Top News

ပုံစံသစ်ဖြင့်ကျင်းပမည့် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲအတွက် မဲနှိုက်ရေးဆွဲမှုပြုလုပ်
24htopnews | October 7, 2024 2:12 PM CST

Mini Tournament ပုံစံဖြင့် ပြောင်းလဲ ကျင်းပမည့် ၂၀၁၉-၂၀၂၀ ရာသီ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်၊ ဆီမီး ဖိုင်နယ်နှင့် ဗိုလ်လုပွဲ ပွဲစဉ်များ မဲနှိုက်ရေးဆွဲပွဲ အခမ်းအနားကို ဇူလိုင် (၁၀) ရက်က ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့ရှိ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ရုံးချုပ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ပြိုင်ပွဲနှစ်ခုစလုံးမှာ ရှုံးထွက် (၁၆) သင်းအဆင့် ပွဲစဉ်များ မပြီးဆုံးသေးဘဲ ကျန်ရှိနေသော်လည်း လက်ကျန်အဆင့်များအတွက် မဲနှိုက် ရေးဆွဲမှုကို ကြိုတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ် (၄)ပွဲ ယှဉ်ပြိုင်ကစား ရန် ကျန်ရှိနေပြီး PSG၊ အတ္တလန်တာ၊ အက်သလက်တီကိုနှင့် လိုက်ပ်ဇစ်တို့ (၄)သင်းသာ ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရထားသည်။ 

မဲနှိုက်ရေးဆွဲမှုအရ ကွာတားဖိုင်နယ် (၁) တွင် ရီးယဲလ်မက်ဒရစ်-မန်စီးတီးအတွဲမှ အနိုင်ရမည့်အသင်းနှင့် လိုင်ယွန်-ဂျူဗင်တပ်စ်အတွဲမှ အနိုင်ရမည့်အသင်း၊ ကွာတားဖိုင်နယ် (၂) တွင် လိုက်ပ်ဇစ်နှင့် အက်သလက်တီကို၊ ကွာတားဖိုင်နယ် (၃)တွင် နာပိုလီ-ဘာစီလိုနာအတွဲမှ အနိုင်ရမည့်အသင်းနှင့် ချယ်လ်ဆီး-ဘိုင်ယန်မြူးနစ်အတွဲမှ အနိုင်ရမည့်အသင်း၊ ကွာတားဖိုင်နယ် (၄) တွင် အတ္တလန်တာနှင့် PSG တို့ ဆုံတွေ့နေသည်။ 

ကွာတားဖိုင်နယ် (၁) အနိုင်ရသူနှင့် ကွာတားဖိုင်နယ် (၃) အနိုင်ရသူမှာ ဆီမီးဖိုင်နယ် (၁) အဖြစ်လည်းကောင်း၊ ကွာတားဖိုင်နယ် (၂) အနိုင်ရသူနှင့် ကွာတားဖိုင်နယ် (၄) အနိုင်ရသူမှာ ဆီမီးဖိုင်နယ် (၂) အဖြစ်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

သို့ဖြစ်ရာ ရီးယဲလ်-မန်စီးတီး၊ လိုင်ယွန်-ဂျူဗင်တပ်စ်အတွဲမှ အနိုင်ရမည့်အသင်းနှင့် နာပိုလီ-ဘာစီလိုနာ၊ ချယ်လ်ဆီး-ဘိုင်ယန်မြူးနစ်အတွဲမှ အနိုင်ရမည့်အသင်းတို့ ဆီမီးဖိုင်နယ်တွင် ထိပ်တိုက်တွေ့ဆုံရမည်ဖြစ်သည်။ 

ရှုံးထွက် (၁၆) သင်းအဆင့် လက်ကျန်(၄)ပွဲကို သက်ဆိုင်ရာကလပ်များ၏ အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခွင့်ရမည်ဖြစ်သော်လည်း ကွာတားဖိုင်နယ်မှ ဗိုလ်လုပွဲအထိကို ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့၌ ဩဂုတ် (၁၂) ရက်မှ (၂၃) ရက်အထိ တစ်ကျော့တည်းစနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။

 



    

ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့(၂)ပွဲနှင့် ဒုတိယအကျော့ပွဲစဉ် အားလုံး ကျန်ရှိနေသေးပြီး ဒုတိယအကျော့ပွဲများကို သက်ဆိုင်ရာကလပ်များ၏ကွင်း၌ ကျင်းပခွင့်ပြုမည်ဖြစ်သည်။ 

