Top News

ရခိုင်ပြည်နယ်တွင် ရဲစခန်းများ၊ အရပ်ဘက်အာဏာပိုင်များနှင့် လူပုဂ္ဂိုလ်များအား တိုက်ခိုက်မှုများရပ်တန့်ရန် ဥရောပသမဂ္ဂ ကြေညာချက်ထုတ်ပြန်
24htopnews | October 8, 2024 8:12 AM CST

ရခိုင်ပြည်နယ်တွင် ရဲစခန်းများ၊ အရပ်ဘက်အာဏာပိုင်များနှင့် လူပုဂ္ဂိုလ်များအား တိုက်ခိုက်မှုများကို ရပ်တန့်ရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂက မတ် ၁၄ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။ 

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင် ပိုင်းတို့တွင် AA လက်နက်ကိုင်အဖွဲ့နှင့် မြန်မာ့တပ်မတော်ကြား ဆက်လက်ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများသည် အသက်အိုး အိမ်ဆုံးရှုံးနစ်နာမှုများနှင့် ဆိုးရွားသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေကို ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ ရဲစခန်းများ၊ အရပ်ဘက်အာဏာပိုင်များနှင့် လူပုဂ္ဂိုလ်များအား တိုက်ခိုက်မှုများကို ရပ်တန့်ရမည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် မတ် ၉ ရက်တွင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်ကိုးဦးတို့ သတ်ဖြတ်ခံရခြင်းကဲ့သို့သော လုပ်ရပ်များသည် မည်သို့မျှ တရားမျှတမှုမရှိကြောင်း  မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး၊ ဥရောပ အဖွဲ့ဝင်နိုင်ငံ သံရုံးများ ၊ ကနေဒါနှင့် နော်ဝေသံရုံးတို့မှ သံရုံးအကြီးအကဲများ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ်ရဲကင်းစခန်းအား ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က မတ် ၉ ရက် ညပိုင်းတွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်ကိုးဦး ကျဆုံးခဲ့ပြီး ရဲတပ်သားတစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

ပြည်ထောင်စုအစိုးရသည် AA လက်နက်ကိုင်အဖွဲ့နှင့် ဆွေးနွေးမှုများပြုလုပ်ရန် လက်ခံကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးကလည်း ဤအခွင့်အရေးကိုဆုပ်ကိုင်၍ အတိတ်မှ နာကြည်းချက်များကို ဆွေးနွေးမှုများနှင့် နိုင်ငံရေးဖြစ်စဉ်များမှတစ်ဆင့် ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အားထုတ်ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ရန် မျှော်မှန်းကြောင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဥရောပသမဂ္ဂ၊ ကနေဒါနှင့် နော်ဝေသည် နိုင်ငံတကာဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေအရ အရပ်သားများကို ကာကွယ်နိုင်ရန်နှင့် လူသားချင်းစာနာမှုအကူအညီများ ပေးပို့ခွင့်ပြုရန်အတွက် လိုက်နာရမည့် တာဝန်ဝတ္တရားများကို ဘက်ပေါင်းစုံမှ လေးစားလိုက်နာရန် တိုက်တွန်းလိုက်ကြောင်း၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအစောပိုင်းမှစ၍ ရခိုင်ပြည်နယ်အတွင်း မြို့နယ်ငါးမြို့နယ် (ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်းတော၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်) တို့ကို သွားရောက်ခွင့်နှင့်ပတ်သက်၍ အကူအညီအထောက် အပံ့ပေးအပ်ရေးအဖွဲ့အစည်းအပေါ် ကန့်သတ်ထားသည့် ကန့်သတ်ချက်များသည် အနည်းဆုံး လူဦးရေ ၉၅၀၀၀ တို့ ကြုံတွေ့နေရသည့် ဆိုးရွားသော လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုဆိုင်ရာ အခြေအနေအပေါ်တွင် ပြင်းထန်သည့်သက်ရောက်မှုကို ဖြစ်ပေါ်စေကြောင်း၊ အခြေအနေပိုမိုဆိုးရွာလာခြင်း မရှိစေရန် ရာသီအလိုက် လယ်ယာစိုက်ပျိုးရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းရပ်များကို မိုးဥတုမရောက်မီ ဆောင်ရွက်နိုင်ရန် ခွင့်ပြုရမည်ဖြစ်ကြောင်း ဥပရောပသမဂ္ဂ၏ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ရက် နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့် ရဲကင်းစခန်းလေးခုကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးခဲ့ပြီး ကိုးဦးဒဏ်ရာ ရရှိခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ တပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဇန်နဝါရီ ၄ ရက်တွင် ဖြစ်ပွားသည့် နယ်ခြားစောင့်ရဲကင်း စခန်းများ တိုက်ခိုက်ခဲ့ရပြီးနောက်ပိုင်း၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။

အဆိုပါတိုက်ပွဲများကြောင့် ဒေသခံလူဦးရေ တစ်သောင်းကျော်ခန့်မှာ နေရပ်စွန့်ခွာနေရကြောင်း၊ ထို့ပြင် အရပ်သားများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် ဖမ်းဆီးခံထားရခြင်းများလည်းရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK