Top News

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ရပ်တည်မှုနှင့် ICJ တွင် အမှုရင်ဆိုင်မည့်ကိစ္စရပ်အား အကောင်းမြင်ကြောင်း SSPP/SSA သဘောထား ထုတ်ပြန်
24htopnews | October 10, 2024 9:12 AM CST

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ရပ်တည်မှုနှင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် သွားရောက်အမှုရင်ဆိုင်မည့် ကိစ္စရပ်အား အကောင်းမြင်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) က ဒီဇင်ဘာ ၁ ရက်တွင်ကြေညာချက် ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ပဋိပက္ခများနှင့်ပတ်သက်၍ လူမျိုးတုံးသတ်ဖြတ် သည်ဟူသော စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် အမှုဖွင့်ထားပြီး အဆိုပါ အမှုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်၍ သွားရောက်ဖြေရှင်းမည်ဖြစ်ကာ ထိုသို့ဖြေရှင်းမည့်ကိစ္စနှင့်ပတ်သက်၍ SSPP/SSA အဖွဲ့က ထိုသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တိကျမှန်ကန်သော အချက်အလက် အပြည့်အစုံဖြင့် ဆုပ်ကိုင်ဖြေရှင်းနိုင်ရန်အတွက် ပြည်တွင်း၌ ပကတိဖြစ်ပျက် တည်ရှိနေသော အခိုင်အမာ အချက်အလက်များကို ဘက် ပေါင်းစုံမှ လေ့လာသုံးသပ် ယူဆောင်သွားသင့်ကြောင်း SSPP/SSA အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲဆိုထားမှုအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်၍ သွားရောက်ရင် ဆိုင်ချေပမည့် အပြုအမူကို လုံးဝထောက်ခံ ကြောင်းလည်း နိုဝင်ဘာ ၃၀ ရက်တွင် ရှမ်း ပြည်နယ် (အရှေ့ပိုင်း)၊ အထူးဒေသ (၄)၊ မိုင်းလားအဖွဲ့က ထုတ်ပြန်ထားသည်။

ဂမ်ဘီယာနိုင်ငံက မိမိတို့ မြန်မာနိုင်ငံ အား တရားစွဲဆိုထားသည့်သတင်းကို မီဒီယာများမှတစ်ဆင့် သိရှိရကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ အထူးဒေသ (၄) နှင့် တစ် စုံတစ်ရာပတ်သက်နေသည့် ကိစ္စတစ်ရပ် အနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားလှယ် အဖွဲ့အား ကိုယ်တိုင်ဦးဆောင်ပြီး သွား ရောက်ရင်ဆိုင်ချေပမည့် အပြုအမူကို လုံးဝ ထောက်ခံကြောင်း မိုင်းလားအဖွဲ့က ကြေညာချက်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံ အား အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုထားမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရ၏ သဘောထား ရပ်တည်ချက်ကိုထောက်ခံကြောင်း “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ/ “၀” လက်နက်ကိုင် အဖွဲ့ (UWSP/UWSA) ကလည်း နိုဝင်ဘာ ၂၇ ရက် ရက်စွဲဖြင့် နိုဝင်ဘာ ၃၀ ရက်တွင် သဘောထား ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ICJ တွင် တုန့်ပြန်ဆောင်ရွက်သွားမည့်ကိစ္စသည် ပြည်ထောင်စု၏ ဂုဏ်သိက္ခာကို ကာကွယ်စောင့်ထိန်းမည့် လုပ်ဆောင်ချက်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ နယ်သာလန်နိုင်ငံ The Hague မြို့သို့ သွားရောက်ချေပ ပြောဆိုတုန့်ပြန်မှုဖြင့် ပြည် ထောင်စု၏ ဂုဏ်သိက္ခာကို ကာကွယ်စောင့် ထိန်းနိုင်မည့် လုပ်ဆောင်ချက်အား လေးစား စွာ ဂုဏ်ယူကြောင်း UWSP/UWSA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ရခိုင်ပြည်နယ်၏ အခြေအနေသည် ရှုပ်ထွေးပြီး သမိုင်းကြောင့် ချန်လှပ်ခဲ့သော ပြဿနာမှာ နှစ်ပေါင်း ၂၀၀ နီးပါး ကြာမြင့် ခဲ့ပြီဖြစ်ကာ နယ်မြေရောယှက်ခြင်း၊ ဘာသာရေး၊ လူမျိုးရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စစ် ရေး၊ စီးပွားရေး စသည့် ရှုပ်ထွေးသော ပဋိ ပက္ခများကို မည့်သည့်ဘက်လိုက်မှုမျိုးမဆို (သို့မဟုတ်) မသင့်လျော်သော နိုင်ငံတကာ စွက်ဖက်မှုသည် ရခိုင်ပြည်နယ်၏ အခြေ အနေအား မတည်မငြိမ်ဖြစ်မှုနှင့် ရှုပ်ထွေးမှု များ ပိုမိုဖြစ်စေနိုင်ကြောင်း UWSP/UWSA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

UWSP/UWSA အနေဖြင့် မြန်မာ နိုင်ငံ၏ပဋိပက္ခကို တရားမျှတမှုမရှိသော မည်သည့် ဖြေရှင်းဆောင်ရွက်ချက်မဆို ကန့် ကွက်ကြောင်း UWSP/UWSA က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

သို့သော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီလူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) တွင်လည်းကောင်း၊ အာဂျင်တီးနားတရားရုံးတွင်လည်းကောင်း အမှုဖွင့်ထားပြီး ကျူးလွန်ခဲ့သော တပ်မတော်ကို အရေးယူရန် စတင်ကြိုးပမ်းနေသည်ကို အပြည့်အဝထောက်ခံကြောင်း နိုဝင်ဘာ ၂၈ ရက်တွင် TNLA ၊ MNDAA နှင့် AA တို့က ကြေညာချက် ထုတ်ပြန်ထားသည်။

“၀”  အဖွဲ့ (UWSA) ၊ မိုင်းလားအဖွဲ့ (NDAA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ တအာင်းအဖွဲ့ (TNLA) ၊ ကိုးကန့် အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) တို့ သည် “၀” အဖွဲ့ ဦးဆောင်သည့် ပြည်ထောင် စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများဖြစ်ကြပြီး အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များသည် NCA စာချုပ်တွင် လက်မှတ်မရေး ထိုးသေးသော အဖွဲ့အစည်းများဖြစ်ကြသည်။


READ NEXT
Cancel OK