Top News

မြန်မာသံရုံး အကောင့်တုများအသုံးပြု၍ လိမ်လည်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟုဆို
24htopnews | October 10, 2024 7:12 PM CST

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးပုံစံ Facebook page အတုအသုံးပြုပြီး လိမ်လည်သူများရှိနေသဖြင့် ၎င်းတို့အား ဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်ကာ အရေးယူဆောင်ရွက်မည်ဟု မြန်မာသံရုံး ( ကွာလာလမ်ပူ )က အသိပေးထုတ်ပြန်ထားသည်။

မြန်မာသံရုံး(ကွာလာလမ်ပူ)အနေဖြင့် သံရုံး၏ Facebook Page “Myanmar Embassy in Kuala Lumpur, Malaysia” နှင့် Website တို့တွင် မြန်မာနိုင်ငံသားများ သိရှိစေရန် ကိစ္စရပ်များကို ဖော်ပြပေးလျက်ရှိသည်ဟု ဆိုသည်။

သို့သော် မြန်မာနိုင်ငံသားများကို လိမ်လည်လှည့်ဖျားနေသူများသည် Facebook နှင့် Tik Tok များတွင် မြန်မာသံရုံးအမည်ဖြင့် ဖွင့်လှစ်ထားသော အကောင့်အတုကို အသုံးပြု၍ နိုင်ငံကူးလက်မှတ်ကိစ္စရပ်များ ဆောင်ရွက်ပေးသည်ဟုဆိုကာ မမှန်ကန်သည့် ရေးသားပြောဆိုချက်များ ဖြန့်ဝေနေသည်ကို စိစစ်တွေ့ရှိရသည်ဟု ဆိုသည်။

ထို့ကြောင့် အဆိုပါ လူမှုကွန်ရက်စာမျက်နှာများသည် ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးနှင့် လုံးဝ (လုံးဝ) သက်ဆိုင်ခြင်း မရှိကြောင်း၊ ၎င်းတို့နှင့်ပတ်သက်သည့် ကိစ္စအဝဝအား မြန်မာသံရုံးမှ တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ် (မဟုတ်) ကြောင်းနှင့် မြန်မာနိုင်ငံသားများအား လိမ်လည်နေသူများ၊ Facebook/ Tik Tok အကောင့်ပိုင်ရှင်များကို ဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

မြန်မာနိုင်ငံသားများအနေဖြင့်လည်း မိမိတို့တင်ထားသည့် QR Code ရက်ချိန်းများကို www.mekl.org ရှိ “ရက်ချိန်းအခြေအနေစုံစမ်းရန်” နေရာတွင် ဝင်ရောက်စစ်ဆေးကြပါရန်နှင့် ကောင်စစ် ဝန်ဆောင်မှုကိစ္စရပ်များနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက မြန်မာသံရုံး၏ WhatsApp No. +6011 2510 5774 သို့ စာဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးထားသည်။


READ NEXT
Cancel OK