Top News

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲစစ်ရာတွင် မေးခွန်းပုံစံပြောင်းလဲခဲ့ရာ ယခင်မေးခွန်းထက် ရွေးချယ်ရမှုနည်းပါးပြီး စနစ်တကျဖြေဆိုရမည့် မေးခွန်းများပါဝင်လာခြင်းကြောင့် ဂုဏ်ထူးရရှိမှုလျော့နည်းနိုင်ကြောင်း တက္ကသိုလ်ဝင်တန်းသင်ဆရာများ သုံးသပ်
24htopnews | October 8, 2024 8:12 AM CST

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၆ ရက်မှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာအရ စစ်ဆေးခဲ့ရာ မတ် ၁၃ ရက်တွင် ဇီဝဗေဒဘာသာတွဲနှင့် ဘောဂဗေဒဘာသာတွဲများ စစ်ဆေးမှုပြီးစီးခဲ့ပြီး ယခုနှစ်တွင် မေးခွန်းပုံစံပြောင်းလဲမှု ပြုလုပ်ခဲ့သည်။

မေးခွန်းပုံစံအပြောင်းအလဲများအရ ဘာသာရပ်တစ်ခုချင်းစီအလိုက် ပြောင်းလဲထားသောပုံစံမှာ ယခင်မေးခွန်းထက် ရွေးချယ်ရမှု နည်းပါးပြီး စနစ်တကျဖြေဆိုရမည့် မေးခွန်းများပါဝင်လာခြင်းကြောင့် ဂုဏ်ထူးရရှိမှုများ လျော့နည်းနိုင်ကြောင်း တက္ကသိုလ်ဝင်တန်း သင်ဆရာများက သုံးသပ်ပြောကြားသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခဲ့ရသည့် ဘာသာရပ်ခြောက်ခုအနက် သချင်္ာဘာသာနေ့တွင် ဖြေဆိုရမှုပိုမိုခက်ခဲလာသည်ဟုဆိုကာ အခြားဘာသာရပ်များတွင်လည်း မေးခွန်းဟောင်းများတွင် ၁၈ ပုဒ် ခန့်ပေးထားကာ ၁၀ ပုဒ်ခန့် ရွေးချယ်ဖြေဆိုရသည့် အပိုင်းများကို ယခုနှစ်တွင် ၁၂ ပုဒ်မှ ၁၀ ပုဒ် ရွေးချယ်ဖြေဆိုရခြင်းများရှိကြောင်း သိရသည်။

“သချင်္ာမေးခွန်းအပြောင်းအလဲမှာ အရင်တစ်မှတ်တန်မေးတဲ့နေရာမှ အခုတစ်ပုဒ် သုံးမှတ်တန်အဖြစ်မေးတယ်။ သုံးမှတ်တန်က စနစ်တကျ တွက်ပုံတွက်နည်းကိုဖော်ပြပြီး ဖြေရတဲ့အတွက် ကျောင်းသား၊ ကျောင်းသူ တွေအတွက်ကျတော့ အချိန်မလောက်တာတွေနဲ့ စနစ်တကျမဖြေရင် အမှတ်မရနိုင်တာတွေရှိတယ်။ မေးခွန်းအနေနဲ့ ခက်ခက်ခဲခဲ ပြောင်းလဲသွားတာမျိုးတော့ မရှိပါဘူး။ မေးခွန်းပြောင်းလဲလာတဲ့အပေါ် ကြိုဆိုပါတယ်။ ပိုကောင်းလာနိုင်မယ်လို့လည်း မျှော်လင့်တယ်။ စနစ်တကျလေ့ကျင့်ထားတဲ့ ကလေးတွေအတွက်တော့ရမှာပါ။ သင်ကြားရေး အတွေ့အကြုံအရဆိုရင်တော့ ဂုဏ်ထူးအရေအတွက်တွေ လျော့နိုင်တယ်။ ဘာလို့လဲဆိုရင် တစ်နှစ်လုံးလေ့ကျင့်တဲ့အခါမှာကို ခါတိုင်းလောက် အမှတ်မရတာတွေရှိတယ်။ ဓာတုဗေဒမေးခွန်းမှာဆိုရင်လည်း အရင်ထက် ရွေးချယ်စရာနည်းသွားတယ်။ အရင်က သိပ်မမေးတဲ့အခန်းတွေက ပိုမေးလာတာ တွေ့ရတယ်။ တစ်အုပ်လုံးကိုခြုံကြည့်ထားတဲ့ ကျောင်းသားတွေအနေနဲ့တော့ အောင်နိုင်ပေမဲ့ ဂုဏ်ထူးထွက်ဖို့မလွယ်ဘူး။ အခုလိုပြောင်းလဲလာတဲ့အတွက် အရင်လိုသင်ခန်းစာအခန်းတွေ လွှတ်မရဘဲတက္ကသိုလ်ပညာရေးအတွက် အခြေခံပိုပါလာမယ်လို့ ထင်ပါတယ်” ဟု မန္တလေးမြို့ ရှိ KMC ကိုယ်ပိုင်အထက်တန်းကျောင်းမှ သချင်္ာဘာသာပြ ဆရာဦးကိုကိုက ပြောကြားသည်။

