ကုန်စျေးနှုန်းကြီးမြင့်မှုနှင့် ဝင်ငွေတိုးမလာသည့် အခြေအနေမှာ အလုပ်ရှင်၊ အလုပ်သမားများနှင့် အိမ်ထောင်စုတိုင်း၊ မိသားစုတိုင်း ရင်ဆိုင်နေရသည့် ပြဿနာတစ်ရပ် ဖြစ်သည်။
ဝင်ငွေ ရပေါက်ရလမ်း တိုးလာနိုင်မည့် အခွင့်အလမ်းများ ရှာဖွေလုပ်ကိုင် လိုကြသော်လည်း အမြတ်ရရန် မသေချာသည့် အခြေအနေ ဖြစ်နေသဖြင့် ရသမျှဝင်ငွေနှင့် နေစရိတ် စားစရိတ်၊ အထွေထွေ ကုန်ကျစရိတ်ကို လောက်ငအောင် တွက်ချက်စားသောက် နေကြရသည်ဟု သိရသည်။
အခြားတစ်ဖက်တွင် ကုန်စျေးနှုန်း အထူးသဖြင့် မဖြစ်မနေ ဝယ်ယူစားသုံးနေရသည့် ကုန်စည်စျေးနှုန်းများ တရိပ်ရိပ် မြင့်တက်နေဆဲ ဖြစ်သည်။
လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို ၂၀၁၉ ခုနှစ် ဇူလိုင်မှစ၍ ပြောင်းလဲတိုးမြှင့် ကောက်ခံသည့်အတွက် ၎င်းနှင့်ဆက်စပ်လျက်ရှိသော ကုန်ပစ္စည်းအုပ်စုစျေးနှုန်းများ သိသိသာသာ မြင့်တက်လာသည်ကို တွေ့ရှိရသည်။
၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း အစားအစာအုပ်စု ကုန်စျေးနှုန်း ခုနစ်ရာခိုင်နှုန်းကျော်၊ အိမ်လခ ၃၁ ရာခိုင်နှုန်းကျော်၊ ကျန်းမာရေး ကုန်ကျစရိတ် ကိုးရာခိုင်နှုန်းကျော်၊ ပညာရေး ကုန်ကျစရိတ် လေးရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ စားသုံးသူ စျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။
ကုန်စည်စျေးနှုန်း အခြေအနေ
စျေးကွက်အတွင်းမှ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥစျေးနှုန်းများကို လေ့လာကြည့်ပါက ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကြက်သား(စီပီ) တစ်ပိဿာလျှင် ကျပ် ၅၀၀၀ မှ ကျပ် ၇၀၀၀ ကြား၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကြက်သား (စီပီ) တစ်ပိဿာလျှင် ကျပ် ၅၀၀၀ မှ ကျပ် ၇၀၀၀ ကြားနှင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ကြက်သား(စီပီ) တစ်ပိဿာလျှင် ကျပ် ၇၀၀၀ ခန့်ရှိခဲ့သည်။
ဝက်သားတစ်ပိဿာလျှင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၅၀၀၀ မှ ကျပ် ၁၂၀၀၀ ကြား၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၈၀၀၀ မှ ကျပ် ၁၂၀၀၀ ကြားနှင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၂၀၀၀ မှ ကျပ် ၁၆၀၀၀ အထိ စျေးတက်လာသည်။
ဆိတ်သားတစ်ပိဿာလျှင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၉၀၀၀ မှ ကျပ် ၂၀၀၀၀ ကြား၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၅၀၀၀ မှ ကျပ်၂၀၀၀၀ ကြားနှင့်၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၀၀၀၀ မှ ကျပ် ၂၅၀၀၀ အထိ စျေးတက်လာသည်။
အမဲသား တစ်ပိဿာလျှင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၈၀၀၀ မှ ကျပ် ၁၂၀၀၀ ကြား၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၀၀၀၀ မှ ကျပ် ၁၂၀၀၀ ကြားနှင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၆၀၀၀ မှ ကျပ် ၁၈၀၀၀ အထိ စျေးတက်လာသည်။
ငါးမြစ်ချင်း ၁၀ သားလျှင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၃၀၀ မှ ကျပ် ၅၀၀ ကြားရှိရာမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၅၀၀ စျေးဝန်းကျင် ရှိနေခဲ့သည်။
