Top News

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်တွင် National Cancer Institute and Research Center ဖွင့်လှစ်ရန် ကျန်းမာရေးဝန်ကြီးဌာန စီစဉ်နေ
24htopnews | October 10, 2024 9:12 AM CST

ကင်ဆာရောဂါလူနာများ ကုသမှုနှင့် ကုသမှုပေးပြီး ကင်ဆာရောဂါသုတေသန လုပ်ငန်းများကိုပါ ပိုမိုထိရောက်ကောင်းမွန်စွာဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်တွင် National Cancer Institute and Research Center  ကို ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

ပြည်သူ့ဆေးရုံကြီးများတွင် ကင်ဆာရောဂါကြောင့် ဆေးရုံတက်ရောက်ကုသသူ ပေါင်းမှာ အတွင်းလူနာစုစုပေါင်း၏ နှစ်ရာခိုင်နှုန်းကျော်ရှိကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သုံးနှစ်တာအတွင်း ပြောင်းလဲတိုးတက်မှုအခြေအနေမှတ်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

ကင်ဆာရောဂါကြောင့် ဆေးရုံတက် ရောက်ကုသသူပေါင်းမှာ အတွင်းလူနာစုစုပေါင်း၏ ၂ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးများတွင် ရင်သားကင်ဆာ ၁၉ ရာခိုင်နှုန်း၊ သားအိမ်ခေါင်းကင်ဆာ ၁၂ ဒသမ ၈ ရာခိုင်နှုန်းတို့ဖြင့် အများဆုံးဖြစ်ပွားသည်ကို တွေ့ရှိရပြီး အဆုတ်ကင်ဆာဖြစ်ပွားမှုမှာ ၉ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်းနှင့် အမျိုးသားများတွင် အဆုတ်ကင်ဆာဖြစ်ပွားမှုမှာ ၁၅ ဒသမ ၇ ရာခိုင်နှုန်းဖြင့် ပထမအများဆုံးဖြစ်ပြီး အသည်းကင်ဆာ ၁၄ ဒသမ ၈ ရာခိုင် နှုန်းနှင့် အစာအိမ်ကင်ဆာများ ၁၀ ဒသမ ၃ ရာခိုင်နှုန်းတို့ဖြင့် အများဆုံးဖြစ်ပွားနေကြောင်း ယင်းမှတ်တမ်း၌ ဖော်ပြထားသည်။

ကင်ဆာရောဂါကြောင့် သေဆုံးမှုများတွင် အမျိုးသားများ၌ အသည်းကင်ဆာကြောင့်   ၂၈ ဒသမ ၃ ရာခိုင်နှုန်းဖြင့် သေဆုံးမှု အများဆုံးဖြစ်ပြီး အမျိုးသမီးများ၌ အဆုတ်ကင်ဆာကြောင့် ၁၈ ဒသမ ၉ ရာခိုင် နှုန်းဖြင့် သေဆုံးမှုအများဆုံးရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။ ဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် ကင်ဆာရောဂါ ဓာတ်ရောင်ခြည် ကုသမှုပညာရှင်များအတွက် အမျိုးသားအဆင့် သင်ကြားလေ့ကျင့်မှုဌာနကြီးကို တည်ထောင်သွားရန်   စီစဉ်လျက်ရှိသည်။

အဆိုပါဌာနကြီးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် Varian Medical Systems တို့အကြား ပူးပေါင်းဆောင်ရွက်မှု စာချုပ်ချုပ်ဆိုပြီးဖြစ်ကြောင်း၊ အဆိုပါ ဌာနကြီး၌ ကနဦးအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ Mediacal Physicists ပညာရှင်များအား သင်ကြားလေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်ပြီး နောင်အခါ အခြားကင်ဆာရောဂါ ဓာတ်ရောင်ခြည်ကုသမှုပညာရှင်များကိုပါ သင်ကြားလေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၂၄ ရက်က ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် Varian Medical Systems မှ Southeast Asia and Korea ၏ Managing Director ၊ Government Affairs and Market Development  ၏ Senior Director ပါဝင်သောအဖွဲ့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ယင်းကဲ့သို့ တွေ့ဆုံမှုတွင် ပြည်ထောင်စုဝန်ကြီးက ကင်ဆာရောဂါဝေဒနာ ခံစားနေရသော လူနာများအနေဖြင့်  ပိုမိုအရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများ နှင့် ကုသမှုများကို သက်သောင့်သက်သာရှိစွာ ဖြင့် ခံယူရရှိနိုင်ရန် ဆောင်ရွက်ခြင်းမှာ ဆေးပညာကျင့်ဝတ်များနှင့်အညီ ဖြစ်ကြောင်း၊ ပြည်သူများ၏ ကင်ဆာရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာများ ကြွယ်ဝလာခြင်းဖြင့် ရောဂါ၏ ကနဦးလက္ခဏာများကို သိရှိကာ စောစီးစွာ စစ်ဆေး၍ ကုသမှုခံယူနိုင်မည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် အခြေခံ ကျန်းမာရေး ဝန်ထမ်းပညာရှင်များထံသို့ ကျန်းမာရေး အထောက်အကူပြု Mobile Tablet များဖြန့်ဝေလျက်ရှိပြီး ကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း စသည်တို့ကို ပြောကြားသည်။

ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း ကင်ဆာရောဂါအသစ် (လူနာသစ်) ဖြစ်ပွားသူ  ခုနစ်သောင်းနီးပါးရှိပြီး တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် ကင်ဆာရောဂါဖြစ်ပွား မှု မည်မျှရှိသည်ကို အတိအကျပြောနိုင်ရန် လူဦးရေအခြေပြု ကင်ဆာရောဂါဖြစ်ပွားမှု မှတ်ပုံတင်ခြင်းကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီး ပြည်သူ့ဆေးရုံကြီးများတွင် လုပ် ဆောင်လျက်ရှိကြောင်းသိရသည်။

WHO Global Health Estimates တွင် ဖော်ပြချက်အရ မကူးစက်နိုင်သောရောဂါများအနက် မြန်မာအမျိုးသားများတွင် သေဆုံးမှုနှုန်းအများဆုံးရောဂါမှာ နှလုံးသွေးကြောကျဉ်းရောဂါ ၃၉ ရာခိုင်နှုန်း၊ ကင်ဆာရောဂါ၂၁ ရာခိုင်နှုန်း၊ အခြားနာတာရှည်   ရောဂါများ၂၄ ရာခိုင်နှုန်း၊  နာတာရှည်အဆုတ် နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ၁၂ ရာခိုင်နှုန်း၊ ဆီးချိုသွေးချိုလေးရာခိုင် နှုန်းခန့်ရှိပြီး အ မျိုးသမီးများတွင် နှလုံး သွေးကြောကျဉ်းရောဂါမှာ ၄၅ ရာခိုင်နှုန်း၊ ကင် ဆာ၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ၁ရရာခိုင်နှုန်းစီ၊ အခြား နာတာရှည်ရောဂါများ ၁၄ ရာခိုင်နှုန်း၊ ဆီးချိုသွေးချို ခုနစ်ရာခိုင်နှုန်းခန့်အထိ ရှိကြောင်းသိရသည်။

 


READ NEXT
Cancel OK