သို့သော် ပထမအကျော့ မကစားရသေးသည့် အင်တာမီလန် -ဂီတာဖေး၊ ဆီဗီလာ-ရိုးမား (၂)ပွဲကို ကြားကွင်းအဖြစ် ဂျာမနီနိုင်ငံ၌ တစ်ကျော့တည်း ကစားစေမည်ဖြစ်သည်။ 

ကွာတားဖိုင်နယ်ပွဲများ ရေးဆွဲမှုအရ (၁) တွင် ဝုလ်ဖ်ဘတ်/ရှက်တာဒိုးနက်-ဖရန့်ဖတ်/ဘေဆယ်၊ (၂) တွင် LASK/မန်ယူ-ဘာရှက်ဆီဟီ/ကိုပင်ဟေဂင်၊ (၃) တွင် အင်တာမီလန်/ဂီတာဖေး-ရိန်း ဂျားစ်/လေဗာကူဆင်၊ (၄) အိုလံပီယာကော့စ် /ဝုလ်ဗ်-ဆီဗီလာ/ရိုးမားတို့ ဆုံတွေ့နေသည်။ 

ကွာတားဖိုင်နယ် (၄) အနိုင်ရသူနှင့် ကွာတား ဖိုင်နယ် (၂) အနိုင်ရသူမှာ ဆီမီးဖိုင်နယ် (၁) အဖြစ်လည်းကောင်း၊ ကွာတားဖိုင်နယ် (၃) အနိုင်ရသူနှင့် ကွာတားဖိုင်နယ် (၁) အနိုင်ရသူမှာ ဆီမီးဖိုင်နယ် (၂) အဖြစ်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှ ဗိုလ်လုပွဲအထိကို ဂျာမနီနိုင်ငံရှိ ကိုလုံး၊ ဒုစ်ဘတ်၊ ဒစ်ဆယ်ဒေါ့ဖ်နှင့် ဂယ်ဆန်ဟေးရှန်မြို့၌ ဩဂုတ် (၁၀) ရက်မှ (၂၁) ရက်အထိ ကျင်းပမည်ဖြစ်သည်။

 

■ ချန်ပီယံလိဂ်ပွဲစဉ်များ

ကွာတားဖိုင်နယ် (ဩဂုတ် ၁၂-၁၅ ရက်)

(၁) ရီးယဲလ်/မန်စီးတီး - လိုင်ယွန်/ဂျူဗင်တပ်စ်

(၂) လိုက်ပ်ဇစ် - အက်သလက်တီကို

(၃) နာပိုလီ/ဘာစီလိုနာ - ချယ်လ်ဆီး/ဘိုင်ယန်မြူးနစ်      

(၄) အတ္တလန်တာ - PSG

ဆီမီးဖိုင်နယ် (ဩဂုတ် ၁၈-၁၉ ရက်)

(၁) ကွာတား(၁)နိုင် - ကွာတား(၃)နိုင်

(၂) ကွာတား(၂)နိုင် - ကွာတား(၄)နိုင်

ဗိုလ်လုပွဲ (ဩဂုတ် ၂၃ ရက်)

ဆီမီး(၂)နိုင် - ဆီမီး(၁)နိုင်

 

■ ယူရိုပါလိဂ်ပွဲစဉ်များ

ကွာတားဖိုင်နယ် (ဩဂုတ် ၁၀-၁၁ ရက်)

(၁) ဝုလ်ဖ်ဘတ်/ရှက်တာဒိုးနက် - ဖရန့်ဖတ်/ဘေဆယ်

(၂) LASK/မန်ယူ - ဘာရှက်ဆီဟီ/ကိုပင်ဟေဂင်

(၃) အင်တာမီလန်/ဂီတာဖေး - ရိန်းဂျားစ်/လေဗာကူဆင်

(၄) အိုလံပီယာကော့စ်/ဝုလ်ဗ် - ဆီဗီလာ/ရိုးမား

ဆီမီးဖိုင်နယ် (ဩဂုတ် ၁၆-၁၇ ရက်)

(၁) ကွာတား(၄)နိုင် - ကွာတား(၂)နိုင်

(၂) ကွာတား(၃)နိုင် - ကွာတား(၁)နိုင်

ဗိုလ်လုပွဲ (ဩဂုတ် ၂၁ ရက်)

ဆီမီး(၁)နိုင် - ဆီမီး(၂)နိုင်


READ NEXT
Cancel OK