ဘဲဥတစ်လုံးလျှင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၄၀ ခန့်၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၄၀ မှ ကျပ် ၂၀၀ ကြားနှင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ တွင် ကျပ် ၁၈၀ မှ ကျပ် ၂၂၀ အထိ စျေးတက်လာခဲ့သည်။ ကြက်ဥတစ် လုံးလျှင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၄၀ ခန့်၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၂၀ မှ ကျပ် ၁၅၀ ကြားနှင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၂၀ မှ ကျပ် ၁၅၀ အထိ စျေးတက်လာသည်။
အသား၊ ငါးနှင့်ဥအုပ်စုတွင် ပါဝင်သော အသားစျေးနှုန်းများတွင် အသားတိုးကြက် မွေးမြူသူ များလာခြင်းကြောင့် ကြက်သားစျေးနှုန်း ကျဆင်းလာကြောင်း သိရသည်။
ပြည်ပမှ ကျွဲ၊ နွား၊ ဆိတ် ဝယ်ယူမှုများ ရှိနေခြင်းကြောင့် အမဲသားနှင့် ဆိတ်သားစျေးနှုန်းများ ယခင်လကထက် မြင့်မားနေသည်။ အလားတူ ဝက်လိုင်စင်စျေး မြင့်တက်လာခြင်းနှင့် အထွေထွေ ကုန်ကျစရိတ်များ မြင့်တက်လာခြင်းကြောင့် ဝက်သားစျေး မြင့်တက်လာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။
သို့သော်လည်း ကမ်းနီးငါးဖမ်းသူများနှင့် တစ်ပိုင်တစ်နိုင် ငါးဖမ်းသူများလာသောကြောင့် ပင်လယ်ငါးများ ဝင်ရောက်မှုများလာပြီး ငါး၊ ပုစွန်စျေးနှုန်းများ ကျဆင်းလာကြောင်း၊ ဥ အထွက်နှုန်း များလာသောကြောင့် ကြက်ဥစျေးနှုန်းမှာလည်း ဆက်လက် ကျဆင်းလာသည်ဟု ဖော်ပြထားသည်။
မီးဖိုချောင်သုံး စားသောက်ကုန်ဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ စျေးနှုန်းများတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ပထမပတ်အတွင်းက ကြက်သွန်နီ (ဆိပ်ဖြူရှယ်) တစ်ပိဿာလျှင် ကျပ် ၈၀၀၊ ဆိတ်ဖြူလတ်ကြီး တစ်ပိဿာ လျှင် ကျပ် ၇၀၀၊ မြစ်သားရှယ် (သစ်) တစ်ပိဿာလျှင် ကျပ် ၁၁၅၀၊ မြစ်သားလတ်ကြီး တစ်ပိဿာလျှင် ကျပ် ၁၂၀၀ စျေး၊ ကြက်သွန်ဖြူစျေးနှုန်းတွင် ကြူကုတ် (ရှယ်) တစ်ပိဿာလျှင် ၁၂၂၅ ကျပ်၊ တောင်ကြီးထူး-၂ တစ် ပိဿာလျှင် ကျပ် ၄၅၀၊ အောင်ပန်း ထူး-၅ တစ်ပိဿာလျှင် ၁၂၅၀ ကျပ်၊ ငရုတ်ပွ (ဆင်ဖြူကျွန်း) တစ်ပိဿာလျှင် ကျပ် ၉ဝဝဝမှ ၉၅၀၀ ကြား၊ ပန်းတနော်ရှည် တစ်ပိဿာလျှင် ကျပ် ၃၇၅၀ စျေး အသီးသီး ရှိခဲ့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ကြက်သွန်နီ၊ ဆိပ်ဖြူရှယ် (သစ်) တစ်ပိဿာလျှင် ကျပ် ၁၅၀၀၊ ဆိတ်ဖြူလတ်ကြီး တစ်ပိဿာလျှင် ကျပ် ၁၅၅၀၊ မြစ်သားရှယ် (သစ်) တစ်ပိဿာလျှင် ကျပ် ၁၈၀၀၊ မြစ်သားလတ်ကြီး တစ်ပိဿာလျှင် ကျပ် ၁၈၅ဝစျေး၊ ကြက်သွန်ဖြူစျေးနှုန်းတွင် ကြူကုတ် (ရှယ်) တစ်ပိဿာ လျှင် ၃၃၀၀ ကျပ်၊ အောင်ပန်းထူး-၅ တစ်ပိဿာလျှင် ကျပ် ၃၅၀၀၊ ငရုတ်ပွ (ဆင်ဖြူကျွန်း) တစ်ပိဿာလျှင် ကျပ် ၄၈ဝဝမှ ၅၀၀၀ ကြားစျေး အသီးသီး ရှိခဲ့သည်။
ဆောင်းရာသီ သီးနှံပေါ်ချိန် ပေါများချိန်ဖြစ်၍ ဘူးသီး၊ ခရမ်းချဉ်သီးနှင့် ဂေါ်ဖီထုပ်တို့မှလွဲ၍ ကျန်ဟင်းသီးဟင်းရွက် စျေးနှုန်းများနှင့် အချို့သီးနှံစျေးနှုန်းများ ကျဆင်းလာကြောင်း သိရသည်။
သို့သော်လည်း ပြည်ပမှ ဝယ်ယူမှုများ ရှိလာသောကြောင့် ကြက်သွန်နီစျေးနှုန်းများ ထူးထူးခြားခြား ဆက်လက် မြင့်တက်လျက်ရှိသည်။ အလားတူ စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်ဖြူစျေးနှုန်းမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ အခြေအနေများကြောင့် စျေးကွက်အတွင်း ဝင်ရောက်မှုနည်းလာပြီး စျေးနှုန်းမြင့်တက်နေကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ်တင်ပြထားသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ဆန်စျေးနှုန်းများကို ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ် ကျဆင်းလျက် ရှိနေသည်။ စျေးကွက်အတွင်း ဆန်ဟောင်းများ ကုန်ဆုံးချိန်ဖြစ်ပြီး ဆန်သစ်များ ထွက်ရှိချိန်ဖြစ်၍ ဝင်ရောက်မှု များလာသောကြောင့်ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာအတွင်း ပြည်တွင်းဆန်ကြမ်းစျေး တစ်အိတ်လျှင် ကျပ် ၁၇၀၀၀ ဝန်းကျင်သာရှိပြီး ဧည့်မထဆန် တစ်အိတ်လျှင် တစ်နှစ်အတွင်း ကျပ် ၂၅၀၀ ခန့်ကျဆင်းကာ လေးနှစ်အတွင်း ကျပ် ၃၀၀၀ ခန့်ကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ဆန်စျေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထ ၂၅ မှတ်ဆန် တစ်အိတ်လျှင် ဇန်နဝါရီလအတွင်းက ကျပ်၁၉၃၀၀၊ ဖေဖော်ဝါရီတွင် ကျပ် ၁၉၅၀၀၊ မတ်တွင် ကျပ် ၁၈၈၀၀၀၊ ဧပြီတွင် ကျပ် ၁၇၈၀၀၊ မေတွင် ကျပ် ၁၇၃၀၀၊ ဇွန်တွင် ကျပ် ၁၇၅၀၀ ၊ ဇူလိုင်တွင် ကျပ် ၁၈၀၀၀၊ သြဂုတ်တွင် ကျပ် ၁၇၇၀၀၊ စက်တင်ဘာတွင် ကျပ် ၁၈၀၀၀၊ အောက်တိုဘာတွင် ကျပ် ၁၇၇၀၀၊ နိုဝင်ဘာတွင် ကျပ် ၁၇၅၀၀ နှင့် ဒီဇင်ဘာတွင် ကျပ် ၁၆၇၀၀ စျေး ရှိခဲ့သည်။
၂၀၁၆ ခုနှစ်က ဧည့်မထ ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၂၀၀၀၀ စျေးရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ် (ဒီဇင်ဘာ) တွင်မူ တစ်အိတ်လျှင် ကျပ် ၁၆၇၀၀ စျေးရှိကာ လေးနှစ်အတွင်း ကျပ် ၃၀၀၀ ကျော်စျေး ကျခဲ့ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ်အတွင်း ငစိန် ၂၅ မှတ်စျေးများမှာ ၁၀၈ ပေါင်တစ် အိတ်လျှင် ဇန်နဝါရီလအတွင်းက ကျပ် ၁၉၇၀၀၊ ဖေဖော်ဝါရီတွင် ကျပ် ၁၉၇၀၀၊ မတ်တွင် ကျပ် ၁၉၇၀၀၀၊ ဧပြီတွင် ကျပ်၁၉၇၀၀၊ မေတွင် ကျပ် ၁၉၇၀၀၊ ဇွန်တွင် ကျပ် ၁၉၇၀၀၊ ဇူလိုင်တွင် ကျပ် ၁၈၀၀၀၊ သြဂုတ်တွင် ကျပ် ၁၉၇၀၀၊ စက်တင်ဘာတွင် ကျပ် ၁၉၇၀၀၊ အောက်တိုဘာတွင် ကျပ် ၁၉၀၀၀ နှင့် နိုဝင်ဘာတွင် ကျပ် ၁၇၀၀၀၊ ဒီဇင်ဘာတွင် ကျပ် ၁၇၂၀၀ စျေးရှိခဲ့သည်။
၂၀၁၅ ခုနှစ်အတွင်းက ပေါင် ၁၈၀ ရှိ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၄၇၀၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၈၀၀၀၊ ဧည့်မထ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၁၆၅၀၀၊ ငစိန် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၁၇၀၀၀ ရှိခဲ့သည်။
၂၀၁၆ ခုနှစ်အတွင်းက ပေါင် ၁၈၀ ရှိ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၄၃၀၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၆၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၂၀၀၀၀၊ ငစိန် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ်၂၀၅၀၀ ရှိခဲ့သည်။
၂၀၁၇ ခုနှစ်အတွင်း ပေါင် ၁၈၀ ရှိ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၄၆၀၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၈၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၂၀၀၀၀၊ ငစိန် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၁၈၃၀၀ ရှိခဲ့သည်။
၂၀၁၈ ခုနှစ်တွင် ပေါင် ၁၈၀ ရှိ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၅၃၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၁၉၇၀၀၊ ငစိန် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ်၂၂၀၀၀ အထိ စျေးရှိသည်။
