စမ်းချောင်းမြို့နယ်၊ လင်းလွန်တောင်ရပ်ကွက် ဗဟိုလမ်းပေါ်၊ ပန်းတနော်လမ်းနှင့် ကျိုက်လတ်လမ်းကြားရှိ ငွေတောင်အမည်ရှိ လက်ဖက်ရည်ဆိုင်တွင် ဇန်နဝါရီ ၂၃ ရက် နံနက် ၅ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဆိုင်အတွင်းနေထိုင်သော လူသုံးဦးသေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ လက်ဖက်ရည်ဆိုင်မီးလောင်မှုအကြောင်းအရင်းမှာ ဂက်စ်အိုးပေါက်ကွဲရာမှ စတင်လောင်ကျွမ်းဖြစ်သည်ဟု ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးမျိုးဝင်းက ကနေဦး မှတ်ချက်ပြုထားပြီး တိကျသောအဖြေရရှိရန် စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက " မီးကတော့ အားလုံးငြိမ်းသွားပြီ။ ဒါပေမယ့် ပျောက်ဆုံးနေတဲ့သူတွေ ရှိအုံးမလားဆိုပြီး ကျွန်တော်တို့ ဆက်လက်ရှာနေပါတယ်။ ကျွန်တော်တို့ အကြမ်းဖျင်းသိရတာတော့ သူတို့ရဲ့ ဂက်စ်အိုးကနေ ပေါက်တယ်လို့ သိရတယ်။ ဒါပေမယ့် သေချာအောင်စုံစမ်းနေပါတယ်။ Dead Body က သုံးလောင်းတွေ့ပါတယ်။ ပျောက်ဆုံးနေတာက ခုနကပြောသလို အတိအကျတော့ မပြောနိုင်သေးပါဘူး " ဟု မီးလောင်မှုဖြစ်ပွားသည့်နေရာတွင် မီဒီယာများအား ဖြေကြားသည်။
မီးလောင်မှုကြောင့် ငွေတောင်လက်ဖက်ရည်ဆိုင်မှ အမျိုးသား၊အမျိုးသမီး စုစုပေါင်း လေးဦးအနက် သုံးဦးသေဆုံးပြီး တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း၊ သေဆုံးသူသုံးဦးအနက် တစ်ဦးမှာ ကျား/မခွဲခြား၍ မရကြောင်း စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်လွင်က ပြောကြားသည်။
စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်လွင်က " သေဆုံးတာက သုံးဦးရှိတယ်။ ဒါပေမယ့် ကျားတစ်ဦး၊ မတစ်ဦးကတော့ ကျိန်းသေတယ်။ နောက်တစ်လောင်းကတော့ ကျားလား၊မလားတော့ မကွဲသေးဘူးဖြစ်နေတယ်။ မနက်ဖြန် မှုခင်းဆရာဝန်ကြီးက စစ်ပြီးမှဘဲ ကျား/မကို သေချာသိရမယ်။ အဲ့တစ်ယောက်ကတော့ မီးလောင်ကျွမ်းမှုများသွားတယ်။ များသွားတော့ ခွဲခြားဖို့ မသေချာဘူးဖြစ်နေတယ် " ဟုပြောကြားသည်။
ထို့ကြောင့် မီးလောင်မှုတွင် သေဆုံးသွားသူများမှာ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ကာ မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနေကာ ကျန်းမာရေးမကောင်းသော အဖွားအိုတစ်ဦးနှင့် စားပွဲထိုး ယောကျ်ားလေးတို့ပါဝင်ကြောင်း ပတ်ဝန်ကျင်းတွင်နေထိုင်သူများ၏ ပြောကြားချက်အရ ကနေဦးသိရသည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော လက်ဖက်ရည်ဆိုင်မှာ ပျဉ်ထောင်နှစ်ထပ် အဆောက်အဦးဖြစ်ပြီး မီးတောက်များမှာ အနီးရှိ ခြောက်ထပ်တိုက်ကိုလည်း ကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုကို မီးငြိှမ်းသတ်ယာဉ်စေလွှတ်မှု Level2 သတ်မှတ်ကာ ငြိှမ်းသတ်ခဲ့ရကြောင်းသိရသည်။
နံနက်အစောပိုင်းတွင် လောင်ကျွမ်းခဲ့သော အဆိုပါမီးမှာ အရှိန်အဟုန်ဖြင့် လောင်ကျွမ်းခဲ့ခြင်းဖြစ်ရာ မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ၄၅ မိနစ်ခန့် အကြာတွင် မီးထိန်းနိုင်ခဲ့သဖြင့် နံနက် ၆ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
စမ်းချောင်းမြို့နယ် ပန်းတနော်လမ်းနေ အမျိုးသားတစ်ဦးက " မနက် ၅ နာရီခွဲလောက်မှာ အသံတွေကြားလို့နိုးလာတော့ မီးတောက်ကို အခန်းကနေ လှမ်းမြင်နေရတယ်။ သိပ်လည်းမဝေးတော့ အရေးကြီးတဲ့ပစ္စည်းတွေ သိမ်းဆည်းပြီး အောက်ဆင်းလာတော့ ဒီနားရောက်တော့ ဆိုင်ကတစ်ဆိုင်လုံးကုန်နေပြီ။ အပေါ်ထပ်မှာ လူနေပြီး အောက်ထပ်မှာ ဆိုင်ဖွင့်ထားတာ။ ဂက်စ်အိုးက လောင်တာဆိုတော့ မီးတောက်က အရှိန်ကြီးတယ်။ ဟုန်းခနဲ ဟုန်းခနဲ့ လောင်သွားတာ မြန်တယ် " ဟု ပြောကြားသည်။
မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ရန် စမ်းချောင်းမြို့မရဲစခန်းတွင် ဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
