Top News

ဂွါဒီယိုလာနှင့် ရင်းနှီးသည့် မန်စီးတီးအားကစားဒါရိုက်တာ ဘီဂီရီစတိန်း ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဟု သတင်းထွက်ပေါ်နေ
24htopnews | October 10, 2024 5:12 PM CST

 

မန်စီးတီးနည်းပြ ဂွါဒီယိုလာနှင့် အလွန်ရင်းနှီးသည့် ဆက်ဆံရေးရှိသော မန်စီးတီးအသင်း၏အားကစားဒါရိုက်တာဖြစ်သူ ဘီဂီရီစတိန်းသည် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်းသိရသည်။ 

ဘီဂီရီစတိန်းသည် ၂၀၁၆ ခုနှစ်တွင် လက်ရှိနည်းပြ ဂွါဒီယိုလာအား အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့သူဖြစ်ပြီး ဂွါဒီယိုလာနှင့်အတူ မန်စီးတီး အသင်းကို ပရီးမီးယားလိဂ်တွင် လွှမ်းမိုးအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။ 

ပြီးခဲ့သည့် သြဂုတ်က အသက် (၆၀)ပြည့်ခဲ့သည့် ဘီဂီရီစတိန်းသည် ၂၀၁၂ ခုနှစ်တွင် မန်စီးတီးအသင်း၏ အားကစားဒါရိုက်တာအဖြစ် ခန့်အပ်ခံရပြီးနောက် အောင်မြင်သည့်ကစားသမားအပြောင်းအရွှေ့များစွာကို လုပ်ဆောင်ပေးခဲ့သူဖြစ်သည်။ မန်စီးတီး အသင်းသည် ဘီဂီရီစတိန်း၏နေရာတွင် ဂျီရိုနာအားကစားဒါရိုက်တာ ကီကေးကာဆယ်လ်အား အစားထိုးခန့်အပ်မည်ဟု Daily Mail က ဖော်ပြခဲ့သည်။ 

ယခုရာသီကုန်တွင် မန်စီးတီး အသင်းမှ အားကစားဒါရိုက်တာ ဘီဂီရီစတိန်း ထွက်ခွာမည့်ကိစ္စမှာ နည်းပြ ဂွါဒီယိုလာနှင့် မသက်ဆိုင်သော်လည်း အချိန်ကိုက်ပေါ်ပေါက်လာသည့်အတွက် မန်စီးတီးပရိသတ်များအကြား စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။ 

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ယခုရာသီကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းနှင့် ရင်းနှီးသည့် ဘီဂီရီစတိန်း ထွက်ခွာခြင်းကြောင့် ဂွါဒီယိုလာအနေဖြင့် အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု သုံးသပ်မှုများ ရှိနေသည်။ 


READ NEXT
Cancel OK