Top News

ရှမ်းပြည်နယ် မြောက်ပိုင်း ပန်းဆေးဒေသတွင် TNLA တအောင်းလက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခံရခြင်း၊ ငွေကြေး သိန်းဆယ်ချီဖြင့် ရွေးယူရခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခံရခြင်း ဟုဆိုသော အခြေအနေများအပေါ် ခိုလုံလီရှော တိုင်းရင်းသား မိသားစုဝင်များ သတင်းစာရှင်းလင်း 
24htopnews | October 8, 2024 8:12 AM CST

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသအတွင်းရှိ ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားများဖြစ်သည့် ခိုလုံလီရှော တိုင်းရင်းသားများအား TNLA တအောင်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားပြီး ညှဉ်းပန်းနှိပ်စက်ပြီး လုပ်ငန်းခိုင်းစေမှုများ၊ ဖမ်းဆီးခံရသူများကို ငွေကြေးများဖြင့် ပြန်လည် ရွေးယူခိုင်းမှုများ ရှိနေသည့် အခြေအနေများနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသည့် မိသားစုဝင်များ၊ ပြန်လည် လွတ်မြောက်လာခဲ့ကြသည့် မိသားစုဝင်များက မတ် ၁၃ ရက် နံနက်ပိုင်းက မန္တလေးမြို့ရှိ မီဒီယာစင်တာသို့ လာရောက်၍ သတင်းစာရှင်းလင်းခဲ့သည်။

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသရှိ ခိုလုံလီရှော တိုင်းရင်းသားများ နေထိုင်လျက်ရှိသည့် ကျေးရွာများဖြစ်သည့် ၀ါလုကျေးရွာ၊ ပန်မှောင်ကျေးရွာနှင့် တာကွမ်ကျေးရွာတို့မှ ဒေသခံရွာသား ၁၈ ဦးတို့ကို TNLA လက်နက်ကိုင် တပ်ဖွဲ့ဝင်များ က မတ်လဆန်းအတွင်းက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီးနောက် ဒေသခံအချို့ကို တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ ခန့်ဖြင့် ပြန်လည်ရွေးယူခဲ့ရပြီး ပြန်လည်ရွေးယူနိုင်ခြင်း မရှိသေးသည့် ဒေသခံများမှာ လက်ရှိအချိန်တွင် အဆိုပါ TNLA လက်နက်တပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း၊ ဖမ်းဆီးခံခဲ့ရသည့် သူများတွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင် မိခင်များ၊ အမျိုးသမီးငယ်များ ပါဝင်ကာ ရိုက်နှက်နှိပ်စက်မှုများလည်း ရှိကြောင်း ဒေသခံများက ရှင်းလင်း ပြောကြားခဲ့ကြသည်။

“ကျွန်မတို့ ခိုလုံလီရှော တိုင်းရင်းသားတွေကို TNLA တပ်ဖွဲ့ကနေ မကြာခဏ ဖမ်းဆီးနေပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေကို ပြန်လည်ရွေးဖို့အတွက် ငွေကျပ်သိန်း ၃၀ ကနေ အမြင့်ဆုံး သိန်းရာဂဏန်းကျော်အထိ ပေးနေရတာတွေ ရှိပါတယ်။ အခု ပြန်လွတ်လာတဲ့ သူတွေကလည်း သူတို့တောင်းတဲ့ ငွေတွေကို ရှာဖွေပြီးတော့မှ ပေးပြီးတော့ ပြန်လွတ်လာခဲ့တာပါ။ ဖမ်းဆီးခံရတဲ့ သူတွေကတော့ သူတို့ကို လုပ်ငန်းလုပ်ခိုင်းတယ်လို့ သိရတယ်။ နောက်ပြီး ညှဉ်းပန်းနှိပ်စက်မှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် TNLA ပလောင် လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတဲ့ ရွာသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့အတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရ အပါအဝင် ပြည်ထောင်စုအစိုးရတို့က ကူညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်”ဟု TNLA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခြင်း ခံထားရသည့် ဒေသခံများ၏ မိသားစုဝင်များက တောင်းဆိုပြောကြားခဲ့ကြသည်။

အဆိုပါ ပန်းဆေးဒေသအတွင်းရှိ ခိုလုံလီရှော တိုင်းရင်းသားများကို TNLA တအောင်း လက်နက်ကိုင်တပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားမှုနှင့် ပတ်သက်၍ TNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံသို့ ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးထားသည်မှာ မှန်ကန်ကြောင်း၊ ငွေကြေးပေးရသည်မှာ မဟုတ်မှန်ကြောင်း ပြောကြားသည်။

