Top News

အိန္ဒိယတွင် တစ်နေ့တည်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၇၈၉၄ ဦးအထိ စံချိန်တင်မြင့်တက်
24htopnews | October 9, 2024 6:12 PM CST

လွန်ခဲ့သည့် ၂၄ နာရီအတွင်း အိန္ဒိယ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၇၈၄၉ ဦးအထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း စက်တင်ဘာ ၁၇ ရက်တွင် အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် စုစုပေါင်း ၅.၁၂ သန်းရှိနေသော အိန္ဒိယနိုင်ငံသည် ကူးစက်သူအရေအတွက် စုစုပေါင်း ၆.၆ သန်း ဝန်းကျင်ရှိသည့် အမေရိကန်ပြီးပါက ကမ္ဘာပေါ်တွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အမြင့်ဆုံး ဒုတိယမြောက်နိုင်ငံဖြစ်သည်။

အိန္ဒိယတွင် ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက်သည် အမေရိကန်၊ ဘရာဇီးတွင်ရှိသော သေဆုံးသူအရေအတွက်နှင့်ယှဉ်ပါက များစွာလျော့နည်းနေသော်လည်း နိုင်ငံတွင်း၌ လူသေဆုံးမှုနှုန်း အနည်းငယ်မြင့်တက်လာသည်ကို တွေ့ရသည်။ လွန်ခဲ့သော သီတင်းနှစ်ပတ်အတွင်း အိန္ဒိယ၌ တစ်နေ့လျှင် လူ ၁၀၀၀ ကျော် သေဆုံးခဲ့သည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ကပ်ရောဂါကြောင့် လူ ၁၁၃၂ ဦး သေဆုံးခဲ့ရာ နိုင်ငံတွင်း၌ သေဆုံးသူအရေအတွက်စုစုပေါင်း ၈၃၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ သည်။

လူဦးရေ ၁.၃ ဘီလျံနေထိုင်ရာ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် အမြင့်ဆုံးပမာဏသို့ မကြာသေးမီက ရောက်ရှိခဲ့ခြင်းနှင့်အတူ ရက်ပေါင်း ၁၁ ရက်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်သန်းခန့်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

လက်ရှိတွင် အိန္ဒိယ၌ နေ့စဉ် လူတစ်သန်းနီးပါးကို ရောဂါပိုးစမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်နေသော်လည်း ကျွမ်းကျင်ပညာရှင်များကမူ ထိုကဲ့သို့ ရောဂါပိုးစမ်းသပ်စစ်ဆေးခြင်းသည် လုံလောက်မှုမရှိကြောင်းနှင့် နိုင်ငံတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံထားရသူအရေအတွက်အမှန်သည် တရားဝင်ထုတ်ပြန်ထားသည့် အရေအတွက်ထက် ပိုမိုများပြားနိုင်ဖွယ်ရှိကြောင်း သတိပေးထားကြသည်။

“ပြည်သူတွေက အကြောက်တရားမရှိတော့ဘူး။ သတိနဲ့ နေထိုင်နေရတာကို အတော်စိတ်ကုန်နေကြပါတယ်။ သူတို့ အပြင်ထွက်ချင်ကြတယ်။ စားဝတ်နေရေးအတွက် ချက်ချင်းငွေရှာချင်ကြတယ်” ဟု နယူးဒေလီအခြေစိုက် စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်သော ဂျာယန့်ဆူရာနာက AFP သို့ ပြောကြားခဲ့သည်။

ကမ္ဘာတွင် အတင်းကျပ်ဆုံးသော ပိတ်ဆို့ကန့်သတ်မှုများကို ဆောင်ရွက်ခဲ့သည့် အိန္ဒိယသည် ယိမ်းယိုင်နေသော နိုင်ငံ့စီးပွားရေးကို အထောက်အကူဖြစ်စေရန်အတွက် တင်းကျပ်မှုများကို လျှော့ချပေးခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် တစ်ဟုန်ထိုးမြင့်တက်လာခြင်းက ရောဂါလက္ခဏာပြင်းထန်သူ သောင်းနှင့်ချီအား ကုသရာ၌ လိုအပ်သောအောက်ဆီဂျင်ထောက်ပံ့မှု မလုံမလောက်ဖြစ်နေသည့် ဆေးရုံများကို ဝန်ပိစေခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်မှုမြင့်မားနေသည့် မဟာရက်ရှ်ထရာပြည်နယ်၊ ဂူဂျာရတ်ပြည်နယ်၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တို့တွင်လည်း အောက်ဆီဂျင်လိုအပ်မှု သုံးဆကျော် မြင့်တက်နေကြောင်း ဆရာဝန်များနှင့် အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

 


READ NEXT
Cancel OK