Top News

အိမ်လခပေးရန်မရှိသည့် အမျိုးသမီးငယ်က ခုနစ်နှစ်အရွယ်ကလေးငယ်ကို ကျောင်းပြင်သို့ခေါ်ဆောင်၍ နားဆွဲဖြုတ်ယူရန်ကြံစည်မှု သာကေတမြို့နယ်တွင် ဖြစ်ပွား
24htopnews | October 7, 2024 3:12 PM CST

အိမ်လခပေးရန်မရှိသည့် အမျိုးသမီးငယ်က ခုနစ်နှစ်အရွယ်ကလေးငယ်ကို ကျောင်းပြင်သို့ခေါ်ဆောင်၍ နားဆွဲဖြုတ်ယူရန်ကြံစည်မှု သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဇန်နဝါရီ ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ဇန်နဝါရီ ၂၁ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် သာကေတမြို့နယ်ရှိ အခြေခံပညာမူလတန်း ကျောင်းတစ်ကျောင်းရှိ ကျောင်းခန်းမ၌ ကျောင်းအုပ်ဆရာမကြီးက ဆင်ခြေထောက်ရောဂါအကြောင်း အသိပညာပေး ဟောပြောနေစဉ် ပထမတန်းတွင် ပညာသင်ကြားနေသော မ...(၇)နှစ်ကို စာသင်ခန်းအနီးမှ မိန်းကလေးတစ်ဦး လက်ဆွဲခေါ်လာကာ ကျောင်းအပြင်ထွက်ရန် ဂိတ်ပေါက်သို့ ရောက်ရှိလာသဖြင့် ကျောင်းအဝင်အထွက် ဂိတ်ပေါက်တွင် တာဝန်ကျသည့် ဒေါ်.... က စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

မေးမြန်းရာ အဆိုပါမိန်းကလေးက ၎င်းသည် မ....(ရနှစ်)၏ အဒေါ်ဖြစ်ကြောင်း၊ မ....၏ အမေက မုန့်ပို့ခိုင်း၍ လာပို့ခြင်းဖြစ်ကြောင်း ပြောဆိုသဖြင့် မ... (၇)နှစ်အား မေးမြန်းရာ မည်သို့မျှ ဖြေကြားခြင်းမရှိ၍ ဒေါ်.... က ကျောင်းအုပ်ဆရာမကြီးထံ တိုင်ကြားခဲ့ကြောင်း သိရသည်။

“ကျောင်းအုပ်ဆရာမကြီးက ကလေးအမေကို ဖုန်းဆက်ပြီးမေးတဲ့အခါကျမှ သူ့သမီးဆီကို မုန့်ပို့ခိုင်းတာမရှိဘူးလို့ သိရတယ်။ အဲဒီလိုသိရတော့ ကျောင်းအုပ်ဆရာမကြီးက အဲဒီမိန်းကလေးကို သေချာမေးတဲ့ အခါကျမှသူကအိမ်လခမရှိလို့ ကလေးရဲ့နားဆွဲကို ဖြုတ်ယူဖို့အတွက် ကြံရွယ်ခေါ်ဆောင်တာလို့ ဝန်ခံထွက်ဆိုတယ်လို့ သိရတယ်” ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကပြောကြားသည်။ ကလေးငယ်အား ကြံရွယ်ခေါ်ဆောင်ကာ လက်ဝတ်ပစ္စည်းဖြုတ်ယူရန် ကြိုးစားသည့် ဒဂုံဆိပ်ကမ်းမြို့နယ် (၆၇) ရပ်ကွက်နေ မခိုင်သဇင်ဦး (၂၁နှစ်) အား ကျောင်းဆရာမကြီးက သက်ဆိုင်ရာရဲစခန်းသို့ တိုင်တန်းခဲ့ပြီး သာကေတနယ်မြေရဲစခန်းက (ပ)၅၁/ ၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၃၆၉ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK