Top News

ကချင်၊ ရှမ်းမြောက်၊ စစ်ကိုင်းနှင့် ရန်ကုန်တို့တွင် HIV ပိုး ကူးစက်မှုအများဆုံးဖြစ်သည့်အတွက် အဓိကထားကိုင်တွယ်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး ပြောကြား
24htopnews | October 10, 2024 9:12 AM CST

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းနှင့် ရန်ကုန်တိုင်းတို့ တွင် HIV ရောဂါကူးစက်မှုအများဆုံးဖြစ်သည့် အတွက် အဓိကထားကိုင်တွယ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့် ထွေးက ပြောကြားသည်။

ဒီဇင်ဘာ ၁ ရက်က ရန်ကုန်မြို့ကျိုက္ကစံ စုပေါင်းအားကစားကွင်းရှိ ပြည်ထောင်စု ခန်းမတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်းအမှတ်တွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဘာဖြစ်လို့ နည်းနည်းဖြစ်နေသေးလဲ လို့  ပြန်လည်သုံးသပ်တဲ့အခါမှာ ကျွန်တော်တို့ ကာကွယ်တဲ့လုပ်ငန်းနေရာတွေကို လက်လှမ်းမမီခြင်း၊ မူးယစ်ဆေးထိုးသူများခြင်း၊ လိင်လုပ်သားများလာခြင်း၊ အမျိုးသားအချင်းချင်းဆက်ဆံမှုများလာခြင်း၊ အကျဉ်းသားတွေများလာခြင်း၊ ရွှေ့ပြောင်းလုပ်သား တွေများလာခြင်းက ကျွန်တော်တို့လုပ်ငန်း ဆောင်ရွက်မှုကို နည်းနည်းလေး အနှောင့်အတားဖြစ်စေတယ်။ ဒါတွေကိုလည်း သိတယ်။ သိတဲ့အတွက် ကိုင်တွယ်နေပါတယ်။ အဲဒီတော့ပြန်ကြည့်တဲ့အခါမှာ မူးယစ်ဆေး ကအဓိကဖြစ်နေတယ်။ မူးယစ်ဆေးအကြော ထဲထိုးပြီး HIV က တော်တော်များပါတယ်။ ၂၀၁၈ မှာ ၂၃၇၀၀၀ ရှိပါတယ်။ မူးယစ်ဆေး။ အဲဒီ ၂၃၇၀၀၀ ကိုကြည့်တဲ့အခါမှာ အများကြီး HIV တွေ့ပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံအနေနဲ့ကတော South East Asia Region Country ၁၀ နိုင်ငံမှာ နံပါတ်လေးလောက်အခြေအနေရှိပါတယ်။ ဒီလေးကနေ ပြီးတော့ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်ကို မကြာခင် အတွင်းမှာ ကျမယ်လို့ လုံးဝယုံကြည်တယ်။ ဘာကြောင့်ယုံကြည်လဲဆိုရင် သက္ကရာဇ်  ၂၀၀၀ ပြည့်နှစ်တုန်းက HIV စဖြစ်တဲ့သူ တစ်နှစ်တစ်နှစ်ကို ၂၉၈၀၀ မှာ ၂၀၁၈ ခုနှစ် မှာ တစ်သောင်းကျော်ကျော်လေးပဲ ရှိတော့တယ်။ ဆိုလိုတာက ကျွန်တော်တို့ရဲ့ HIV ဖြစ်ပွားမှုက ကျဆင်းလာတယ်။ အားမလျှော့ ဘဲ သေချာလုပ်ရင် ထိုးဆင်းသွားမယ်။ ဒါ အရေးကြီးပါတယ်။ ထိုးဆင်းတဲ့နေရာမှာလည်း အဖြစ်များတဲ့အုပ်စုကို အာရုံစိုက်လုပ် သွားမယ်။ အဲဒါဆိုကောင်းသွားမယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာတစ်ပြည်လုံးအဖြစ် မများပါဘူး။ ဘယ်နေရာမှာအဖြစ်များသလဲ ဆို ကချင်၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ ရန်ကုန် အဲဒီလေးခုသည်အဓိကပဲ။ ဒီလေးခုကို အဓိက ထားကိုင်တွယ်မယ်။ သွေးကြောထဲကို ဆေးထိုးတဲ့သူတွေကို ကိုင်တွယ်မယ်ဆိုရင် HIV ရောဂါ ချက်ချင်းတော်တော်များများကျဆင်းသွားမယ်လို့လုံးဝယုံကြည်ပါတယ်” ဟု ဒေါက် တာမြင့်ထွေးက ပြောကြားသည်။

HIV ပိုးကူးစက်ခံရမှုသည် တစ်နိုင်ငံလုံး တစ်ပြေးညီဖြစ်ပွားနေခြင်း မဟုတ်ဘဲ HIV ပိုးကူးစက်ရန် အန္တရာယ်များသော ဦးတည်အုပ်စုများ (Key affected populations)  ဖြစ်သည့် မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူများ၊ အမျိုးသမီးလိင်လုပ်သားများနှင့် အမျိုးသားချင်း လိင်ဆက်ဆံမှုများတွင်အဖြစ်များကာ နေရာဒေသအားဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင်ဖြစ်ပွားမှုနှုန်း အမြင့် မားဆုံးဖြစ်ကြောင်း  ကူးစက်ဖြစ်ပွားမှုအခြေအနေကို စောင့်ကြပ်ကြည့်ရှုခြင်း စစ်တမ်းများအရ တွေ့ရှိရကြောင်း သိရသည်။

၂၀၁၁ ခုနှစ်တွင် HIV ပိုးရှိသူ ၂၃၀၀၀၀ ကျော်ရှိသည့်အနက် လူနာ ၄၀၀၀၀ ခန့် ကို သာ ဘဝတစ်သက်တာသောက်ရမည့် (Life-Long ART) ဖြင့်ကုသမှုပေးနိုင်ခဲ့ရာမှ၂၀၁၇ ခုနှစ် ဇွန်လကုန်အထိရရှိထားသော စာရင်း ဇယားများအရလူနာပေါင်း ၁၃၅၀၀၀ ကျော် အထိ ကုသမှုများ ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ၂၀၁၈ ခုနှစ် ခန့်မှန်းတွက်ချက်မှုများ အရ HIV ဖြစ်ပွားမှုနှုန်းသည် တစ်နိုင်ငံလုံး တွင် ၂၃၇၀၀၀ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ဆိုလျှ င် နိုင်ငံလူဦးရေ၏ သုည ဒသမ ၅၇ ရာခိုင်နှုန်းရှိကြောင်း၊ လွန်ခဲ့သည့် ငါးနှစ်နှင့် နှိုင်းယှဉ်လျှင် HIV ပိုးကူးစက်ခံရနှုန်းသည် လက်ရှိတွင် ၂၆ ရာခိုင်နှုန်းအထိ ကျဆင်းလာ ကြောင်းနှင့် HIV နှင့် နှီးနွှယ်သော ရောဂါ များကြောင့် သေဆုံးမှုနှုန်းသည်လည်း ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနစာရင်းများ အရ သိရသည်။


READ NEXT
Cancel OK