Top News

အရာတော်မြို့ကို ‘သနပ်ခါးမြို့တော် အရာတော်’ အဖြစ် သတ်မှတ်ခေါ်ဆိုရန် လုပ်ဆောင်မည်
24htopnews | October 7, 2024 9:12 AM CST

စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့အား ‘သနပ်ခါးမြို့တော် အရာတော်’ အဖြစ် သတ်မှတ်ခေါ်ဆိုရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့သနပ်ခါး စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းထံမှ သိရသည်။

“ပြင်ဦးလွင်မြို့ကို ပန်းမြို့တော်၊ မိုးကုတ်ကို ပတ္တ မြားမြေ၊ပုပ္ပားကို စကားဝါမြေ ခေါ်သလိုပေါ့ ကျွန်တော်တို့ မြို့ကို သနပ်ခါးမြို့တော်လို့သတ်မှတ်မယ်။ မကြာခင်မှာ သနပ်ခါးမြို့တော် အရာတော်ဆိုတဲ့ မြို့ဝင်ဆိုင်းဘုတ်တင်ပွဲ လုပ်သွားပါမယ် ” ဟုမြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးကျော်မိုးကပြောကြာသည်။

ဇန်နဝါရီ ၁၄ ရက်တွင် မုံရွာမြို့ရှိ မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းရုံး၌ ပြုလုပ်သည့် အလုပ်အမှုဆောင်အစည်းအဝေးတွင် အရာတော်မြို့အား သနပ်ခါးမြို့တော်အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ချက်ချခဲ့ပြီး ထိုသို့ သတ်မှတ်ရန် အတွက် ‘သနပ်ခါးမြို့တော် အရာတော်’ အမည်ပါ ဆိုင်းဘုတ်တစ်ခုကို အရာတော်မြို့ရှိ အချက်အချာကျသောနေရာတွင် ယခုလအတွင်း စိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့သနပ်ခါးအား စစ်ကိုင်းတိုင်း ဒေသကြီး အရာတော်၊ရွှေဘိုမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ ရေစကြို၊ ပေါက်နှင့် မြိုင် စသည့် မြို့နယ်များတွင် အဓိကထား စိုက်ပျိုးကြကြောင်း၊ အရာတော်မြို့နယ်သည် သနပ်ခါးစိုက်ပျိုးမှု အများဆုံးဖြစ်ပြီး ဧကအနေဖြင့် သနပ်ခါးစိုက်ဧက တစ်သိန်းဝန်းကျင်ခန့်ရှိကြောင်း၊  ထိုသို့ သနပ်ခါးစိုက်ဧက အများဆုံးဖြစ်သည့် အရာတော်မြို့ကို ‘သနပ်ခါးမြို့တော်’ ဟု ခေါ်ဝေါ်သတ်မှတ်ရန် စီစဉ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းအနေဖြင့် ယခုနှစ်တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်၍ အရာတော်၊ရွှေဘို၊ရေစကြို၊ မြိုင်မြို့တို့တွင် ပထမအကြိမ် မြန်မာ့သနပ်ခါးနေ့ အခမ်းအနားများကို ကျင်းပသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။


READ NEXT
Cancel OK