၂၀၁၉ ခုနှစ်တွင် ဒီဇင်ဘာတွင် ပေါင် ၁၈၀ ရှိ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၆၀၀၀၀၊ ဧရာဝတီ ပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၂၈၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၁၆၇၀၀၊ ငစိန် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၁၇၂၀၀ အထိ စျေးရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာနှင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ စားသုံးသူစျေးဆနှုန်း နှိုင်းယှဉ်ချက်
၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွက် စားသုံးသူ စျေးဆနှုန်းမှာ ၁၆၁ ဒသမ ၇၂ ဖြစ်ရာ ယခင်နှစ်အလားတူလ၏ စားသုံးသူ စျေးဆနှုန်း ၁၄၇ ဒသမ ၇၅ နှင့်နှိုင်းယှဉ်ပါက ၉ ဒသမ ၄၅ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ဗဟိုစာရင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆက်သွယ်ရေးအုပ်စု၏ စျေးနှုန်းမှာ ကျဆင်းလာသော်လည်း ကျန်အုပ်စုအားလုံးတွင် ပါဝင်သော ကုန်ပစ္စည်းစျေးနှုန်းများမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာခဲ့သည်။
တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းများကို အုပ်စုအလိုက် လေ့လာကြည့်ပါက အစားအစာအုပ်စု၏ စျေးဆနှုန်းမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ၁၇၄ ဒသမ ၁၃ ရှိ၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အခြေအနေ ၁၆၁ ဒသမ ၅၀ နှင့်နှိုင်းယှဉ်ပါက ၇ ဒသမ ၈၂ ရာခိုင်နှုန်းဖြင့် တိုးနှုန်း အရှိန်မှာ ယခင်လထက် မြင့်တက်လာသည်။
ဆန်(ဧည့်မထ)၊ ကြက်ဥနှင့် ကုလားပဲခြမ်း စျေးနှုန်းများမှာ ယခင်နှစ်ထက် ကျဆင်းနေသော်လည်း မြေပဲဆီ ၁၁ ဒသမ ၄၈ ရာခိုင်နှုန်း၊ နှမ်းဆီ ၉ ဒသမ ၉၁ ရာခိုင်နှုန်း၊ စား အုန်းဆီ ၂ ဒသမ ၉၇ ရာခိုင်နှုန်း၊ ကြက်သား တစ်ရာခိုင်နှုန်း၊ ဝက်သား ၄ ဒသမ ၉၃ ရာခိုင်နှုန်း၊ အမဲသား ၁၄ ဒသမ ၀၈ ရာခိုင်နှုန်း၊ ဘဲဥ ၄ ဒသမ ၇၁ ရာခိုင်နှုန်း၊ ငါးခူ ၁၂ ဒသမ ၅၇ ရာခိုင်နှုန်း၊ ငါးရံ့ ၁၀ ဒသမ ၂၆ ရာခိုင်နှုန်း၊ ငါးမြစ်ချင်း ၂၂ ဒသမ ၆၄ ရာခိုင်နှုန်း၊ ပုစွန် ခြောက် ၆ ဒသမ ၃၄ ရာခိုင်နှုန်း၊ ငါးရံ့ခြောက် ၁၀ ဒသမ ၁၉ ရာခိုင် နှုန်း၊ အာလူး ၇ ဒသမ ၀၆ ရာခိုင်နှုန်းဖြင့် စျေးမြင့်တက်လာကြောင်း၊ ခရမ်းချဉ်သီး ၅၁ ဒသမ ၀၈ ရာခိုင်နှုန်း၊ ကြက်သွန်ဖြူ ၇၇ ဒသမ ၉၈ ရာခိုင်နှုန်း၊ ကြက်သွန်နီ ၁၃၁ ဒသမ ၄၂ ရာခိုင်နှုန်းတို့ဖြင့် သိသိသာသာ မြင့်တက်လာသည်။
အဝတ်အထည် အုပ်စု၏ စျေးဆနှုန်းမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ၁၂၉ ဒသမ ၁၃ ရာခိုင်နှုန်းရှိ၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာနှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၅၅ ရာခိုင်နှုန်းမြင့် တက်လာကြောင်း၊ လုံချည် (အမျိုးသား၊ အမျိုးသမီး)၊ ဂျာကင်၊ တီရှပ်၊ စပို့ရှပ်၊ မိုးကာနှင့် စက်ချုပ်ခ (အမျိုးသား၊ အမျိုးသမီး) စျေးနှုန်းများမှာ ယခင်ထက် မြင့်တက်ခဲ့သည်။
