Top News

ဇလုံတောင်ဘုရားကို မြန်မာနိုင်ငံ၏ ဒုတိယကျိုက်ထီးရိုးဖြစ်လာစေရန် ဖော်ဆောင်သွားမည်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ပြောကြား
24htopnews | October 9, 2024 4:12 AM CST

ဇလုံတောင်ဘုရားအား မြန်မာနိုင်ငံ၏ ဒုတိယကျိုက်ထီးရိုးဖြစ်လာစေရန် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၏ ပြောကြားချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် ဇလုံတောင်ရှိ ဇလုံတောင်ဘုရားသည် ယခင်နှစ်မှစ၍ ပြည်တွင်းဘုရားဖူးခရီးသည်များ လည်ပတ်မှု သိသိသာသာ မြင့်တက်လာပြီး ထိုနေရာတွင် လူထုအခြေပြု ခရီးသွားလုပ် ငန်း၊ ဆင်စခန်းတစ်ခုနှင့် သွားရောက်လည်ပတ်သူများ အဆင်ပြေစေရန် ယာဉ်ရပ်နားစခန်းနင့် တည်းခိုဆောင်များ တိုးချဲ့ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ဇလုံတောင်ဘုရားဟာ မနက်ခင်းကြည့်လိုက်ရင်တော့ မည်းနေတာပါပဲ။ ဒါပေမဲ့ညနေခင်းကြည့်လိုက်ရင် အဲဒီဇလုံတောင်ဘုရားဟာ တကယ်ကို ရွှေရောင်ဝင်းပြီး တောက်ပနေတာပါ။ အဲဒါလည်း ညနေ သူ့ရက်နဲ့သူမှ ပေါ်တယ်လို့သိရပါတယ်။ ဒါကို ကျွန်တော်ကိုယ်တိုင် ဖူးခဲ့ရပါတယ်။ နောက်ပြီး ဇလုံတောင်တောဟာ တကယ်ကို သဘာဝအတိုင်း တည်ရှိနေသေးတဲ့ တောကြီးဖြစ်ပါတယ်။ အဲဒီနေရာမှာ လူထုအခြေပြု ခရီးသွား လုပ်ငန်း CBT တစ်ခု ဖွင့်ဖို့လုပ်နေပါတယ်။ ပြီးတော့ ဆင်စခန်းတစ်ခုလည်း ထပ်ဖွင့်ဖို့ လုပ်နေပါတယ်။ ဇလုံတောင်ဟာ အရင်တုန်းက သွားမယ့်လူမရှိပါဘူး။ အခုတော့ တော်တော်များများ သွားတဲ့အတွက် အင်းတော်တို့ မှာဆိုရင် ဘုရားပွဲကာလမှာ စျေးဆိုင်ခန်းတွေ တည်းခိုခန်းတွေအကုန် ပြည့်ကုန်ပါပြီ။ အခုတော့ အဲဒီတောင်ခြေမှာ ကျိုက်ထီးရိုး ကင်ပွန်းစခန်းလို တည်းခိုမယ့်နေရာ၊ ကားတွေ ရပ်ထားစရာနေရာ လိုအပ်တာတွေ အကုန် လုံး လုပ်ဆောင်ပေးပြီးသွားပါပြီ။ သူ့ကို ဒီဇင်ဘာ ၂၅ ရက်မှာ ဖွင့်ပွဲလုပ်နိုင်အောင် ကြိုးစားနေပါတယ်။ နောက်ဆိုရင် ကျိုက်ထီးရိုးဘုရားလို ဘုရားဖူးခရီးသွားအများဆုံးနေရာ တစ်ခုဖြစ်အောင် ဖော်ဆောင်သွားဖို့ စီစဉ်နေ ပါတယ် ဟု ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

ဇလုံတောင်ဘုရားသို့ ပြည်တွင်းခရီးသွားများ ဝင်ရောက်မှုမြင့်တက်လာသော်လည်း ဇလုံတောင်ဘုရားတည်ရှိရာ ဗန်းမောက်မြို့သည် ကသာခရိုင်အတွင်းတည်ရှိပြီး ပြည်ပခရီးသွားများ သွားလာခွင့် ကန့်သတ် ထားသောနယ်မြေဖြစ်သောကြောင့် ပြည်ပ ခရီးသွား သွားလာခွင့်ရရှိစေရန် ဆောင်ရွက်နေကြောင်း သိရသည်။

ပြည်တွင်း ခရီးသွားဝင်ရောက်မှုက အရမ်းကို မြင့်တက်လာသလို ပြည်ပခရီးသွားတွေကလည်း သွားချင်သေးတာလေ။ အဲဒါကြောင့် အဲဒီဒေသဘက်ကို ပြည်ပခရီးသွား သွားလာလည်ပတ်ခွင့် ပြန်တောင်းထားတယ်။ ဇလုံတောင်က ကသာခရိုင်ထဲပါနေလို့ ကန့်သတ်ထားခံရတာ။ တကယ်က အဲဒီနားမှာ ဘာမှမရှိဘူး ဟု ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ဆက်လက်ပြောကြားသည်။

ဇလုံတောင်ဘုရားသည် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် တည်ရှိပြီး ဗန်းမောက်မြို့မှ မြောက်ဘက် ၁၂ မိုင်ခန့်အကွာ တောတွင်း ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃၀၉၀ မြင့်သော ဇလုံတောင်ပေါ်တွင် တည်ရှိသည်။

ဇလုံတောင်ဘုရားသည် ငါးဆူမြောက် အရိမေတ္တေယျဘုရားရှင် တရားဟောကြားမည့်နေရာဖြစ်ကြောင်း ဇလုံတောင်ဘုရားသမိုင်းတွင် ဖော်ပြထားပြီး ၂၀၁၇ ခုနှစ်မှစတင်ကာ ပြည်တွင်းဘုရားဖူးခရီးသွား ဝင်ရောက်မှု သိသိသာသာမြင့်တက်လာသော နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

ဇလုံတောင်ဘုရားသို့ ၂၀၁၈ ခုနှစ်အတွင်း ဘုရားဖူးခရီးသည် လေးသိန်းကျော်အထိ လာရောက်လည်ပတ်ခဲ့ကာ သင်္ကြန်ကာလအတွင်း ဘုရားဖူးခရီးသည် တစ်ရက်လျှင် ၃၀၀၀၀ ခန့်ဝင် ရောက်ခဲ့ကြောင်း သိရ သည်။                        

 


READ NEXT
Cancel OK