Top News

ဒေသအချို့မှလွဲ၍ ကျန်ဒေသများ၌ ၂၀၂၁ ခုနှစ်ထက် တည်ငြိမ်အေးချမ်းမှုများရရှိလာကြောင်း နစကဥက္ကဋ္ဌ ပြောကြား
24htopnews | October 7, 2024 12:12 PM CST

ဒေသအချို့မှလွဲ၍ ကျန်ဒေသများ၌ ၂၀၂၁ ခုနှစ်ထက် တည်ငြိမ်အေးချမ်းမှုများရရှိလာကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဇူလိုင် ၂၉ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ ပြောကြားခြင်းဖြစ်သည်။

မိမိတို့တာဝန်ယူပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ထပ်တိုးခြောက်လမှစ၍ နိုင်ငံ၏တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုများကို ပြန်လည်သုံးသပ်ရန်လိုကြောင်း၊ တရားဥပဒေစိုးမိုးရေးတွင် အချို့ သောဒေသများမှလွဲ၍ ကျန်ဒေသများတွင် ၂၀၂၁ ခုနှစ်ထက် များစွာတိုးတက် ပြောင်းလဲသွားကြောင်း၊ တည်ငြိမ်အေးချမ်းမှုများလည်း ရရှိလာပြီဖြစ်ကြောင်း၊ အချင်းချင်းယုံကြည်မှုဖြင့် ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်နိုင်မှသာခိုင်မာသည့် အခြေခံကောင်းများကို ရရှိမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အစိုးရအနေဖြင့် လက်နက်ကိုင်ပဋိပက္ခဖြစ်နေသည့် ဒေသများရှိ တိုင်းရင်းသားများ၏ နေထိုင်စားသောက်ရေးအတွက် ဆောင်ရွက်ပေးမည်ဆိုပါက တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်လိုသည်များကို ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးချိန်တွင် မိမိတို့၏အမျိုးသားရေးရည်မှန်းချက်နှင့် နိုင်ငံရေးရည်မှန်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ဖြင့် လျှောက်လှမ်းရေး၊ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နှင့် ဖက်ဒရယ်အုပ်ချုပ်ရေး စနစ်ပေါင်းထားသည့် ပြည်ထောင်စုတည်ဆောက်ရေးပင်ဖြစ်ကြောင်း၊ အဆိုပါအချက်များကို လက်ခံပြီးဖြစ်သဖြင့် ငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ဆွေးနွေးနိုင်ပြီဖြစ်ကြောင်း၊ အမျိုးသားရေးရည်မှန်းချက်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးပင်ဖြစ်သည်ကို ပြောကြားခဲ့ကြောင်း၊ မိမိတို့၏နိုင်ငံရေးဦးတည်ချက်တွင် နိုင်ငံရေး ထွက်ပေါက်များပေးထားပြီး အဆိုပါနိုင်ငံရေး ထွက်ပေါက်များကိုအသုံးချ၍ ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ရွေးကောက်ပွဲများကို လေ့လာကြည့်ပါက ရွေးကောက်ပွဲများကို မြို့နယ်များအားလုံးတွင် အပြည့်အဝမပြုလုပ်နိုင်ခဲ့ကြောင်း၊ နိုင်ငံရေးရလဒ်များကို တိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ဆာင်ရွက်နေသည့် အခြေခံအချက်များ အခြေခိုင်မာစေရေး အစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။


READ NEXT
Cancel OK