွှတ်တော်ကို တင်တာ လေးလကြာတယ်။ တစ်မြန်နေ့က အောက်ကိုရောက်ဖို့ ကျတယ်ပေါ့။ သူတို့သုံးသပ်ထားတာလေးကို ကျွန်တော်သဘောပေါက်ပါတယ်။ ကျွန်တော်တို့ကို စွဲရတာပေါ့။ ပြည်နယ်အစိုးရရဲ့ စာကြောင့် စွဲရတယ်ဆိုတာလေးကို သိရတယ်။ ပြီးရင် ပြည်နယ်ဥပဒေအရာရှိရဲ့ သုံးသပ်ချက်ကို ဖတ်ကြည့်ဗျ။ ကျွန်တော်နဲ့ပတ်သက်တာကို ဖတ်ပြမယ်။ နောက်ဆုံးလျှောက်လဲချက်မှာ ပါတဲ့ဟာပေါ့။ ဒေါက်တာအေးမောင်၏ ဟောပြောချက်များသည် နိုင်ငံရေးဆန်ဆန် ယေဘုယျ သဘောတရားများကိုသာ ဟောပြောသွားခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသခံပြည်သူများအား နိုင်ငံရေးအပြုစိတ်ဓာတ် ရောက်ရှိအောင် ဟောပြောခဲ့ခြင်းသာဖြစ်ကြောင်း သုံးသပ်တွေ့ရှိရကြောင်းဆိုတာကို ပြည်နယ်ဥပေဒအရာရှိက လျှောက်တယ်။ အဲဒီတော့ အားလုံးကိုရေးပြီးတဲ့အခါမှာ စီရင်ထုံးနှစ်ခုနဲ့ အောက်ကိုချတယ်။ အဲဒါဘာလဲဆိုရင် ၁၉၈၂ စီရင်ထုံး အမှတ် ၆၇၊ ကိုဝေလွင်နှင့် မြန်မာနိုင်ငံ။ အဲဒီမှာပါတာက တရားခံအပေါ် စွဲချက်တင်ထိုက် မတင်ထိုက် စဉ်းစားဆင်ခြင်ရန် အချက်အလက်မျိုးသည် တရားခံအား အပြစ်ပေးထိုက် မထိုက်စဉ်းစားသည့်အခါ စဉ်းစားဆင်ခြင်ရန် အချက်အလက်မျိုးနဲ့ သဘောအားဖြင့်မတူဘူး။ အဲဒါကို ကိုးကားတယ်။ နောက်တစ်ခုက စွပ်စွဲခံရသူသည် မည်သည့်အပြစ်မျိုးကိုမျှ ကျူးလွန်ခဲ့သည်ဟု မပေါ်လွင်ရန်လိုသည်။ စွပ်စွဲခံရသူက ဖြေရှင်းရန် အချက်အလက်များ ပေါ်လွင်လျှင် စွဲချက်တင်၍ ၎င်းအား ဖြေရှင်းစေရမည်။ ကျွန်တော်တို့က အောက်မှာ အကုန်လုံးကို စစ်ပြီးပါပြီ။ အဲဒါ ကျွန်တော်တို့ကတော့ ကြည့်လို့မရဘူး” ဟု ဒေါက်တာအေးမောင်က ဇန်နဝါရီ ၁၈ ရက် ရုံးထုတ်စဉ် ပြောကြားသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အား ဇန်နဝါရီ ၁၅ ရက်က ရသေ့တောင်မြို့၌ ပြုလုပ်ခဲ့သည့် (၂၃၃) နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခြင်းအထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောမှုဖြင့် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) (ဂ)၊ မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇ (၁) တို့ဖြင့် ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက စာရေးဆရာ ဝေဟင်အောင်အား နေအိမ်မှ ခေါ်ယူဖမ်းဆီးခဲ့ပြီး ဇန်နဝါရီ ၁၈ ရက် တွင် ဒေါက်တာအေးမောင်အား စစ်တွေမြို့ရှိ ၎င်း၏နေအိမ်မှ စတင်ဖမ်းဆီးခံခဲ့ရာ ယခုဆိုလျှင် အမှုရင်ဆိုင်နေရသည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

“စွဲချက်နဲ့ပတ်သက်တာကို ကျွန်တော်တို့က အကုန်ဖြေရှင်းပြီးပြီ။ ဘာကြောင့် ဒီလိုပြောတယ်။ စွဲချက်မှာ ပထမ ဦးကျော်နုစွဲတဲ့အခါမှာ သူက မြို့နယ်ထွေအုပ်ကနေပြီးတော့ ဒီလိုပဲဘာသာပြန်တယ်ဆိုပြီးတော့ ကျွန်တော်တို့ကို စွဲတယ်။ အဲဒီမှာပါတဲ့စာသားဟာ ကျွန်တော်တို့ပြောတာနဲ့မတူဘူး။ နောက်ပြီး CD ခွေသည် သက်သေမဝင်ဘူးလို့ ကျွန်တော်တို့ကပြောတယ်။ သို့သော် အဲဒါကို ဘာသာပြန်လိုက်တဲ့အခါမှာ ဘာသာပြန်ချက်နဲ့ မူလစာသားမတူဘူး။ အဲဒီမှာပါတဲ့စာသားတွေကို တရားစွဲတဲ့အခါမှာ စာမျက်နှာ ခုနစ်မျက်နှာက အပိုဒ်၊ အပိုဒ်တွေကို စုပြီး စွဲချက်တင်တာဖြစ်တဲ့အတွက် ကျွန်တော်တို့က စွဲချက်မတင်ဖို့ပြောတယ်။ ပြီးတော့ CD ခွေ၊ မူလတယ်လီဖုန်းနဲ့ အသံဖမ်းတာဖြစ်တယ်။ အဲဒီတော့ မူလပစ္စည်းကို ဘာသာပြန်ထားတဲ့ဟာမဟုတ်ဘူး။ CD ခွေသည် အတု အစစ် ကျွန်တော်တို့ဝေ၀ါးတယ်။ အဲဒါကြောင့် ဘာသာပြန်မယ်ဆိုရင် မူလတယ်လီဖုန်းကို တရားရုံးမှာပြခဲ့ရမယ်လို့ ကျွန်တော်တို့ဘက်က လျှောက်လဲခဲ့တာရှိတယ်။ ကျွန်တော်ထင်ပါတယ်။ အမှုက ဖေဖော်ဝါရီလကုန်လောက်ဆိုရင် ပြီးသွားနိုင်ပါတယ်” ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

 

 


READ NEXT
Cancel OK