Top News

ဝန်ကြီးဌာနများက ချေးငွေများကို အကျိုးရှိရှိ ထိထိရောက်ရောက် သုံးစွဲနိုင်ရန်နှင့် ချေးငွေချေးယူပြီး ဆောင်ရွက်သည့် စီမံကိန်းများကို လေ့လာဆန်းစစ်မှုများပြုလုပ်ကာ လုပ်ငန်းစဉ် တိတိကျကျ ချမှတ်ကျင့်သုံးသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ထောက်ပြ
24htopnews | October 9, 2024 5:12 AM CST

ဝန်ကြီးဌာနများက ချေးငွေများကို အကျိုးရှိရှိ ထိထိရောက်ရောက် သုံးစွဲနိုင်ရန်နှင့် ချေးငွေချေးယူပြီး ဆောင်ရွက်သည့် စီမံကိန်းများကို လေ့လာဆန်းစစ်မှုများပြုလုပ်ကာ လုပ်ငန်းစဉ် တိတိကျကျ ချမှတ်ကျင့်သုံးသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြ ဆွေးနွေးသည်။

နေပြည်တော်၌ ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာနှင့် ၎င်းအစီရင်ခံစာအပေါ် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ချေးငှားထားတဲ့ ဝန်ကြီးဌာနတွေကလည်း ချေးငွေတွေကို အကျိုးရှိရှိ ထိထိရောက်ရောက် သုံးစွဲနိုင်ဖို့ ကြိုတင်တွက်ချက် ကြိုတင်ဆောင်ရွက်သင့်ပါတယ်။ အချို့သော ဝန်ကြီးဌာနတွေဆိုရင်လည်း လုပ်ငန်းတွေ၊ စီမံကိန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာ ဆိုင်းငံ့ကာလတွေသာ ကုန်သွားတယ် စီမံကိန်း မစနိုင်တာ၊ မပြီးတာတွေ၊ တစ်ဝက်တပျက်၊ တိုးလို့တန်းလန်းတွေ ရှိနေတာကို တွေ့ရပါတယ်။ အချို့သော ဝန်ကြီးဌာနတွေက လုပ်ငန်းတွေ စီမံကိန်းတွေပြီးပါရဲ့ သဲထဲရေသွန်သလို ဘာအကျိုးအမြတ်မှ ပြန်လည်မရရှိပါဘူး။ ဥပမာ ယခင်အစိုးရလက်ထက်က ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ဖောက်လုပ်ခဲ့သော မကွေးတိုင်းအတွင်း ကြံခင်း-ပခုက္ကူ ရထားလမ်းဟာ ယနေ့အချိန်အထိ ရထားတစ်စင်းမျှမပြေးဘဲ ကုန်ကျငွေ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့ရပါတယ်။ ထို့အတူ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တည်ဆောက်ခဲ့သော ဆည်တမံအချို့နဲ့ လျှပ်စစ်ရေတင်အချို့ဟာ ပြီးသာပြီးတယ် အကျိုးရှိထွန်းမှု မရှိတာတွေလည်း တွေ့ရပါတယ် ဟု ပွင့်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောကြားသည်။

လက်ရှိ အစိုးရသက်တမ်းကာလတွင် ချေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၁ ဒသမ ၄၃၅ ဖြစ်ပြီး ပြန်ဆပ်ရန်ကျန်ငွေ ၉၁ ဒသမ ၄၃၅ ရှိကြောင်း၊ ချေးယူရာတွင် အတိုးနှုန်း သက်သာရန်လိုကြောင်း၊ တရုတ်နိုင်ငံက ချေးငွေများသည် အတိုးနှုန်းမြင့်မားနေသည်ကိုတွေ့ရကြောင်း၊ ထို့ပြင် အတိုင်ပင်ခံခ ပေးရခြင်းများ၊ ပစ္စည်းယူရခြင်းများရှိသည်ကို တွေ့ရကြောင်း၊ ယင်းကိစ္စများ စဉ်းစားခြင်း မရှိဘဲ ချေးမည်ဆိုပါက နစ်သထက်နစ် သွားနိုင်ကြောင်း၊ ချေးထားသည့် ချေးငွေများကို မည်သို့မည်ပုံ ပြန်ဆပ်မည်ဆိုသည်ကို ကြိုတင်အစီအမံများဖြင့် ဆောင်ရွက်ထားသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဒဂုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်ကမူ ချေးငွေချေးယူ၍ ဆောင်ရွက်သည့် စီမံကိန်းများကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ပြီး လုပ်ငန်းစဉ် တိတိကျကျ ချမှတ်ကျင့်သုံးသင့်သည်ဟု ဆွေးနွေးသည်။

