မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်အတွင် ယမန်နေ့ မွန်းတည့်ချိန်ခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှ ရဲဒုတပ်ကြပ်တစ်ဦး သေနတ်ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ရပ်ကွက်နေပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ (၁၆) လမ်းရှိ ပန်းခြံကျောင်း ဘုန်းကြီးကျောင်းရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းရပ်ကွက်နေပြည်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး "သေနတ်သံတစ်ချက်တော့ကြားလိုက်တယ်။ ခဏကြာတော့ကားတစ်စီက သီရိမြိုင် (၁၈) လမ်းဘက်ကို မောင်းထွက်သွားတာတွေ့လိုက်ကြရတယ်။ နောက်မှ အဲ့ဒီ သီရိမြိုင် (၁၆) လမ်းမှာနေထိုင်တဲ့ ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က စီးပွားရေးတာဝန်ခံဆိုသူနဲ့ ရဲတပ်ဖွဲဝင်တစ်ယောက် စကားများရန်ဖြစ်ပြီးတော့ ကရင်လက်နက်ကိုင်အဖွဲ့က တစ်ယောက်က ပစ္စတိုသေနတ်နဲ့ ပစ်လိုက်တာလို့ သိရတယ်" ဟု ပြောကြားသည်။
အဆိုပါ သီရီမြိုင်ရပ်ကွက် (၁၆) လမ်းတွင် နေထိုင်သည့် ကရင် ထာဝရ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ရေးအဖွဲ့မှ စီးပွားရေးတာဝန်ခံဖြစ်သူ အသက် ၄၀ နှစ်အရွယ် နိုင်မင်းမင်းဇော် ဆိုသူနှင့် မော်လမြိုင်မြို့ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ မှ ရဲဒုတပ်ကြပ် ထက်ဝေအောင် ဆိုသူတို့ စကားများနေစဉ် ယင်း ကရင် ထာဝရ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ရေးအဖွဲ့မှ မောင်မောင်သွင် (ခ) ကျော်ကြီးဆိုသူမှ ရဲဒုတပ်ကြပ် ထက်ဝေအောင်အား ပစ္စတိုဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောကြားသည်။
၎င်းကဆက်လက်ပြီး “ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခံရတဲ့ ရဲဒုတပ်ကြပ် ထက်ဝေအောင်မှာ ဘယ်ဘက်ရင်အုံမှာ ကျည်ဖောက်ဝင် ဒဏ်ရာ တစ်ချက်ရရှိခဲ့ပါတယ်။ ဒဏ်ရာပြင်းထန်ပေမယ့် နှလုံးကိုမထိတော့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရပါတယ်”ဟု ပြောကြားသည်။
ထိုပစ်ခတ်မှုအပြီးတွင် နိုင်မင်းမင်းဇော် တို့နှစ်ဦးမှာ Honda Fit နံ့သာရောင်ဖြင့် သီရီမြိုင်ရပ်ကွက် (၁၈) လမ်းဘက်မှ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ၎င်းကဆိုသည်။
ထို့နောက် အခင်းဖြစ်ရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး နိုင်မင်းမင်းဇော် ဆိုသူပိုင်ဆိုင်သည့် နေအိမ်နှင့် ခြံဝင်းအတွင်း စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ အဆိုပါ နေအိမ်ခြံဝင်းအတွင်းမှ ပစ္စတို ကျည်ခွံ လေးခု၊ ပစ္စတိုကျည် အကောင်းတစ်ခု၊ M 16 ကျည်ခွံ တစ်ခု၊ စုစုပေါင်းကျည် ခြောက်တောင့်တို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
နောက်ဆက်တွဲသတင်းများအရ ရဲဒုတပ်ကြပ် ထက်ဝေအောင် အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ မောင်မောင်သွင် (ခ) ကျော်ကြီးဆိုသူနှင့် ကရင် ထာဝရ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ရေးအဖွဲ့မှ စီးပွားရေးတာဝန်ခံဖြစ်သူ နိုင်မင်းမင်းဇော် ဆိုသူတို့ နှစ်ဦးအား ဖမ်းဆီးရမိထားကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ သိရသည်။
ဘိုဘိုမြင့်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
