Top News

ပခုက္ကူဆိပ်ကမ်း ရေအနက်လေးပေခန့်သာရှိတော့သည့်အတွက် မော်တော်များဆိုက်ကပ်ရန် သဲစုပ်စက်လှေများဖြင့် သဲစုပ်ထုတ်နေရပြီး ကုန်စည်စီးဆင်းမှုနှေးကွေးကာ အခက်အခဲများကြုံတွေ့နေ
24htopnews | October 7, 2024 9:12 AM CST

ပခုက္ကူမြို့ ဧရာဝတီတံတားနှင့် ကပ်လျက်တည်ရှိသည့် ကုန်စည်အတင်အချပြုလုပ်သော ဆိပ်ကမ်းတွင် ရေအနက်လေးပေခန့်သာ ရှိတော့သည့်အတွက် မော်တော်များဆိုက်ကပ်နိုင်ရန် သဲစုပ်စက်လှေများဖြင့် သဲစုပ်ထုတ်နေရကြောင်း မော်တော်စလင်များထံမှသိရသည်။ လက်ရှိတွင် ပခုက္ကူမြို့သို့ ဆန်ပို့မော်တော် ၁၄ စင်းခန့် ရောက်ရှိနေသော်လည်း ဆိပ်ကမ်း၌ နှစ်စင်းသာ ဆိုက်ကပ်နိုင်ပြီး ဆန်ပို့မော်တော်များမှာ ကုန်ချရန်အတွက် အလှည့်ကျစနစ်ဖြင့် လချီစောင့်ဆိုင်းနေရကြောင်း မော်တော်စလင်များထံမှ သိရသည်။ ယခင်က တစ်နေ့လျှင် ဆန်အိတ်နှစ်သောင်းခန့်အထိ သယ်ယူနိုင်သော်လည်း ယခုအခါ ဆိုက်ကပ်နိုင်သည့် မော်တော်နှစ်စင်းသာရှိခြင်းကြောင့် တစ်နေ့လျှင် အိတ် ၄၀၀၀ ခန့်သာသယ်ယူနိုင်ပြီး ကုန်စည်စီးဆင်းမှု နှေးကွေးကာ အခက်အခဲများ ကြုံတွေ့နေကြောင်း မော်တော်စလင်များထံမှသိရသည်။

“လက်ရှိရေဆူးက လေးပေပဲရှိတယ်။ ကျွန်တော်တို့ မော်တော်တွေက ရေဆူးခြောက်ပေလောက်ရှိမှ ဝင်လို့ရတယ်။ မော်တော်တစ်ဝက်ပဲ ကပ်ထားပြီး စက်လှေလေး တွေနဲ့ ပြန်သယ်နေရတယ်။ မော်တော်တွေက ၁၂ စင်းလောက် စီနီယာစောင့်နေရတယ်။ မော်တော်တစ်စင်းက တစ်ရက်လောက် ရပ်ထားရင် တစ်သိန်းလောက် စရိတ်ကုန်တယ်။ ကုန်စည်စီးဆင်းမှုနှေးတော့ ဒီကုန်ကျစရိတ်ကိုလည်း မကာမိဘူး။ လက်ရှိက နှစ်စင်းပဲချနိုင်တယ်။ ငါးစင်း၊ ခြောက်စင်းလောက် ချနိုင်မယ်ဆိုရင် မော်တော်တွေအတွက်လည်း မြန်သွားမယ်။ လက်ရှိကတော့ ပခုက္ကူမှာ ဆန်ချတာကို တစ်လလောက်ကြာမယ်” ဟု မြစ်ဝကျွန်းပေါ်ဒေသနှင့် ပခုက္ကူမြို့သို့ ဆန်သယ်ပို့နေသည့် ကိုမောင်ကိုက ပြောကြားသည်။

ဆိပ်ကမ်းတွင် မော်တော်နှစ်စင်းသာ ဆိုက်ကပ်နိုင်သည့်အတွက် ဆန်ထုတ်ယူနိုင်မှု နည်းပါးခြင်းကြောင့် ဆန်တင်ချ ဆိပ်ကမ်းလုပ်သားများနှင့် ဆန်သယ်ယာဉ်များမှာ ဝင်ငွေသိသာစွာ လျော့ကျသွားပြီး စားဝတ်နေရေး အခက်အခဲကြုံတွေ့နေကြောင်း သိရသည်။ မြစ်ဝကျွန်းပေါ်ဒေသမှ ဆန်ပို့မော်တော်များမှာ ပခုက္ကူဆိပ်ကမ်း ဆိုက်ကပ်နိုင်ရန် ရေဆူးကောင်းမွန်သည့် အခြားနေရာများတွင် ဦးစွာရပ်နားပြီး ကုန်ချိန်ထက်ဝက်နီးပါးအား စက်လှေများဖြင့် အကြိမ်ပေါင်းများစွာ သယ်ယူကာ ကုန်ချိန်လျှော့ချ၍ ဆိပ်ကမ်းကပ်ရကြောင်း သိရသည်။

“ဆန်ထုတ်ရမဲ့ မော်တော်ပါပေမဲ့ ကမ်းကပ်မရလို့ မထုတ်နိုင်သေးဘူး။ ပခုက္ကူကို ဆန်ပို့မော်တော်ရောက်တာ  ၁၁ ရက်ကြာပြီး အခုထိ မထုတ်ရသေးဘူး။ ဒီဘက်မှာလည်း ရောင်းစရာတွေရှိပေမဲ့ ဆန်ကလည်း ဆိပ်ကမ်းကနေထုတ်မရတော့ အတော်လေး အခက်အခဲတွေဖြစ်တယ်။ ကုန်စည်စီးဆင်းမှု သိသိသာသာကို နှေးသွားတယ်။ ဆိပ်ကမ်းက သူတွေသာမက မြို့ထဲက ဆန်ပွဲရုံတွေမှာပါ လာပြီး အခက်အခဲတွေ့နေရတာပါ” ဟု ပခုက္ကူမြို့မှ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူ ကိုခင်ဇော်က ပြောကြားသည်။

မြစ်ဝကျွန်းပေါ်ဒေသတွင် မိုးဆန်သစ်ပေါ်ချိန်ဖြစ်သည့်အတွက် ပခုက္ကူမြို့သို့ ဆန်တင်ပို့မှု များပြားနေပြီး ပခုက္ကူဒေသတွင်လည်း တောင်သူများ သီးနှံရောင်းချချိန်ဖြစ်သည့်အတွက် ဆန်ဝယ်လိုအား မြင့်တက်နေကြောင်း သိရသည်။ ပြည်တွင်းဆန်စျေးကွက်၏ အဓိကရောင်းဝယ်ရာ ပခုက္ကူမြို့ဆိပ်ကမ်းတွင် ယခုကဲ့သို့ မော်တော်များ ဆိုက်ကပ်၍ မရသည့်ထိ ဖြစ်စဉ်မျိုးမဖြစ်သင့်ကြောင်းနှင့် အားလုံးဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်သင့်ကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ကိုင်သူများက ပြောကြားသည်။                                       


READ NEXT
Cancel OK