Top News

မြစ်ဆုံစီမံကိန်းအပါအဝင် ကြီးကျယ်သည့် စီမံကိန်းကြီးများနှင့်ပတ်သက်၍ ပြည်သူလူထုအနေဖြင့် အမြင်ကျယ်ကျယ် စဉ်းစားစေလိုကြောင်းနှင့် အစိုးရ၏ဆုံးဖြတ်ချက်များကို ပြည်သူများအားတင်ပြမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား
24htopnews | October 8, 2024 8:12 AM CST

မြစ်ဆုံစီမံကိန်းအပါအဝင် ကြီးကျယ်သည့် စီမံကိန်းကြီးများနှင့်ပတ်သက်၍ ပြည်သူလူထုအနေဖြင့် အမြင်ကျယ်ကျယ်ဖြင့် အဘက်ဘက်က စဉ်းစားစေလိုပြီး အစိုးရဆုံး ဖြတ်ချက်များကိုပြည်သူကို တင်ပြမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပဲခူးတိုင်းဒေသကြီးခရီးစဉ်အဖြစ် ပြည်မြို့သို့ မတ် ၁၄ ရက်က သွားရောက်ခဲ့ပြီး မြို့တော်ခန်းမတွင် လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ရာ မြစ်ဆုံကိစ္စနှင့်ပတ်သက်၍ မြို့ခံတစ်ဦး၏မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းရာတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ုပဲဖြစ်ဖြစ် ဘယ်လိုပဲကြီးကျယ်တဲ့ စီမံကိန်းနဲ့ပတ်သက်လို့ဖြစ်ဖြစ် ကျွန်မတို့ ပြည်သူလူထုကို အမြင်ကျယ်ကျယ်နဲ့ အဘက်ဘက်ကနေ စဉ်းစားစေချင်ပါတယ်။ ဘယ်တော့မှ အားလုံးဘယ်သူပြောတာ နားယောင်ပြီးတော့၊ ဟိုလူ ပြောတာနားယောင်ပြီးတော့ ကျွန်မတို့စီမံကိန်းတွေနဲ့ စဉ်းစားတဲ့အခါမှာ ဘယ်ဘက်က စဉ်းစားရလဲဆိုတော့ ကျွန်မတို့က စီးပွားရေးဘက်ကလည်း စဉ်းစားရတယ်။ လူမှုရေးဘက်ကလည်း စဉ်းစားရတယ်။ နိုင်ငံရေးဘက်ကလည်း စဉ်းစားရတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်ကလည်း စဉ်းစားရတယ်။ တစ်ခုတည်းကို စဉ်းစားလို့မရပါဘူး။ တစ်ခုတည်းကို စဉ်းစားရင် မှားပါလိမ့်တယ်။ ကျွန်မတို့ဟာ စီးပွားရေးဘက်ကနေပဲဖိပြီး စဉ်းစားလို့ မရပါဘူး။ စီးပွားရေးဘက်က စဉ်းစား ရင်တောင်မှ ရေရှည်စဉ်းစားရပါတယ်။ တစ်ခဏအတွက် မစဉ်းစားရပါဘူး။ နောက်ပြီးတော့ လူမှုရေးဘက်ကိုလည်း စဉ်းစားရပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေးဆက်စပ်နေတာ ဘာလဲဆိုတော့ ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် ကျွန်မတို့နိုင်ငံဟာ ကမ္ဘာ့ရဲ့ယုံကြည်မှုရဖို့အတွက် စကားတည်ဖို့ လိုတယ်နော်။ အခုတစ်မျိုး အခုတစ်မျိုးစကားပြောလို့ မရပါဘူး။ ကျွန်မတို့က တချို့စီမံကိန်းကြီး တွေဟာ အရင်တုန်းက စတင်ခဲ့တဲ့စီမံကိန်း ကြီးတွေကို ကျွန်မတို့ကနေပြီးတော့ ကျွန်မတို့ အစိုးရတက်ပြီ။ ဘယ်ဟာမှ ဂရုမစိုက်တော့ဘူး။ လုပ်ချင်တာလုပ်လို့မယ်လို့ ပြောလို့မရဘူး။ အဲဒီလိုလုပ်မယ်ဆိုရင် ဒီနိုင်ငံဟာ ဘယ်တော့မှ အားကိုးရတဲ့နိုင်ငံမဟုတ်ဘူး။ အစိုးရတစ်ခုတက်ရင်တစ်မျိုး ငါတို့ဒီနိုင်ငံနဲ့ ဘာမှ မလုပ်တာပဲ ကောင်းတယ်ဆိုတဲ့ စိတ်ဓာတ်တွေ ကမ္ဘာကြီးမှာဖြစ်သွားလို့ရှိရင် ကျွန်မတို့နိုင်ငံကို ထိခိုက်နိုင်တယ်” နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုသည်မှာ ပတ်ဝန်းကျင် မပြောင်းလဲရေးမဟုတ်ဘဲ  ပတ်ဝန်းကျင် မပျက်စီးရေးကိုပြောခြင်းဖြစ်ပြီး သတိပြုစေလိုကြောင်း၊ ပတ်ဝန်းကျင်အား လုံးလုံးမပြောင်းလဲလိုပါက ယခုလူထုတွေ့ဆုံ ပွဲပြုလုပ်သည့် ခန်းမသည် သဘာဝကြောင့် ပေါ်လာခြင်းမဟုတ်ကြောင်း၊ မိမိတို့ဝတ်ထားသည့် အဝတ်အစားများပင် သဘာဝအရပေါ် လာခြင်းမဟုတ်ဘဲ မိမိတို့လုပ်ယူခြင်းဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်အား လုံးဝမပြောင်းလဲအောင်လုပ်မည်ဆိုပါက မည်သည့် တိုးတက်မှုမျှရှိမည်မဟုတ်ကြောင်း  နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ကျွန်မတို့မြစ်ဆုံစီမံကိန်းနဲ့ပဲ ပတ်သက်လို့ဖြစ်ဖြစ်၊ ဘယ်လိုပဲကြီးကျယ်တဲ့စီမံကိန်းတွေနဲ့ပဲဖြစ်ဖြစ် ကျွန်မတို့ဟာ နိုင်ငံရေး စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဲဒီရှုထောင့်လေးခုကနေကြည့်ပြီးမှ ဆုံးဖြတ်ချက်ချမှာပါ။ ချရတဲ့ဆုံးဖြတ်ချက် တွေကိုလည်း ပြည်သူကို သေသေချာချာတင်ပြမယ်။ ဘာကြောင့်ဆုံးဖြတ်ချက် ချရတယ်ဆိုတာလည်း တင်ပြမယ်လို့ပြောပါရစေ” ဟု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မိမိတို့အစိုးရအနေဖြင့် တာဝန်သိသိနှင့် လုပ်မည်ဖြစ်ပြီး ဆုံးဖြတ်ချက်ချပါက အများပြည်သူသိအောင် မည်သည့်အတွက်ကြောင့်ဆိုသည်ကို ရှင်းပြမည်ဖြစ်ကြောင်း၊  ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများကို သတိပေးလိုကြောင်း၊ အစိုးရများသည် ဆုံးဖြတ်ချက်တစ်ခုချပြီး လုပ်ရန်ဆုံးဖြတ်ပါက ပြည်သူလူထုကို အသိပေးရုံတင်မက မည်သည့်အတွက်ကြောင့်လုပ်သည်ကို အသိပေးရမည်ဖြစ်ကြောင်း၊ မည်သည့်ကိစ္စအား လုပ်တော့မည်ဟု အသိပေးရုံမရဘဲ မည်သည့်အတွက်ကြောင့်လုပ်ရသည် ကိုအသိပေးရမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် မြို့သစ်စီမံကိန်းလုပ်ရန် စဉ်းစားသည် ဆိုပါက အများပြည်သူသိအောင် ရှင်းပြရမည်ဖြစ်ကြောင်း၊ မြို့သစ်စီမံကိန်းဆိုသည်မှာ မည်သည့်ပုံစံဖြစ်မည်၊ မည်သည့်အတွက်ကြောင့် လိုအပ်သည်စသည်ဖြင့် ရှင်းပြမည်ဖြစ်ကြောင်း၊ နိုင်ငံရေးတွင် တာဝန်ယူထားသူတိုင်း၏ လုပ်ရမည့်ဝတ္တရားတစ်ခုဖြစ်ကြောင်း၊  နိုင်ငံရေးလုပ်ခြင်းသည် အချစ်ခံချင်၍ လုပ်ခြင်းမဟုတ်ဘဲ နိုင်ငံအကျိုးဖြစ်စေရန် လုပ်ခြင်းဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သရေခေတ္တရာရှေးဟောင်းပြတိုက်၊ ပျူခေတ်လက်ရာ ဘောဘောကြီးဘုရားတို့အား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့လည်း ဝင်ရောက်ကြည့်ရှုခဲ့ကာ မွန်းလွဲပိုင်းတွင် သာယာဝတီမြို့၌ လူထု နှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။ ထို့နောက် ညနေ ပိုင်းတွင် ပဲခူးမြို့သို့ ဆက်လက်သွားရောက်ခဲ့ပြီး ယနေ့ (မတ် ၁၅) တွင် ပဲခူးမြို့၌ လူထုနှင့် တွေ့ဆုံမည်ဖြစ်သည်။            


READ NEXT
Cancel OK