Top News

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ရာသီမရွေးသွားလာနိုင်သည့် လေရှီး-လဟယ်-နန်းယွန်း ကားလမ်းဖောက်လုပ်ရန် စီစဉ်နေ
24htopnews | October 7, 2024 3:12 PM CST

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း ရာသီမရွေးသွားလာနိုင်သည့် လေရှီး- လဟယ်-နန်းယွန်း ကားလမ်းဖောက်လုပ်ရန် စီစဉ်နေကြောင်း သိရသည်။

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့များဖြစ်သော လေရှီးမြို့၊ လဟယ်မြို့နှင့် နန်းယွန်းမြို့များသို့ ရာသီမရွေးသွားလာနိုင်သည့် ကားလမ်းကို ဖောက်လုပ်ရန် စီစဉ်နေပြီး စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၏ ပြောကြားချက်အရ သိရသည်။

“နာဂဒေသနဲ့ဆက်သွယ်ရေးမှာ အဓိက လမ်းကြောကြီးဖြစ်တဲ့ ခန္တီးတံတားကို အစိုးရသစ်လက်ထက်မှာပဲ အစအဆုံးပြီးစီးအောင် တည်ဆောက်နိုင်ခဲ့ပါတယ်။ အရင်က တစ်နေကုန်မောင်းရတဲ့ ခန္တီးနဲ့လဟယ်ခရီးဟာ အခုဆိုရင်သုံးနာရီခွဲနဲ့ သွားလာနိုင်ပါပြီ။ အဲဒီလမ်းပေါ်မှာလည်း တံတားအားလုံး တည်ဆောက်ပြီးစီးပြီး ဖြစ်ပါတယ်။ လေရှီး၊ လဟယ်၊ နန်းယွန်း ဒီနာဂသုံးမြို့ကိုလာဖို့ဆိုရင် အရင်က နန်းယွန်းကနေ လဟယ်လာဖို့ဆိုရင် ဘယ်ဆင်းရသလဲဆိုတော့ နန်းယွန်းကနေပြီးတော့ ကချင်ပြည်နယ် တနိုင်းဘက်ကို ပတ်ဆင်းပြီးမှ စစ်ကိုင်းတိုင်းပြန်တက်ပြီးတော့ လာရတာ။ ခက်ခဲတယ် နန်းယွန်းသွား ဖို့က။ ထို့အတူပဲ လဟယ်ကနေ လေရှီးလာမယ်ဆိုရင် ခန္တီးကမှတစ်ဆင့် ဟုမ္မလင်း-ပင်းမာကနေတစ်ဆင့် သွားတော့ အင်မတန်ခက်ခဲတဲ့ လမ်းကြီးဖြစ်လို့ အခုဆိုရင် ကျွန်တော်တို့နဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဒီငါးနှစ်တာကာလအတွင်းမှာ လေရှီးကနေ လဟယ်ကို ကားမောင်းလို့ရအောင်၊ လဟယ်ကနေ နန်းယွန်း၊ လေရှီး-လဟယ်-နန်းယွန်းလမ်းကြီးကို ပေါက်အောင်ဖောက်ပါမယ်။ အခုဆိုရင် နယ်စပ်ရေးရာဝန်ကြီးဌာ နကရှေ့ကနေ ကျောက်တောင်တွေ မိုင်းခွဲတယ်။ လမ်းကြီးကြီးဖောက်သွားတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနက နောက်ကနေ လမ်းကြောတွေ လိုက်လုပ်တယ်။ လမ်းတွေချဲ့တယ်။ ကွန်ကရစ်လမ်းတွေ၊ ကတ္တရာလမ်း တွေဖြစ်အောင် လုပ်တယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနနှစ်ခုပေါင်းပြီးတော့ အဲဒီလမ်းတွေ ဆက်ပြီး ဖောက်လုပ်သွားပါမယ်။ နောက်ပြီးကျွန်တောတို့ရဲ့ Master Plan အရလည်း နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလမ်းမကြီးဖြစ်တဲ့ ဒီလမ်းကြီးကို ငါးနှစ်တာ ကာလအတွင်းမှာ လေရှီး-လဟယ်-နန်းယွန်း လမ်းကြီးပေါက်အောင် ဖောက်မှာဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တစ်ခုတည်းသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး ဖွံ့ဖြိုးမှုနိမ့်ကျသော ဒေသဖြစ်သောကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရမှလည်း ဦးစားပေးဆောင်ရွက်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၏ ပြောကြားချက်အရ သိရသည်။

“အထူးသဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လမ်းများဖွံ့ဖြိုးတိုးတက်ဖို့ အထူးဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ တစ်ခုတည်းသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး ဖွံ့ဖြိုးမှုအင်မတန်နိမ့်ကျနေပါတယ်။ ဒါကြောင့် ကျန်းမာရေး၊ ပညာရေးကိစ္စနဲ့ ပတ်သက်လာရင် နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသကို သွားပါ။ တစ်နှစ်သွားပြီး ပြန်လာရင် လျှောက်ချင်တဲ့နေရာလျှောက်၊ အဲဒီနေရာလွတ်ရင် အဲဒီနေရာပေးမယ်။ မလွတ်လို့မရရင် အနီးဆုံးနေရာကို ပေးပါ့မယ်လို့ပြောခဲ့ပါတယ်။ အဲဒါကြောင့်လည်း အခုဆိုရင် နာဂဒေသဘက်မှာ အတော်လေး တိုးတက်နေပါပြီ။ ၂၀၃၀-၃၁ အချိန်မှာ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် မြို့များ ရာသီမရွေးသွားလာနိုင်တဲ့လမ်းများအဖြစ် ရည်မှန်းချက်ထားပြီး စီမံကိန်းများ ချမှတ်ဆောင်ရွက်ပေးမှာဖြစ်လို့ နာဂဒေသဟာ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့ပြီး အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး ဆက်စပ်ဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးများကို လွယ်လင့်တကူ ဖြတ်သန်းသွားလာ နိုင်မှာဖြစ်ပါတယ်” ဟု ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ လမ်းအများစုသည် မြေသားလမ်းများဖြစ်ကြပြီး မိုးရာသီတွင် တောင်ပြို၊ မြေပြိုမှုကြောင့် သွားလာရခက်ခဲကြောင်း သိရသည်။

 


READ NEXT
Cancel OK