အိမ်လခနှင့် အိမ်ပြင်ခအုပ်စု၏ စျေးဆနှုန်းမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၌ ၁၉၉ ဒသမ ၄၅ ရှိ၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာနှင့် နှိုင်းယှဉ်ပါက ၃၁ ဒသမ ၇၁ ရာခိုင်နှုန်းဖြင့် သိသာစွာ မြင့်တက်လာသည်။ ယင်းအုပ်စုတွင် ပါဝင်သည့် အိမ်ငှားခ၊ အိမ်ဆောက်ပစ္စည်း၊ ထင်း၊ မီးသွေးစျေးနှုန်းများ၊ အိမ်ပြင်ခ၊ အလုပ်သမားခ၊ ဂက်စ်ဓာတ်ငွေ့ စျေးနှုန်းမှာ ယခင်နှစ်က ထက်မြင့်တက်လာသည့်အပြင် လျှပ်စစ်ဓာတ်အားခနှုန်းထား တိုးမြှင့်ကောက်ခံခြင်းကြောင့် ယခင်နှစ်ထက် သိသာစွာ မြင့်တက်လာသည်။
သယ်ယူပို့ဆောင်ရေးအုပ်စု၏ စျေးဆနှုန်းမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ၁၁၇ ဒသမ ၇၂ ရှိ၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာနှင့် နှိုင်းယှဉ်ပါက ၆ ဒသမ ၆၁ ရာခိုင်နှုန်း မြင့်တက်လာသည်။ ယင်းအုပ်စု စျေးဆနှုန်းတွင် ပါဝင်သော ပြည်ပမှ တင်သွင်းသည့် ဒီဇယ်ဆီစျေးမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ဒီဇယ်တစ်စည်လျှင် ၆၉ ဒသမ ၂၅ ဒေါ်လာရှိရာမှ ယခုနှစ် ဒီဇင်ဘာတွင် ၇၇ ဒသမ ၄၂ ဒေါ်လာသို့ မြင့်တက်လာသော်လည်း ပြည်တွင်း ဒီဇယ်ဆီစျေးနှုန်းမှာ ၂၀၁၈ ခုနှစ်ဒီဇင်ဘာတွင် တစ်ဂါလန်လျှင် ၄၄၆၄ ဒသမ ၉၀ ကျပ်ရှိရာမှ ယခုနှစ်တွင် ၄၄၄၄ ဒသမ ၆၃ ကျပ်သို့ ကျဆင်းလာသည်။
ထို့အတူ ပြည်ပမှတင်သွင်းသည့် ဓာတ်ဆီစျေးနှုန်းမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ဓာတ်ဆီတစ်စည်လျှင် ၅၈ ဒသမ ၀၆ ဒေါ်လာရှိရာမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ၇၀ ဒသမ ၉၇ ဒေါ်လာသို့ လည်းကောင်း၊ ပြည်တွင်း ဓာတ်ဆီစျေးနှုန်းမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် တစ်ဂါလန်လျှင် ၃၉၄၈ ဒသမ ၀၇ ကျပ်ရှိရာမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ၄၂၃၉ ဒသမ ၂၅ ကျပ်သို့လည်းကောင်း အသီးသီး မြင့်တက်လာသည်။ သို့သော် မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ ဘတ်(စ်)ကားခ (ခရီးဝေး)၊ (ပြည်တွင်း)၊ အငှားယာဉ်ခ၊ ဆိုက်ကားခနှင့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းစရိတ် စျေးနှုန်းများမှာ ယခင်နှစ်ကထက် မြင့်တက်လာသည်။
ဆက်သွယ်ရေးအုပ်စု၏ စျေးဆနှုန်းမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ၁၀၁ ဒသမ ၄၃ ရှိ၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာနှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၅၀ ရာခိုင်နှုန်း ကျဆင်းလာကြောင်း၊ မိုဘိုင်းဖုန်းစျေးနှုန်းများမှာ Model အသစ်များ ဝင်ရောက်မှု များလာပြီး Model အဟောင်းများ စျေးကွက်တွင် နည်းပါးလာသောကြောင့် စျေးနှုန်းများမှာ ယခင်နှစ်ထက် ကျဆင်းလာသည်။
ပြင်ပအစားအသောက် အုပ်စုတွင် အကြော်စုံ၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အသုပ်စုံ၊ ခေါက်ဆွဲကြော်၊ ကြေးအိုး၊ ထမင်းနှင့်ဟင်း၊ လက်ဖက်ရည်၊ ကော်ဖီ၊ ရေခဲမုန့်၊ လက်ဖက်အစိုနှင့် နှစ်ပြန်ကြော် စျေးနှုန်းများမှာ ယခင်နှစ်ထက် မြင့်တက်နေကြောင်း သိရသည်။
အထွေထွေကုန်ပစ္စည်း အုပ်စု၏ စျေးဆနှုန်းမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ၁၄၆ ဒသမ ၈၁ ရှိ၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာနှင့် နှိုင်းယှဉ်ပါက ၈ ဒသမ ၇၈ ရာခိုင်နှုန်းဖြင့် သိသိသာသာ မြင့်တက်လာခဲ့ကြောင်း၊ ယင်းအုပ်စုတွင် ပါဝင်သော ကုန်ပစ္စည်း အများစုကို ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက စျေးနှုန်းများ မြင့်တက်လာခဲ့ရာ ရွှေထည်ပစ္စည်း စျေးနှုန်းမှာ ၁၄ ဒသမ ၁၂ ရာခိုင်နှုန်း၊ လက်ဝတ်ရတနာ ၂၂ ဒသမ ၄၀ ရာခိုင်နှုန်း၊ သနပ်ခါး ၅ ဒသမ ၅၄ ရာခိုင် နှုန်း၊ မိတ်ကပ် ၇ ဒသမ ၀၆ ရာခိုင်နှုန်းနှင့် သွားတိုက်ဆေး ၁၀ ဒသမ ၁၁ ရာခိုင်နှုန်းတို့ဖြင့် သိသာစွာ မြင့်တက်ခဲ့သည်။
အစားအစာ မဟုတ်သော အုပ်စု၏ စျေးဆနှုန်းမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၌ ၁၄၄ ဒသမ ၂၆ ရှိ၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာနှင့် နှိုင်းယှဉ်ပါက ၁၂ ဒသမ ၃၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ အစားအစာမဟုတ်သော အုပ်စုတွင် ပါဝင်သော အုပ်စုများအနက် ဆက်သွယ်ရေးအုပ်စု ကျဆင်းလာသည်မှလွဲ၍ ကျန်အုပ်စုများ၏ စျေးနှုန်းမှာ ယခင်နှစ်ထက် မြင့်တက်လာကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းများကို ကြည့်ပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီးသုံးမြို့ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) တွင် ယခင်လနှင့် နှိုင်းယှဉ်ပါက ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ကျဆင်းနေပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြင့်တက်လျက်ရှိသည်။ နှစ်အလိုက် ပြောင်းလဲမှု ရာခိုင်နှုန်း အနေဖြင့် မန္တလေးမြို့တွင် ၁၅ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် အများဆုံး ပြောင်းလဲမှု ဖြစ်ပေါ်နေပြီး ရခိုင်ပြည်နယ်တွင် ၃ ဒသမ ၁၆ ရာခိုင်နှုန်းဖြင့် အနည်းဆုံး ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သည်။
၂၀၁၉ ခုနှစ်အတွင်း အစားအစာအုပ်စု ကုန်စျေးနှုန်း ခုနစ်ရာခိုင်နှုန်းကျော်၊ အိမ်လခ ၃၁ ရာခိုင်နှုန်းကျော်၊ ကျန်းမာရေး ကုန်ကျစရိတ် ကိုးရာခိုင်နှုန်းကျော်၊ ပညာရေး ကုန်ကျစရိတ် လေးရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့၏ စားသုံးသူ စျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာအတွက် ထုတ်ပြန်ထားသော တစ်နိုင်ငံလုံး၏ စားသုံးသူ စျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၈ ခုနှစ် ဒီဇင်ဘာထက် အစားအစာအုပ်စု ၇ ဒသမ ၈၂ ရာခိုင်နှုန်း၊ ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု ၉ ဒသမ ၃၁ ရာခိုင်နှုန်း၊ အဝတ်အထည်အုပ်စု ၄ ဒသမ ၅၅ ရာခိုင်နှုန်း၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု ၃၁ ဒသမ ၇၁ ရာခိုင်နှုန်း၊ အိမ်အသုံးအဆောင် စျေးနှုန်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ် အုပ်စု ၆ ဒသမ ၃၆ ရာ ခိုင်နှုန်း၊ ကျန်းမာရေးအုပ်စု ၉ ဒသမ ၄၈ ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေး အုပ်စု ၆ ဒသမ ၆၁ ရာခိုင်နှုန်း၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စု ၁၂ ဒသမ ၅၂ ရာခိုင်နှုန်း၊ ပညာရေး အုပ်စု ၄ ဒသမ ၂၁ ရာခိုင်နှုန်း၊ ပြင်ပအစားအသောက် အုပ်စု ၅ ဒသမ ၉၅ ရာခိုင်နှုန်း၊ အထွေထွေ ကုန်ပစ္စည်းအုပ်စု ၈ ဒသမ ၇၈ ရာခိုင်နှုန်း၊ အစားအစာ မဟုတ်သော အုပ်စု ၁၂ ဒသမ ၃၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၈ ခုနှစ် ဒီဇင်ဘာနှင့် နှိုင်းယှဉ်ပါက ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ကျဆင်းခဲ့သည့် တစ်ခုတည်းသောကဏ္ဍမှာ ဆက်သွယ်ရေး အုပ်စုဖြစ်ပြီး ကျဆင်းမှုနှုန်းမှာ သုည ဒသမ ၅၀ ရာခိုင်နှုန်းတို့ဖြစ်သည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် စားသုံးသူ စျေးဆနှုန်း (CPI) ၁၆၁ ဒသမ ၇၂ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၉ ဒသမ ၄၅ ရာခိုင်နှုန်းမြင့် တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။
