Top News

နည်းပြဆရာများ၏ အရည်အသွေးပိုင်းမြှင့်တင်ရန် MFF နည်းစနစ်ကော်မတီ စီစဉ်ထားပြီး သင်တန်းများပို့ချမည်
24htopnews | October 7, 2024 2:13 PM CST

MFF နည်းစနစ်ကော်မတီသည် နည်းပြ ဆရာများ၏ အရည်အသွေး တိုးတက်လာစေရန်အတွက် သင်တန်းများဖွင့်လှစ်ရန်စီစဉ်နေခြင်းဖြစ်ပြီး AFC Instructor နှင့် အေ လိုင်စင်နည်းပြလက်မှတ်ရရှိထားသူများက သင်ကြားပေးမည်ဖြစ်သည်။ ယင်းသင်တန်းများ ဖွင့်လှစ်နိုင်ရန် MFF နှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်အပေါ်မူတည်၍ အွန်လိုင်းမှတစ်ဆင့် သင်ကြားသွားရန်လည်း စီစဉ်ထားသည်။ 

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နည်းစနစ်ကော်မတီသည် နည်းပြဆရာများ ၏ အရည်အသွေးပိုင်း တိုးမြင့်လာစေရန် သင်တန်းများ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။

MFF နည်းစနစ်ကော်မတီသည် အာရှဘောလုံးအဖွဲ့ချုပ် (AFC) အသိအမှတ်ပြု  စီ လိုင်စင်နည်းပြလက်မှတ် ရရှိထားသူများကို နောက်ဆုံးသတ်မှတ်ထားသည့် နည်းစနစ်များ ထပ်မံသင်ကြားပေးရန် စီစဉ်ထားခြင်း ဖြစ်သည်။

 "ကျွန်တော်တို့ကော်မတီအနေနဲ့ နည်းပြဆရာတွေ များများထွက်ပေါ်လာဖို့နဲ့ AFC အသိအမှတ်ပြု နည်းပြလိုင်စင်ရရှိထားတဲ့သူတွေကို အရည်အသွေးတိုးမြင့်လာအောင် ဆောင်ရွက်ပေးဖို့ရှိပါတယ်။ AFC စီ လိုင်စင် ရထားပြီး ကလပ်အသင်းတွေမှာလည်း မလုပ်တဲ့နည်းပြတွေကို ကျွန်တော်တို့ နည်းစနစ် ကော်မတီမှာပါတဲ့ နည်းပြဆရာတွေက လက်ရှိနည်းစနစ်ပိုင်းတွေကို ပြန်သင်ပေးပြီး အရည်အသွေးပိုင်းတိုးမြှင့်မယ့် သဘောဖြစ်ပါတယ်။ သူတို့တွေကို သင်တန်းတွေပို့ချပြီးရင် ပြည်တွင်းအသင်းတွေမှာ တာဝန်ပေးလို့ရမှာပါ။ MFF က တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပြိုင်ပွဲတွေ တိုးမြှင့်ကျင်းပဖို့ရှိသလို အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွေလည်း ရှိပါတယ်။ ဒါကြောင့် အသင်းတွေအများကြီး ဖွဲ့စည်းရမှာဖြစ်ပြီး နည်းပြလိုအပ်ချက်တွေလည်း များပြားမှာပါ။ ဒါကြောင့် ပြည်တွင်းမှာရှိတဲ့ နည်းပြတွေရဲ့ အရည်အသွေးတိုးတက်လာဖို့ လုပ်ဆောင်သွားမှာပါ။ ဘောလုံးအပြင် ဖူဆယ်နည်းပြသင်တန်းတွေလည်း တိုးမြှင့် ဖွင့်လှစ်သွားဖို့ရှိသလို AFC အသိအမှတ်ပြု နည်းပြလက်မှတ်တွေရရှိအောင်လည်း သင်တန်းတွေ စေလွှတ်သွားမှာပါ" ဟု MFF နည်း စနစ်ကော်မတီဥက္ကဋ္ဌ ဦးသန်းတိုးအောင်က ပြောကြားခဲ့သည်။

MFF နည်းစနစ်ကော်မတီသည် နည်းပြ ဆရာများ၏ အရည်အသွေး တိုးတက်လာစေရန်အတွက် သင်တန်းများဖွင့်လှစ်ရန်စီစဉ်နေခြင်းဖြစ်ပြီး AFC Instructor နှင့် အေ လိုင်စင်နည်းပြလက်မှတ်ရရှိထားသူများက သင်ကြားပေးမည်ဖြစ်သည်။ ယင်းသင်တန်းများ ဖွင့်လှစ်နိုင်ရန် MFF နှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်အပေါ်မူတည်၍ အွန်လိုင်းမှတစ်ဆင့် သင်ကြားသွားရန်လည်း စီစဉ်ထားသည်။ 

ထို့ပြင် MFF သည် အာရှ ဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်း၍ AFC အ၊ ဘီ နှင့် စီ လိုင်စင်နည်းပြသင်တန်းများ ဖွင့်လှစ်နိုင်ရန်အပြင် ဖူဆယ်နည်းပြသင်တန်းကိုလည်း ဖွင့်လှစ်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို အသစ်ပြန်လည် ဖွဲ့စည်းပြီးနောက် နည်းစနစ်ကော်မတီကို လည်း အဖွဲ့ဝင်အသစ်များဖြင့် ပြန်လည် ဖွဲ့စည်းထားပြီး ဥက္ကဋ္ဌအဖြစ် ဦးသန်းတိုးအောင်က ဆက်လက်တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ပြန်လည်ဖွဲ့စည်းထားသည့် MFF နည်းစနစ်ကော်မတီတွင် MNL ကလပ် အသင်းများမှ နည်းပြချုပ်များ ပါဝင်ကြောင်း သိရသည်။


READ NEXT
Cancel OK