Top News

အာဆင်နယ်နောက်ခံလူ ဂါဘရီယဲလ်၏ဦးခေါင်းကို ဘောလုံးဖြင့် ပစ်ပေါက်ခဲ့ခြင်းအတွက် နောင်တမရဟု မန်စီးတီးတိုက်စစ်မှူး ဟာလန်း ဆို
24htopnews | October 10, 2024 6:12 PM CST

မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ပြီးခဲ့သည့်လက ကစားခဲ့သည့် အာဆင်နယ်အသင်းနှင့်(၂-၂)ဂိုးဖြင့် သရေကျခဲ့သည့်ပွဲတွင် အာဆင်နယ်နောက်ခံကစားသမား ဂါဘရီယဲလ်၏ဦးခေါင်းကို ဘောလုံးဖြင့်ပစ်ပေါက်ခဲ့ခြင်းအတွက် နောင်တမရကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

စက်တင်ဘာ (၂၁) ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် (၅) ၌ မန်စီးတီးအသင်းသည် အိမ်ကွင်းတွင် ကစားရသော်လည်း ဒုတိယပိုင်း၌ တစ်ယောက်အထုတ်ခံရထားသည့် အာဆင်နယ်အသင်းကို ပွဲချိန် (၉၀) ပြည့်ပြီး နာကျင်အချိန်ပိုအထိ (၁-၂) ဂိုးဖြင့် ရှုံးနိမ့်နေခဲ့သည်။

နာကျင်အချိန်ပို (၈) မိနစ်တွင်မှ မန်စီးတီးနောက်ခံကစားသမား ဂျွန်စတုန်းစ်က ချေပဂိုးသွင်းယူခဲ့ပြီး မန်စီးတီးကစားသမားများအကြီးအကျယ်အောင်ပွဲခံခြင်း ဖြစ်သည်။

ယင်းသို့ အောင်ပွဲခံရာတွင် မန်စီးတီးတိုက်စစ်မှူး ဟာလန်းသည် အာဆင်နယ်ဂိုးပေါက်ထဲမှ ဘောလုံးကို ကောက်ယူကာ အာဆင်နယ်နောက်ခံကစားသမား ဂါဘရီယဲလ်၏ဦးခေါင်းကို ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ဟာလန်း၏အဆိုပါလုပ်ရပ်မှာ တမင်တကာ လုပ်ခြင်းဟုတ်၊ မဟုတ် မသေချာသော်လည်း ယင်းပွဲအပြီးတွင် ဂါဘရီယဲလ်နှင့် ဟာလန်းတို့ အချင်းများခဲ့သလို နှစ်ဖက်အသင်းကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များလည်း အချေအတင်ဖြစ်ခဲ့ကြသည်။

ယခုအခါ ဟာလန်းက ဂါဘရီယဲလ်၏ဦးခေါင်းကို ဘောလုံးနှင့်ပစ်ပေါက်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ် ၎င်း၏ခံစားချက်ကို ဖွင့်ပြောခဲ့ပြီး ယင်းလုပ်ရပ်အတွက် အာဆင်နယ်နောက်ခံကစားသမား ဂါဘရီယဲလ်အား တောင်းပန်ရန် ငြင်းဆန်ခဲ့သည်။

ဂျွန်စတုန်းစ် ဂိုးသွင်းပြီးနောက် အောင်ပွဲခံရာတွင် အာဆင်နယ်နောက်ခံကစားသမား ဂါဘရီယဲလ်၏ဦးခေါင်းကို ဘောလုံးဖြင့် ပစ်ပေါက်ခဲ့ခြင်းအတွက် နောင်တရမလားဟု မေးမြန်းခဲ့ရာ ဟာလန်းက နောင်တမရကြောင်း ပြန်ဖြေခဲ့သည်။

ဟာလန်းက ''ကျွန်တော့်ဘဝမှာ နောင်တရတယ်လို့ သိပ်မရှိပါဘူး။ ပွဲကစားနေစဉ်အတွင်းမှာ သွေးပူနေတုန်းမှာ ဖြစ်ရပ်တွေအများကြီး ပေါ်ပေါက်နိုင်ပါတယ်။ ကွင်းအတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေက ကွင်းအတွင်းမှာပဲ ကျန်ရစ်ခဲ့တာပါ။ ဒါပါပဲ''ဟု ပြောကြားခဲ့သည်။

ဟာလန်း၏အဆိုပါလုပ်ရပ်အတွက် ပရီးမီးယားလိဂ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကလည်း အရေးယူခဲ့ခြင်း မရှိပေ။

သို့ သော် ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူဂန္ထဝင် ရွိုင်ကင်းကမူ ဟာလန်း၏လုပ်ရပ်ကို ဝေဖန်ခဲ့သည်။

ရွိုင်ကင်းက ''ဟာလန်းအနေနဲ့ အဲဒီလို လုပ်ဖို့မလိုပါဘူး။ တစ်စုံတစ်ယောက်ရဲ့ ဦးခေါင်းကို နောက်ကနေ ဘောလုံးနဲ့ပစ်ပေါက်တယ်ဆိုတာ ကောင်းတဲ့အလုပ် မဟုတ်ပါဘူး။ ပြဿနာတွေ ရှိနေတယ်ဆိုရင်တောင် ဒီလိုမျိုးတော့ မလုပ်သင့်ပါဘူး''ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK