၂၀၁၈ ခုနှစ် ဧပြီတွင် တိုးမြှင့်ထားသည့် လစာနှုန်းအတိုင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများကို ၂၀၁၉ ခုနှစ် ဇန်နဝါရီမှစ၍ တိုးမြှင့်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဝင်းထိုက်က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။
“ဧပြီ ၂၉ ရက်က ထုတ်ပြန်ထားတဲ့ တိုးတဲ့လစာကို အခြေခံပြီးတိုးပေးမှာဖြစ်တယ်။ လစာပေါ်မှာ ပင်စင်တွက်နည်းရှိတယ်။ အဲဒီအတိုင်းတွက်ပြီး တိုးပေးမှာဖြစ်တယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ပင်စင်စားဝန်ထမ်း ဦးရေက ရှစ်သိန်းကျော်ရှိတယ်။ ပြီးခဲ့တဲ့နှစ်တွေက ပင်စင်လစာပေးတဲ့နှုန်းက ဘီလျံ ၇၀၀ လောက်ရှိတယ်။ အခုကိုတော့ နှုန်းကို ပြန်တွက်ရမယ်” ဟု ဦးဝင်းထိုက်က ပြောကြားသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာတိုးမြှင့် သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၁၉ ရက် ထုတ်ပြန်ချက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ကျင်းပသည့် အစည်းအဝေးအမှတ်စဉ် (၂၂/၂၀၁၈) မှ အ ငြိမ်းစားဝန်ထမ်းများ၏ စားဝတ်နေရေး သက်သာမှုရှိစေရန်အတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာကို တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အတွင်း နေထိုင်ကြသည့် ၂၀၁၈ ဧပြီ ၁ ရက်မတိုင်မီ အငြိမ်းစားလစာ ခံစားလျက်ရှိသည့် ပင်စင်စားများ၏ ပင်စင်ခံစားခွင့်ကို လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိ သော ဝန်ထမ်းများ အငြိမ်းစားယူပါက ရရှိမည့် ပင်စင်ခံစားခွင့်အတိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ပင်စင်လစာမှစပြီး တိုးမြှင့်ခံစား ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုးမြှင့်ပင်စင်လစာကို ပင်စင်စား၏ အငြိမ်းစားယူခဲ့သည့် နောက်ဆုံးရာထူးချိန်နှုန်း လစာနှင့် ကိုက်ညီသည့် ၂၀၁၈ခုနှစ် ဧပြီ ၂၉ ရက်နေ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော် ငြာစာအမှတ်(၃၀/၂၀၁၈) အရ သတ်မှတ်ထားသည့် လစာနှုန်းထားများအပေါ်တွင် အခြေပြုပြီး ပင်စင်နည်းဥပဒေနှင့်အညီ တွက်ချက်သတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပင်စင်စားအရေအတွက် ၇၄၄၂၀၃ ဦး ရှိနေကြောင်း သိရသည်။
၂၀၁၈ ဧပြီမှစ၍ဝန်ထမ်းလစာတိုးမြှင့်ပေးနိုင်ရေး ဝန်ကြီးဌာနများသို့ ညွှန်ကြားတွက်ချက်စေရန် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ ညွှန်ကြားပြီးနောက် လက်ရှိတွင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၈) ၌ အတည်ပြုကာ ဧပြီ ၂၉ ရက် နေ့စွဲဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အမိန့်ကြော်ငြာစာအမှတ် ၃၀/ ၂၀၁၈ ဖြင့် နိုင်ငံ့ဝန်ထမ်းလစာကို ဧပြီမှ စတင် တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။
ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာတိုးမြှင့်အပြင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာ၊ ဌာနအဖွဲ့အစည်းများတွင် ခန့်ထားသည့် ဝန်ထမ်းများ၏ ပုံသေလစာ၊ နေ့စားလုပ်ခ၊ ကျွမ်းကျင်သူများအတွက် လစဉ်ထောက်ပံ့ငွေ၊ ပညာရှင်များ၏ ချီးမြှင့်ငွေများ တိုးမြှင့်သတ်မှတ်ခြင်းနှင့် ပတ်သက်၍ သီးခြားထုတ်ပြန်မည်ဖြစ်ပြီး ဒေသစရိတ် ခံစားခွင့်နှင့် ပတ်သက်ပြီး တိုးမြှင့်သည့်လစာနှင့်အညီ ခံစားခွင့်ပြုမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၃၀/၂၀၁၈ အရ သိရသည်။
ထို့ပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများအတွက် သတ်မှတ်ထားသော လစာနှင့် စရိတ်နှုန်းထားများနှင့် ခွင့်ပြုပေးနိုင်မည့် အငြိမ်းစားလစာ၊ ဆုကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးကောင်စီသို့ တင်ပြ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အတည်ပြုချက် ရယူဆောင်ရွက်မည်ဖြစ်သည်။
ထို့ပြင် နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံခြားရေးဝန်ထမ်းများနှင့် အခြား အလားတူ ဝန်ထမ်းများအနေဖြင့် ပြည်ပတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း လက်ရှိခံစားနေသော လစာနှုန်းများအတိုင်းသာ နိုင်ငံခြားသုံးငွေဖြင့် ထုတ်ယူခံစားရမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ တာဝန်ထမ်းဆောင်ချိန်မှသာ မိမိရာထူးအဆင့်နှင့် လျော်ညီစွာ သတ်မှတ်ထားသည့် လစာနှုန်းသစ်ကို ခံစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