ငွေကြေးဖောင်းပွမှု အခြေအနေ
၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၈၁ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့သည့် နိုဝင်ဘာတွင် ဖြစ်ပေါ်ခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်းထက် ရာခိုင်နှုန်း အနည်းငယ် ပြန်လည်မြင့်တက် လာကြောင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း ခုနစ်လဆက်တိုက် ရှစ်ရာခိုင်နှုန်းအထက် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူ စျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားချက်အရ သိရသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် တစ်နှစ်အတွင်း ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၈ ဒသမ ၈၁ ရာခိုင်နှုန်းဖြစ်ပြီး၂၀၁၉ ခုနှစ် နိုဝင်ဘာရှိ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၅၉ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ်ပြန်လည် မြင့်တက်လာခြင်းဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၈ လဆက်တိုက် မြင့်တက်ခဲ့ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျကာ ဒီဇင်ဘာတွင် ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။
တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ စျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်း မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ တစ်နှစ် ပျမ်းမျှ ၈ ဒသမ ၈၁ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၉ ဒသမ ၄၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာအတွင်း မကွေးတိုင်းဒေသကြီးတွင် ၁၂ ဒသမ ၂၃ ရာ ခိုင်နှုန်းဖြင့် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၁ ဒသမ ၉၈ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံးဖြစ်ခဲ့ကာ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၁ ဒသမ ၀၃ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ မန္တလေးမြို့တွင် ၁၅ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုအများဆုံး ဖြစ်ပေါ်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် ၃ ဒသမ ၁၆ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှု ရာခိုင်နှုန်း အနည်းဆုံး ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။
တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့ နယ်တွင် နမူနာ အိမ်ထောင်စုပေါင်း ၃၂၆၆၉ စုကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။
