Top News

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို မန္တလေး Off-Take Station မှ တစ်ရက်လျှင် ကုဗပေ ၂၈ သန်း၊ တောင်သာမှ ကုဗပေ ၇၂ သန်းဖြင့် စုစုပေါင်းကုဗပေ သန်း ၁၀၀ ခန့်ရယူ၍ ဓာတ်ငွေ့ဖြန့်ဖြူးပေးလျက်ရှိ
24htopnews | October 10, 2024 9:12 AM CST

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို တစ်နေ့လျှင် မန္တလေး Off-Take Station (တောမ) မှ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသို့ သဘာဝ ဓာတ်ငွေ့ကုဗပေ ၂၈ သန်းခန့်နှင့် တောင်သာ Off-Take Statiion မှ သဘာဝဓာတ်ငွေ့ကုဗပေ ၇၂ သန်းခန့် စုစုပေါင်းကုဗပေ သန်း ၁၀၀ ခန့်အား မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၏ ဘဲလင်းသဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်းနှင့် မြင်းခြံသဘာဝဓာတ် ငွေ့ထိန်းဖြန့်စခန်းတို့မှတစ်ဆင့် ရယူ၍ ပြည်တွင်းရှိ ကျောက်ဆည်မှန်စက်ရုံ၊ ဘဲလင်းမြို့ ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ မြင်းခြံမြို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ သဘာဝ ဓာတ်ငွေ့များ ပုံမှန်ဖြန့်ဖြူးပေးနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ တရုတ်နိုင်ငံသို့ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြင့် တစ်ရက်လျှင် ပျမ်းမျှ သဘာဝဓာတ်ငွေ့ကုဗပေသန်း ၄၀၀ ခန့်နှင့် ရခိုင်ပြည်နယ် မဒဲကျွန်းမှ ပျမ်းမျှရေနံစိမ်း တန်ချိန် ၁၆၀၀၀ ခန့် နေ့စဉ်ပို့လွှတ်ပေးလျက် ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မှ သိရသည်။

ပြည်တွင်းသုံးစွဲမှုအနေဖြင့်မူ နေ့စဉ်သဘာဝဓာတ်ငွေ့ကုဗပေသန်း ၁၀၀ ခန့် ရယူ သုံးစွဲလျက်ရှိကြောင်း သိရသည်။

မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ် ငွေ့ပိုက်လိုင်းစီမံကိန်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရမ်းဗြဲကျွန်းမှစတင်၍ လည်းကောင်း၊ ရေနံစိမ်းပိုက်လိုင်းသည် မဒဲ ကျွန်းမှစတင်၍လည်းကောင်း သွယ်တန်း ထားသည်။

ပိုက်လိုင်းများသည် မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ရွှေလီမြို့မှ တစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ အသီးသီး ဝင်ရောက်သွယ်တန်းထားသည်။ ရေနံစိမ်းပိုက်လိုင်းသည် စုစုပေါင်း ၇၇၁ ကီလိုမီတာ ရှည်လျားပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာမူ စုစုပေါင်း ၇၉၃ ကီလိုမီတာ ရှည်လျားသည်။

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ် ငွေ့ပိုက်လိုင်းသည် ကီလိုမီတာ ၁၄၂၀ ဝန်း ကျင်ရှည်လျားပြီး ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ယင်းပိုက်လိုင်းမှတစ်ဆင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုများ စတင်ပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ် တွင် ရေနံစိမ်းတင်ပို့မှုများ စတင်ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စတင်ဖွင့်လှစ်သည့်အချိန်မှစ၍ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ သို့ ရေနံစိမ်းတန်ချိန် ၁၉ သန်းနှင့် သဘာဝ ဓာတ်ငွေ့တန်ချိန် ၁၃ ဒသမ ၄၄ သန်း တင်ပို့ခဲ့ပြီးဖြစ်သည်။

မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို  SEAGP ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ပြီး ရေနံစိမ်းပိုက်လိုင်းကိုမူ SEAOP ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၃ ဒသမ ၈၈၅ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၇၁ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အစိုးရသက်တမ်း တတိယတစ်နှစ်တာ အတွင်း မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်းအနေဖြင့် ကုန်းတွင်းနှင့် ကမ်းလွန်ရှိ တွင်းပေါင်း ၈၆ ခုမှ စုစုပေါင်းရေနံစိမ်းစည် ၃ ဒသမ ၃၂ သန်းနှင့် သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၆၂၃,၀၀၀ ကျော်အထိ ထုတ်လုပ်နိုင်ခဲ့ ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏  တတိယ တစ်နှစ်တာကာကလအတွင်း  ဆောင်ရွက်ခဲ့မှုများတွင် မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်းက ကုန်းတွင်းပိုင်းတွင် ရှာဖွေရေး နှင့် ဖွံ့ဖြိုးရေးတွင်း ၂၃ တွင်းနှင့် ပူးပေါင်းကုမ္ပဏီများက ၁၇ တွင်း စုစုပေါင်းတွင်း ၄၀ တူး ဖော်ခဲ့ပြီး ရေနံစိမ်းစည် ၂ ဒသမ ၃၁ သန်းနှင့် သဘာဝဓာတ်ငွေ့ ၁၉,၀၁၉ ကုဗပေသန်း ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံတကာကုမ္ပဏီများမှ ကမ်းလွန်အပိုင်းတွင် ၄၆ တွင်း တူးဖော်ခဲ့ပြီး ရေနံ (လေဆီ) စည် ၁ ဒသမ ၀၂ သန်းနှင့် သဘာဝ ဓာတ်ငွေ့ ကုဗပေ ၆၀၄၈၁၈ သန်း ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။        

       

 

 


READ NEXT
Cancel OK