“ဖမ်းဆီးထားတာတော့ မှန်တယ်။ ငွေကျပ်သိန်း ၃၀ နဲ့ ရွေးရတယ် ဆိုတာတော့ မဟုတ်ဘူး။ ဖမ်းဆီးရတဲ့ အကြောင်းရင်းက မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ ဘိန်းစိုက်ပျိုးရေးတွေ လုပ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ နည်းဥပဒေအရ ထောင်အချုပ် နှစ်လချပြီး ပြန်လွှတ်ပေးတယ်။ ဘိန်းခြံတွေကို ဖျက်ဆီးခိုင်းတယ်။ စိုက်ခင်းတွေ ဖျက်ဆီးပေးပြီးတဲ့သူ ငါးဦးကို ပြန်လွှတ်ပေးပြီးပြီ ဖြစ်တယ်။  အခု နောက်ထပ် ဖမ်းထားတဲ့ ရှစ်ဦးက ဘိန်းစိုက်တောင်သူတွေ ဖြစ်တယ်။ သူတို့ကို စစ်ဆေးပြီးတော့မှ ပြစ်ဒဏ်ချဖို့ ရှိတယ်။ ပြီးခဲ့တဲ့ နှစ်ထဲမှာတော့ ကလေးငယ်တွေ ဖမ်းဆီးတာ ရှိခဲ့ပေမယ့် အားလုံး ပြန်လွှတ်ပေးပြီးပါပြီ။ ကျွန်တော်တို့ ဒေသမှာ ဘယ်သူဖြစ်ဖြစ် တန်းတူညီမျှ ဆက်ဆံပြီး ခိုလုံလီရှောမှ ဖမ်းတာ မဟုတ်ဘဲ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးကို အဓိက တာဝန်တစ်ရပ်အနေနဲ့ ဆောင်ရွက်တာဖြစ်ပြီး လူမျိုးရေးကို ဦးတည်ပြီး ဖမ်းဆီးတာမျိုး လုံးဝမဟုတ်ပါဘူး။ သေချာတာကတော့ အခုချိန်က တော်လှန်ရေးကာလ ဖြစ်တဲ့အတွက် နှစ်နဲ့ချီတဲ့ ထောင်ဒဏ်ချမှတ်ပြီး ချုပ်မထားနိုင်ဘူး”ဟု TNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး တာအိုက်ကျော်က ပြောကြားသည်။

ထိုသို့ TNLA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင် သွားသူများကို ငွေကြေးပေးကာ ရွေးယူရခြင်း မရှိကြောင်း TNLA ဘက်က ပြောဆိုခဲ့သော်လည်း ပြန်လည် လွတ်မြောက်လာခဲ့သည့် ဒေသခံများကမူ ၎င်းတို့အနေဖြင့် မိသားစုဝင်များ ပြန်လည် လွတ်မြောက်လာစေရေးအတွက် ငွေကြေးများ ပေးခဲ့ရကြောင်း အခိုင်အမာ ပြောဆိုခဲ့ကြသည်။ ထို့ပြင် ၎င်းတို့အနေဖြင့် လက်ရှိတွင် ဘိန်းစိုက်ပျိုးခြင်းမျိုး မရှိကြောင်း ဘိန်းစိုက်ပျိုးမှုများမှာ TNLA နယ်မြေများဖြစ်သည့် ပလောင်ဒေသများတွင် စိုက်ပျိုးမှုများ ရှိကြောင်း ဒေသခံများက ပြန်လည် ပြောဆိုခဲ့ကြသည်။

အဆိုပါ နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသအတွင်းရှိ ခိုလုံလီရှော တိုင်းရင်းသားများကို TNLA တအောင်း လက်နက်ကိုင်တပ်ဖွဲ့ က ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့် ပတ်သက်၍ TNLA သတင်းနှင့်ပြန်ကြားရေးဌာနက မတ် ၇ ရက်နှင့် ၉ ရက်တို့က သတင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ ထုတ်ပြန်ချက်တွင် မတ် ၆ ရက်က နမ့်ခမ်းမြို့နယ်၊ ၀ါလုကျေးရွာ ပတ်ဝန်းကျင်၌ ဘိန်းခင်း စိုက်ပျိုးနေကြောင်း၊ တအာင်း တပ်မတော် မူးယစ်အထူးနှိမ်နှင်းရေးတပ်ဖွဲ့မှ ထပ်မံစစ်ဆေးတွေ့ရှိရကြောင်း၊ ဖမ်းဆီးရမိသည့် ဘိန်းစိုက်တောင်သူ ရှစ်ဦးအား ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မူးယစ်ဆေးဝါး ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြစ်ဒဏ်မည်မျှ ကျခံရမည်ကို မသိရှိရသေးကြောင်း၊ သတင်းထုတ်ပြန် ရှင်းလင်းထားပြီး ဇန်နဝါရီလအတွင်းက ဖမ်းဆီးခဲ့သည့် ဒေသခံ ငါးဦးတို့ကို ၎င်းတို့ စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်းများကို ဖျက်ဆီးစေပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။                


READ NEXT
Cancel OK