နိုင်ငံတော်စီမံကိန်းတွေ ဆောင်ရွက်ဖို့ ချေးငွေရယူခြင်းကို တိုုင်းပြည်ဖွံ့ဖြိုးမှုရလဒ် ဘယ်လောက်ရမလဲ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအကြား ဖွံ့ဖြိုးတိုးတက်ခြင်းကွာဟမှု ဘယ်လောက်နည်းလာနိုင်သလဲ၊ မြန်မာ့ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်နဲ့ ဘယ်လောက်ကိုက်ညီမှုရှိလဲ စသည်ဖြင့် မူဝါဒ အတိအကျချမှတ်သင့်ပါတယ်။ ထို့ပြင် ချေးငွေချေးယူခြင်း ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ချေးငွေချေးယူပြီး ဆောင်ရွက်တဲ့ စီမံကိနး်တိုင်းကို နိုင်ငံနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် တကယ်လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှု ဟုတ် မဟုတ်၊ ဟုတ်ခဲ့ရင်လည်း စီမံကိန်း အကောင်အထည်ဖော်မှု အစီအစဉ် အသေးစိတ်ဦးစွာ ရေးဆွဲပြီးမှ ငွေချေးရန် လို မလို၊ ငွေချေးဖို့လိုခဲ့ရင်လည်း နိုင်ငံခြားချေးငွေယူဖို့ လို မလိုဆိုတဲ့ လေ့လာစမ်းစစ်မှုအဆင့်ဆင့်ပြုလုပ်ဖို့ လုပ်ငန်းစဉ် တိတိကျကျ ချမှတ် ကျင့်သုံးသင့်ပါတယ် ဟု ဒေါ်သက်သက်ခိုင်က ပြောကြားသည်။

ထို့ပြင် ဆုံးရှုံးနိုင်ခြေ အနည်းဆုံးဖြစ်ရန် စီမံခန့်ခွဲရာတွင် Operation Risk ဟုခေါ်သည့် သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံး နိုင်ခြေများ အပါအဝင် အကောင်အထည်ဖော်မှု တစ်လျှောက်တွင် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးနိုင်ခြေများ၊ ထည့်သွင်းတွက်ချက်ထားသည်များကို မတွေ့ရသည့်အပြင် ပြည်တွင်း ပြည်ပ ကြွေးမြီများနှင့် အကောင်အထည်ဖော်သည့် လုပ်ငန်းများကို အများပြည်သူသိအောင် ချပြအစီရင်ခံမှု အားနည်းနေသေးသည်ကို တွေ့ရကြောင်း၊ ဥပမာအားဖြင့် အစိုးရမှ ငွေထုတ်ချေးခြင်းနှင့် ထပ်ဆင့်ငွေထုတ်ချေးခြင်းများဖြစ်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဦးစီးအကောင်အထည်ဖော်သည့် မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဦးစီးအကောင်အထည်ဖော်သည့် စိုက်ပျိုးရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အဆင့်နှစ်ဆင့်ချေးငွေစီမံကိန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူ အကောင်အထည်ဖော်သည့် အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုစီမံကိန်းများ ဖြစ်ကြောင်း၊ ပြည်ပ ချေးငွေ ထုတ်ချေးခြင်း ဆုံးဖြတ်ချက်များအတွက် နိုင်ငံအတွက် အ မှန်တကယ်မလိုအပ်ဘဲ ချေးမည့်အဖွဲ့အစည်းမှ ကမ်းလှမ်းလာခြင်း၊ သက်သာသောချေးငွေ ဖြစ်၍ ချေးလိုက်ခြင်းများ၊ တိုင်းဒေသကြီး ပြည်နယ်များသို့ ထပ်ဆင့်ငွေထုတ်ချေးရာမှာလည်း မူဝါဒအပေါ် အခြေခံဆုံးဖြတ်ခြင်း မျိုးမဟုတ်ဘဲ ငိုတတ်သည့်ကလေး နို့ပိုစို့ရသည့် အခြေအနေမျိုးမဖြစ်ရန် အထူးသတိပြု ဆောင်ရွက်သင့်ကြောင်း ဒေါက်တာသက်သက်ခိုင်က ဆွေးနွေးသည်။

အနာဂတ်ကာလမှာ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေလိုအပ်မှုအခြေအနေကို ခန့်မှန်းဖို့ခက်ခဲပြီး မမျှော်မှန်းနိုင်တဲ့အချိန်မှာ မဖြစ်မနေ လိုအပ်လို့ ပြည်ပကြွေးမြီ ယူခဲ့ပါက Sovereign Risk Premium လို့ခေါ်တဲ့ နိုင်ငံရဲ့ အခြေအနေအရ ဆုံးရှုံးနိုင်ခြေထည့်ပေါင်းလို့ အတိုးစျေးကြီးကြီးနဲ့ မလွှဲမရှောင်သာ ချေးလိုက်ရတာတွေ ပေါ်ပေါက်လာနိုင်တဲ့အတွက် လက်ရှိကောင်းနေတဲ့ ကြွေးမြီ ခံနိုင်ရည်ရှိမှု အခြေအနေကို ဆက်လက်ထိန်းထားပြီး ချေးငွေရယူခြင်းနဲ့ဆိုင်တဲ့ မူဝါဒအတိအကျ ချမှတ်ကျင့်သုံးဖို့နဲ့ အကောင်အထည်ဖော်ခြင်း ဖြစ်မြောက်မှုကို အဓိက စဉ်းစားဖို့လိုအပ်နေပါတယ် ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။      

 

 


READ NEXT
Cancel OK