Top News

လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် နွားများတင်ဆောင်လာသည့် ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ရပ်တန့်ထားသည့် ၂၂ ဘီးတွဲကားကို တိုက်မိပြီး တစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရ
24htopnews | October 9, 2024 5:12 AM CST

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ် လားရှိုးမြို့မှ သိန္နီမြို့အထွက် (၁၂) မိုင်ကုန်းတွင် ဒီဇင်ဘာ ၁၉ ရက် နံနက် ၅ နာရီက နွားများတင်ဆောင်လာသည့် ယာဉ်တစ်စီးက ရပ်တန့်ထားသော ၂၂ ဘီး တွဲကားယာဉ်အား တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မူဆယ်ဘက်သို့ ဦးတည်မောင်းနှင်သွားသည့် နွားများတင်ဆောင်လာသည့်ယာဉ်မှာ (၁၂) မိုင်ကုန်း အတက်တွင် အရှိန်မရဘဲ နောက်ပြန်ဆုတ်ကာ နောက်ဘက်ရှိ ကားလမ်းမကြီးဘေးတွင် ရပ်တန့်ကာ နားနေသည့် ၂၂ ဘီးတွဲကားယာဉ်ကို တိုက်မိကာ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

“မူဆယ်ဘက်ကိုသွားမယ့် နွားကားက ၁၂ မိုင်ကုန်းမှာ နောက်ပြန်ဆုတ်ပြီး လမ်း ဘေးမှာရပ်ပြီးနားနေတဲ့ ၂၂ ဘီးတွဲကားကို နောက်ပြန်တိုက်မိတာပါ။ တွဲကားပေါ်က ယာဉ်မောင်းသေဆုံးတယ်။ ယာဉ်နောက် လိုက်ကတော့ နောက်မှာ အိပ်တာဆိုတော့ ဘာမှမဖြစ်ဘူး” ဟု လားရှိုးယာဉ်ထိန်းရဲတပ် ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ ယာဉ်တိုက်တဲ့နေရာကို ရောက်သွားပြီး လူနာတွေကိုသွားသယ်ပြီး လားရှိုး ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ ပါတယ်။ နွားကားပေါ်မှာပါတဲ့ ခြောက်ယောက်က ဒဏ်ရာတွေရတယ်။ ၂၂ ဘီးတွဲ ကားပေါ်က ယာဉ်မောင်းကတော့ ယာဉ်တိုက်မှုကြောင့် ကားရှေ့ခေါင်းခန်းမှာညှပ်ပြီးသေဆုံးသွားတယ်။ ၂၂ ဘီးကား ယာဉ်မောင်းက လမ်းဘေးချရပ်ပြီး ရှေ့ခန်းမှာ အိပ်နေတာလို့ ပြောတယ်။ ၂၂ဘီးကားပေါ်က ယာဉ်နောက်လိုက်ကတော့ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါဘူး” ဟု လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ စိုင်းဝသုန်က ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ရပ်တန့်ထားသည့် ၂၂ ဘီးတွဲကားပေါ်မှ ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ပြီး နွားတင်ယာဉ်ပေါ်ပါသူ ခြောက်ဦး ဒဏ်ရာရရှိခဲ့ပြီး နွားနှစ်ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK