Top News

ရန်ကုန်ပညာရေးတက္ကသိုလ်၏ ကျောင်းသားသမဂ္ဂအလုပ်အမှုဆောင် ကျမ်းကျိန်ပွဲ ပြုလုပ်
24htopnews | October 7, 2024 9:12 AM CST

ရန်ကုန်ပညာရေးတက္ကသိုလ်၏ ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင်ကျမ်းကျိန်ပွဲကို ဇန်နဝါရီ ၁၈ရက်တွင် ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးခန်း၌ ပြုလုပ်ခဲ့သည်။ ဇန်နဝါရီ ၁၀ ရက်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ကျောင်းသားသမဂ္ဂအတွက် ရွေးကောက်ပွဲ ပြုလုပ်ကျင်းပခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ကျောင်းသား၊ ကျောင်းသူများက ကျမ်းသစ္စာကျိန်ဆိုခြင်းဖြစ်သည်။

“ကျွန်တော်တို့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ ခြောက်ကြိမ်မြောက် အလုပ်အမှုဆောင်၊ သမဂ္ဂတွင်းရွေးကောက်ပွဲက သုံးကြိမ်လုပ်ခဲ့ပြီးသွားပြီ။ အဲဒါပြီးတော့ ကျောင်းတွင်းရွေးကောက်ပွဲက သုံးကြိမ်ပေါ့။ တာဝန်လွှဲတာတော့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲနိုင်တဲ့သူ စာရင်းကြေညာပြီးကတည်းက တာဝန်ကိုယူထားပြီးပြီ။ အခုကတော့ ကျိမ်းကျိန်တာပါ။ ကတိကဝတ်သစ္စာပြုတာပါ” ဟု ရန်ကုန်ပညာရေး တက္ကသိုလ်၏ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုနောင်ထက်အောင်က ပြောကြားသည်။

ကျောင်းသားသမဂ္ဂရွေးကောက်ပွဲအား ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသား ကျောင်းသူများ မဲပေးရွေးချယ်ခဲ့ကြကြောင်း သိရသည်။ ရွေးကောက်ပွဲ ရွေးချယ်ပြီး ဇန်နဝါရီ ၁၁ ရက်တွင် အနိုင်ရရှိသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်လွှဲအပ်ပြီး ထိုကျောင်းသား ကျောင်းသူများက အလုပ်အမှု ဆောင်ကော်မတီ ပြန်လည်ဖွဲ့စည်းခြင်းဖြစ်ကြောင်း ကိုနောင်ထက်အောင်က ဆိုသည်။

“ကျွန်တော်တို့မှာ မူရှိတယ်ဗျာ။ အဓိကကတော့ ကျောင်းသားရေးပေါ့။ နံပါတ်နှစ်က ကျောင်းအရေးပေါ့။ နံပါတ်သုံးကတော့ ပညာရေးပေါ့။ အဓိကက အဲမူတွေအပေါ် ဆောင်ရွက်တယ်။ လိုလို့ရှိရင်တော့ ငြိမ်းချမ်းရေးပေါ့။ ဒါက ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်က ချမှတ်ထားတယ်။ ကျွန်တော်တို့ ကျောင်းအတွက် မူသုံးခုက ကျောင်းသားရေးရယ်၊ ပညာရေးရယ်၊ ကျောင်းအရေးရယ်ပါ။ အဲမူတွေအပေါ်မှာပဲ အခြေခံပြီး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ရတာပါ” ဟု ကိုနောင်ထက်အောင်က ပြောကြားသည်။

အလုပ်အမှုဆောင်ကော်မတီတွင်  ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ဘဏ္ဍာရေးမှူး၊ စာပေကော်မတီတာဝန်ခံ၊ အနုပညာကော်မတီတာဝန်ခံ၊ ပညာရေး ကော်မတီတာဝန်ခံ၊ အားကစား ကော်မတီတာဝန်ခံ၊ စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံတို့ပါဝင်သည်။                                

 


READ NEXT
Cancel OK