ယခင်က ၂၀၀၆ ခုနှစ်ကို အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ် စစ်တမ်းအပေါ် အခြေခံ၍ အခြေခံနှစ် (Base Year) အား ပြောင်းလဲတွက်ချက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ စျေးဆနှုန်းအပေါ် အခြေခံ တွက်ချက်ထားသော ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၈၁ ရာခိုင်နှုန်းရှိပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာအထိ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၅၉ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက သုညဒသမ ၂၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် မေမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် မေတွင် ၄ ဒသမ ၂၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ၈ ဒသမ ၆၁ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျရန် ဘဏ္ဍာရေး၊ ငွေကြေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေး မူဝါဒများအပေါ် အခြေခံပြီး မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ဒုတိယ ကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်) တွင် ဖော်ပြထားချက်အရ သိရသည်။
ငွေကြေးဖောင်းပွမှုနှုန်းသည် ပထမကာလတို ငါးနှစ်စီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်အထိ) ကာလတွင် တိုးတက်ခဲ့ခြင်းကြောင့် ဒုတိယ ကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်)တွင် လက်ရှိဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရေးအတွက် ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေး မူဝါဒများအပေါ် အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရေး ကိစ္စရပ်များကို မဖြစ်မနေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ပြည်ပမှ တင်သွင်းသော လောင်စာဆီစျေးနှုန်းများ အတက်အကျ ဖြစ်ပေါ်နေသော်လည်း ပွင့်လင်းရာသီဖြစ်၍ ခရီးသွားလာသူ များပြားခြင်းကြောင့် ဝယ်ယူသုံးစွဲမှု များပြားနေသည့်အတွက် ပြည်တွင်းလောင်စာဆီစျေးနှုန်းတွင် ဓာတ်ဆီစျေး အနည်းငယ် ဆက်လက် မြင့်တက်လျက်ရှိသည်။
နိုင်ငံခြားငွေလဲလှယ်နှုန်းများ တဖြည်းဖြည်း ကျဆင်းလာရာ အကျဘက်သို့ ဦးတည်နေကြောင်း၊ အလားတူ မြန်မာ့ရွှေစျေးနှုန်းများ ကျဆင်းလာသော်လည်း အခြားကုန်ပစ္စည်း စျေးနှုန်းများ မြင့်တက်နေခြင်းကြောင့် စားသုံးသူ စျေးဆနှုန်းမှာ အနည်းငယ် မြင့်တက်ခဲ့ပြီး ပျှမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာလည်း အနည်းငယ် မြင့်တက်လာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ်တင်ပြထားသည်။
မည်သို့ပင် ဆိုစေကာမူ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ဝယ်လိုအားနှင့် ရောင်းလိုအား မညီမျှခြင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လာခြင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားနေခြင်း၊ သိုလှောင်သယ်ယူ ပို့ဆောင်စရိတ် မလျှော့ချနိုင်ခြင်း၊ အခြားမလိုလားအပ်သော အဆင့်ဆင့် ကုန်ကျစရိတ်များ ရှိနေခြင်းကြောင့် ကုန်စည်စျေးနှုန်းများမြင့် တက်နေခြင်းဖြစ်သည်။
အခြားတစ်ဖက်တွင် အစားအစာအုပ်စု ကုန်စျေးနှုန်း၊ အိမ်လခ၊ ကျန်းမာရေးကုန်ကျစရိတ်၊ ပညာရေး ကုန်ကျစရိတ်စသည့် စရိတ်စကများလည်း လိုက်ပါမြင့်တက်လာသည်။
သို့သော်လည်း တိုးမလာသည့် မိသားစုဝင်ငွေ၊ လုပ်ရကိုင်ရခက်ခဲနေသည့် စီးပွားရေးလုပ်ငန်းများနှင့် မြင့်တက်နေသည့် ကုန်ကျစရိတ်များအကြား ပြည်သူအများစု ဘဝရှင်သန် ရပ်တည်ရေးအတွက် ကျားကန်နေရဆဲ အခြေအနေဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