မေးခွန်းပြောင်းလဲထားမှုမှာ ကျောင်းသားတွေအတွက် ခက်ခဲသည့်ပုစ္ဆာများကို ပြောင်းလဲမေးမြန်းခြင်းမဟုတ်ဘဲ ယခင်မေးနေကျမေးခွန်းပုံစံများအား ပုံစံပြောင်းကာ မေးခြင်းဖြစ်ပြီး ဘောဂဗေဒဘာသာရပ်တွင်လည်း မေးလေ့မေးထမေးခွန်းပုံစံဖြင့်ကွဲကာ သင်ခန်းစာနှင့်ပတ်သက်သည့် အကြောင်းအရာများကို သိရှိနားလည်မှသာ ဖြေဆိုနိုင်မည့် မေးခွန်းပုံစံများပါဝင်လာကြောင်း ဘောဂဗေဒဘာသာပြဆရာများ၏ သုံးသပ်ချက်အရ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း၌ ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲစာစစ်ဌာန ၂၀၃ ခုရှိပြီး စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ ၁၂၃၇၂၉ ဦးရှိကြောင်း၊ ယခင် ၂၀၁၈ ခုနှစ်က မန္တလေးတိုင်းဒေသကြီးတွင် ဖြေဆိုရန်စာရင်းပေးသွင်းသူဦးရေ ၁၁၆၈၁၉ ဦးရှိခဲ့သောကြောင့် ယခင်နှစ်ထက် ၆၉၀၀ ကျော်ပိုမိုများပြားပြီး စာစစ်ဌာနအနေဖြင့်လည်း ၁၁ ခုပိုမိုကြောင်း၊ ဖြေဆိုမှုပျက်ကွက် စာရင်းများအရ ဘာသာရပ်အလိုက် မတူညီမှုများရှိသော်လည်း မတ် ၁၂ ရက်အထိ လာရောက်ဖြေဆိုသည့်ရာခိုင်နှုန်း ၉၆ ရာခိုင်နှုန်းကျော်ရှိပြီး ဇီဝဗေဒ၊ ဘောဂဗေဒဘာသာတွဲ မဟုတ်သော အခြားဘာသာတွဲဖြင့် ဝင်ရောက်ဖြေဆိုမှုမှာ တိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့် တစ်ဦးသာရှိကြောင်း သိရသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ အဓိကယူဖြေဆိုသည့်ဘာသာတွဲ နှစ်ခုမှာ စာမေးပွဲစစ်ဆေးမှုပြီးဆုံးပြီဖြစ်ကာ အခြားဘာသာတွဲမှ ကျန်ဘာသာရပ်နှစ်ခုဖြစ်သည့် ပထဝီဝင်ဘာသာနှင့် သမိုင်းဘာသာများကို မတ် ၁၄၊ ၁၅ ရက်များတွင် စာမေးပွဲစစ်ဆေးခြင်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် ဇီဝဗေဒဘာသာတွဲ စာရင်းရှိဖြေဆိုသူဦးရေ ၄၅၄၅၄ ဦးရှိပြီး လာရောက်ဖြေဆိုသူ ၄၄၂၂၄ ဦးရှိခဲ့ရာ ပျက်ကွက်သူစုစုပေါင်း ၁၂၃၀ ရှိသောကြောင့် ဖြေဆိုသည့်ရာခိုင်နှုန်း ၉၇ ဒသမ ၂၉ ရာခိုင်နှုန်းရှိကြောင်း၊ ဘောဂဗေဒဘာသာတွဲတွင် စာရင်းရှိဖြေဆိုသူ ၇၈၂၀၆ ဦးရှိပြီး လာရောက်ဖြေဆိုသူ ၇၄၆၇၄ ဦးရှိရာ ပျက်ကွက်သူ ၃၅၃၂ ဦးရှိသောကြောင့် ဖြေဆိုသည့် ရာခိုင်နှုန်း ၉၅ ဒသမ ၄၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။                                 


READ NEXT
Cancel OK