Top News

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားမှုကြောင့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများအား ရောဂါကူးစက်ခံရနိုင်မှု အန္တရာယ်အမြင့်မားဆုံး နိုင်ငံများအဖြစ် FAO သတ်မှတ်ထား
24htopnews | October 8, 2024 8:12 AM CST

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းနီးစပ်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ (African Swine Fever) ဖြစ်ပွားမှုကြောင့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများကို ရောဂါကူးစက်ခံရနိုင်မှု အန္တရာယ် အမြင့်မားဆုံးနိုင်ငံများအဖြစ် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)က သတ်မှတ်ထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းသိမ်းမော်က ပြောကြားသည်။

တရုတ်နိုင်ငံတွင် အာဖရိက ဝက်အပြင်းဖျားရောဂါ (African Swine Fever) ကျရောက်ဖြစ်ပွားပြီး ဝက်အများအပြား သေဆုံးလျက်ရှိရာ မြန်မာနိုင်ငံသို့ ရောဂါပိုး ကူးစက်ဝင်ရောက်မှု မရှိစေရေး ကြိုတင်ကာကွယ်ရန်အတွက် တရုတ်နိုင်ငံနှင့် ရောဂါဖြစ်ပွားနေသော နိုင်ငံများမှ ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေးခဲ ဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြားဝက်ထွက် ပစ္စည်းများ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ပေါက်များနှင့် လေဆိပ်/ရေဆိပ်များမှ တစ်ဆင့် သယ်ယူခြင်း၊ ဝယ်ယူခြင်း နှင့်ရောင်းချခြင်းများ မပြုလုပ်ရန် ယာယီတားဆီး ပိတ်ပင်ထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိရစ္ဆာန်ဆိုင်ရာ ပို့ကုန်သွင်းကုန် စစ်ဆေးထိန်းသိမ်းရေးဌာနစိတ်က ထုတ်ပြန်ကြေညာထားသည်။ 

“တရုတ်နိုင်ငံမှာ ၂၀၁၈ ခုနှစ် သြဂုတ်လကစပြီး နောက်ပိုင်းလတွေ အပါအဝင် အခုအချိန်အထိ ရောဂါက ဆက်တိုက်ဖြစ်လာတာ အခုဆိုရင် ပြည်နယ် ၃၀ ကျော်လောက်အထိ ပျံ့နှံ့နေပြီး ဝက်ကောင်ရေ တစ်သန်းလောက်အထိ သုတ်သင်ပြီးသွားပြီ။ အခုဆိုရင် ဗီယက်နမ်မှာလည်း တွေ့နေပြီ။ ထိုင်ဝမ်မှာလည်း တွေ့နေပြီ။ ကျွန်တော်တို့က ကမ္ဘာ့စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ဆိုတဲ့အဖွဲ့ကြီးရဲ့ ညွှန်ကြားချက်တွေကိုလည်း ကျင့်သုံးရတဲ့အတွက် အဲဒီအဖွဲ့က တရုတ်နိုင်ငံနဲ့ ထိစပ်တဲ့နိုင်ငံတွေ ဖြစ်တဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတွေကို ရောဂါကူးစက်ခံရနိုင်မှု အန္တရာယ်အလားအလာ အမြင့်မားဆုံးနိုင်ငံတွေအဖြစ် သတ်မှတ်လိုက်တယ်။ အဲဒီနိုင်ငံတွေကို ရောဂါတွေ မရောက်ရှိဖို့လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းတွေ ဆောင်ရွက်ထားကြပါဆိုပြီး အသိပေးထားပါတယ်”ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှညွှန်ကြားရေးမှူး ဒေါက်တာ မင်းသိမ်းမော်က ပြောကြားသည်။

လက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ရောဂါ မကူးစက်လာစေရန် ရောဂါကြိုတင်ကာကွယ်ရေးအတွက် တိရစ္ဆာန် ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေ (၁၇/၉၃) အရ အာဖရိက ဝက်အပြင်းဖျားရောဂါကို (ခ) စာရင်းဝင် ကူးစက်ရောဂါအဖြစ် ယခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က သတ်မှတ်ခဲ့ကြောင်း သိရသည်။ 

“မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်အထိ ဓာတ်ခွဲခန်းတွေကို ရောက်ရှိလာတဲ့ နမူနာတွေကို စစ်ဆေးချက်အရ ဒီရောဂါပိုး လောလောဆယ်အထိ မတွေ့ရသေးပါဘူး။ ဒါကတော့ သတင်းကောင်းပါပဲ။ ဒါပေမဲ့လို့ ကြိုတင်ကာကွယ်တဲ့ လုပ်ငန်းတွေနေရာမှာ အပိုင်းလေးပိုင်းလောက် ပိုင်းပြီး ဆောင်ရွက်နေပါတယ်။ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ နယ်စပ်ပေါက်တွေမှာလည်း ဥပဒေအရ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် ဥပဒေနဲ့ အမိန့်ညွှန်ကြားချက်တွေ လိုအပ်တယ်။ ဒါမှသာ ဒီဥပဒေအရ ပြည်သူလူထုနဲ့ တခြားဆက်စပ်တဲ့ အဖွဲ့အစည်း၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း လိုက်နာဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ဒီရောဂါသည် မြန်မာနိုင်ငံမှာ တွေ့ရှိခြင်း မရှိသေးသော်လည်းပဲ တိရစ္ဆာန်ကျန်းမာရေးနဲ့ဖွံ့ဖြိုးရေး ဥပဒေအရ ယခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှာ “သတင်းပေးပို့ တိုင်ကြားရမည့် အရေးကြီးစာရင်းဝင်ရောဂါ”အဖြစ် မြန်မာနိုင်ငံမှာ သတ်မှတ်ခဲ့တယ်။ ဒါကတော့ ဥပဒေအရ လုပ်ခြင်း ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။ 

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း နီးစပ်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားမှု လေးကြိမ်ရှိပြီဖြစ်ပြီး ယင်းတို့အနက် မြန်မာနိုင်ငံနှင့် အလွန်နီးစပ်သည့် ဒေသများတွင် ရောဂါဖြစ်ပွားမှု နှစ်ကြိမ်ရှိပြီ ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။ 


READ NEXT
Cancel OK